အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲ မရှိသေး

E-mail Print
မစ္စတာ ဂျွန် ဝီလျံ ယက်ထော ပြန်လည် လွတ်မြောက် လာခြင်းကို ကြိုဆိုသော်လည်း ထို ဖြစ်ရပ်ကြောင့် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြန်လည် သုံးသပ်နေမှုအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ဟု အမေရိကန် အစိုးရက ပြောလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ အဓိပ္ပာယ် ရှိတဲ့ ဆွေးနွေးမှု အစပြုဖို့ မြန်မာ အစိုးရက ပြင်ဆင်နေပြီ ဆိုတဲ့ အရိပ် အယောင်တွေကို ကျနော်တို့ ဆက်ပြီး စောင့်မျှော်နေပါတယ်”  ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန်တဦး ဖြစ်သူ P.J. Crowley က သတင်းထောက်များကို ပြောသည်။

“မြန်မာပြည်တွင် ထိန်းသိမ်းခံနေရသော အမေရိကန် နိုင်ငံသား ဂျွန်ယက်ထော လွတ်မြောက်လာရေး အတွက် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ် စီစဉ်နိုင်ခဲ့သည့်အတွက် သမ္မတက ဝမ်းမြောက်ပါသည်။ မြန်မာ အစိုးရက ထိုသို့ ဆုံးဖြတ်ခြင်းကိုလည်း သမ္မတက ကျေနပ် အားရပါသည်” ဟု သမ္မတ အိမ်ဖြူတော်ကလည်း သတင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် အပတ်က အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ် နှင့် မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံအပြီးတွင် ဂျွန်ယက်ထော လွတ်မြောက်လာခြင်း ဖြစ်သည်။

“မစ္စတာ ဂျင်မ် ဝက်ဘ်သည် မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံသည့် အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံနိုင်ခဲ့သည်။ နှစ်ပေါင်း များစွာ အတွင်း အမေရိကန် အရာရှိတဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး အကြိမ် တွေ့ခွင့်ရခဲ့ခြင်း ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဤသို့သော အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နေအိမ်အကျယ်ချုပ် ချထားသည့်၊ ထောင်ချထားသည့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် မြန်မာ ခေါင်းဆောင်များကို တိုက်တွန်းလိုက်သည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

တနင်္ဂနွေနေ့တွင် အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို တယ်လီဖုန်းဖြင့် အစီရင်ခံခဲ့ပြီး ၎င်းတို့ နှစ်ဦး မကြာမီ တွေ့ဆုံ ဆွေးနွေးကြမည်ဟု သိရသည်။

“မြန်မာပြည်က ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ် ဆိုတော့ ဒီတွေ့ဆုံမှုတွေအပေါ် သူ့ အမြင်တွေ ရဖို့အတွက် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်နဲ့ သေသေချာချာ တွေ့ပြီး ဆွေးနွေးမှာပဲလို့ ကျနော် ထင်ပါတယ်။ ဒီလို ဆွေးနွေးခြင်းအားဖြင့် မြန်မာပြည်နဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ အနာဂတ် မူဝါဒကို ချမှတ်တဲ့အခါ လက်တွေ့ကျ၊ သင့်လျော်မှာ ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ P.J. Crowley က ပြောသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ၂၁ဝဝ ထက် မကသော နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ထိန်းသိမ်း ခံနေရခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်မိသည်ဟု မစ္စတာ Crowley က ဆိုသည်။

မြန်မာပြည်တွင် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များ အားလုံး ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးပွဲတခု လိုအပ်နေကြောင်း၊ စစ်မှန်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ဒီမိုကရေစီ စနစ်သို့ ငြိမ်းချမ်းစွာ အသွင်ပြောင်းမှု လိုအပ်နေကြောင်း သူက ပြောသည်။

အမေရိကန်ပြည်ထောင်စုက အခြေအနေများကို အနီးကပ် စောင့်ကြည့်နေပြီး မြန်မာပြည် ဆိုင်ရာ မူဝါဒ ပြန်လည် သုံးသပ်မှုကို အချိန်ဇယား သတ်မှတ်ထားခြင်း မရှိဟု မစ္စတာ Crowley က ပြောသည်။

ဤအတောအတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မစ္စတာ ဂျွန်ဝီလျံ ယက်ထော ပြန်လည် လွတ်မြောက်လာခြင်းကို ကြိုဆိုလိုက်သည်။

“ပြီးခဲ့တဲ့ အပတ်အတွင်း မြန်မာနိုင်ငံကို အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ် သွားရောက်ပြီး မြန်မာခေါင်းဆောင်များ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို မြန်မာပြည်သူတွေ လူ့အခွင့်အရေး အပြည့်အဝ ရရှိအောင် ငြိမ်းချမ်း၊ ညီညွတ်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ဖို့ အတွက် ဆွေးနွေးနိုင်ခဲ့တာကို အထွေထွေ အတွင်းရေးမှူးချုပ်က မှတ်သားမိပါတယ်” ဟု ကုလသမဂ္ဂမှ ပြောခွင့်ရပုဂ္ဂိုလ် တဦး ဖြစ်သူ Marie Okabe က ပြောသည်။

“ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က လူသားချင်း စာနာမှု ရှုထောင့်ကနေ မစ္စတာ ယက်ထော ပြန်လွတ်လာတာကိုလည်း ကြိုဆိုလိုက်ပါတယ်” ဟု Marie Okabe က ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်