ဗိုလ်ချစ်သူ မင်္ဂလာဒုံ စစ်ဆေးရုံတွင် တင်ထားရ

Wednesday, 19 August 2009 18:54
Print
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ၉၉၉ တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဗိုလ်ချစ်သူသည် အစာအိမ် ရောဂါကြောင့် ဆေးရုံတွင် ခွဲစိတ် ကုသမှုကိုခံယူရကြောင်းနှင့် ယခုအခါ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန်လာပြီဖြစ်ကြောင်း ဗိုလ်ချစ်သူနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း၏ အ ဆိုရ သိရှိရခြင်းဖြစ်သည်။

DKBA နှင့် နီးစပ်သူတဦးက“အစာအိမ်ဖြစ်နေတာကြာပြီ၊ ဆေးလိပ်လည် အရမ်းသောက်တယ်၊ အဲဒီအတွက် ဆေးကုသခံယူနေတာပါ”ဟု ဆိုသည်။

တချို့သော သတင်းရပ်ကွက်များက ဗိုလ်ချစ်သူအား မနှစ်သက်သည့် ၎င်း၏ လက်အောက်ရှိ DKBA တပ်သား များက လုပ်ကြံရာမှ လက်မောင်းတွင် သေနတ် ထိမှန်သွားသဖြင့် ယခုကဲ့သို့ ဆေးကုသခံနေရကြောင်း ပြောဆို သည်။

ယင်းထင်မြင်ချက်နှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာန အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

လွန်ခဲ့သည့် ဇွန်လ အတွင်း ဒု ဗိုလ်မှူးကြီး စံပြုံး နှင့် DKBA တပ်ဖွဲ့ဝင်များ လုပ်ကြံခံရသည့် ကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချစ်သူ၏ လက်ချက်ဖြစ်သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် မည်သူကမျှ ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာချက် ထွက်ပေါ်လာခြင်း မရှိဘဲ မည်သူ၏ လက်ချက် ဖြစ်မည် ဆိုသည့် ခန့်မှန်းချက်များသာ နယ်စပ်ဒေသတွင် ပေါ်ပေါက်နေသည်။

မယ်လရွာအနီး ထိုင်း မြန်မာ နှစ်နိုင်ငံကို နယ်စည်းအဖြစ် ခြားထားသည့် သောင်ရင်းမြစ် အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ ပစ်ခတ်မှုတွင် ဒု ဗိုလ်မှူးကြီး စံပြုံး အပါဝင် DKBA တပ်ဖွဲ့ဝင် ၈ ဦးခန့် သေဆုံးခဲ့သည်။

လုပ်ကြံခံလိုက်ရသော ဗိုလ်စံပြုံးသည် ပညာအရည်အချင်း မြင့်မားသူတဦးဖြစ်ပြီး ဘာသာစကား ကျွမ်းကျင်မှု ရှိသဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးတွင် အားကိုးရသူတဦးဖြစ်သည်ဟု သိရသည်။

DKBA စစ်ရေး ဦးဆောင်မှုတွင် ဗိုလ်စံပြုံး သာလွန်သွားမည်ကို စိုးရိမ်သောကြောင့် ဗိုလ်ချစ်သူက လုပ်ကြံခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သူတချို့လည်း ရှိနေသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက် ကိုင်အဖွဲ့ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် မြန်မာ့တပ်မတော် နှင့် DKBA ပူးပေါင်းပြီး KNU တပ်မဟာ ၇ မှ စခန်းများကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့သဖြင့် KNU က အဆိုပါစခန်းများကို လက်လွှတ်ပေးခဲ့ရသည်။