ဖူးကက်တွင် ဆန္ဒပြ မြန်မာအလုပ်သမားများ အဖမ်းခံရ

E-mail Print
အလုပ်သမား အခွင့်အရေးများ ရရှိရန် အလုပ် မဆင်းဘဲ ဆန္ဒပြကြသော ထိုင်းနိုင်ငံ ဖူးကက်မြို့မှ မြန်မာ ပြည်သား ၉၅ ဦးမှာ တရားမ၀င် အလုပ်သမားများ ဖြစ်သည်ဟု ၎င်းတို့၏ အလုပ်ရှင် က ရဲတပ်ဖွဲ့ကို တိုင်ကြား သဖြင့် ယမန်နေ့က ဖမ်းဆီးခံကြရကြောင်း သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်သော ထိုမြန်မာပြည်သားများမှာ အလုပ်သမား မှတ်ပုံတင်လက်မှတ် ဖြင့် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ သို့သော်လည်း တရားမ၀င် အလုပ်သမားများ ဖြစ်သည်ဟု ၎င်းတို့၏ အလုပ်ရှင်က ရဲတပ်ဖွဲ့ကို လိမ်ညာ အကြောင်းကြားပြီး ဖမ်းဆီးရန် အကူအညီတောင်းခံခဲ့သည်ဟု ထိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (Foundation for Education and Development- FED) က ဆိုသည်။
 
အချုပ်ခန်းတွင် ၁ နာရီခန့် ချုပ်နှောင် ထားပြီးနောက် ၎င်းတို့ထဲမှ ၇၇ ဦးကို အလုပ်ရှင်က သွားရောက် ထုတ်ယူခဲ့သည်ဟု မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ကူညီ စောင့်ရှောက်ပေးနေသော FED အသင်းမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

“ဆန္ဒပြရာမှာ ခေါင်းဆောင်လို့ ထင်ရတဲ့ ၁၈ ယောက် ကျန်နေတယ်၊ သူတို့ကိုတော့ မှတ်ပုံတင် မရှိဘူး ဆိုပြီးတော့ ချန်ခဲ့တာ၊ ကျနော်တို့ အဖွဲ့က တာဝန်ရှိသူ တွေက အဲဒီကိစ္စကို ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။

ဆက်လက် ထိန်းသိမ်းခံနေရသူများထဲတွင် အမျိုးသမီး ၅ ဦး ပါဝင်ကြောင်း၊ ရဲစခန်းက ၎င်းတို့အားလုံးကို လူဝင်မှု ကြီးကြပ်ရေး ဌာန (လ၀က) ထိန်းသိမ်းရေး စခန်းသို့ လွှဲပြောင်းပေးလိုက်သည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်းကလည်း လ၀က ထိန်းသိမ်းရေး စခန်းရှိ အလုပ်သမားတဦးက ၎င်းတို့ကို မြန်မာ နိုင်ငံဘက်ခြမ်းသို့ ပြန်ပို့မည်ကို စိုးရိမ်ကြောင်း၊ ဖူးကက်မြို့သို့ ပြန်လည် ၀င်ရောက်ရန် အခက်အခဲ ရှိပြီး ငွေကြေး များစွာ ကုန်ကျမည် ဖြစ်ကြောင်း FED ရုံးသို့ ဖုန်းဆက် အကြောင်းကြားခဲ့သည်။

အလုပ်သမားများက အလုပ်မဆင်းဘဲ ဆန္ဒပြကြခြင်းမှာ လုပ်အားခနည်းပါးခြင်း၊ လစာ ပုံမှန် မရခြင်း၊ အလုပ်သမားများ အကြွေးဖြင့် ၀ယ်ယူ စားသုံးနိုင်သည့် စားသောက်ဆိုင်ကို ပိတ်ခြင်း၊ အလုပ်သမားများ နေထိုင်သည့် အခန်းတွင် ရေနှင့် လျှပ်စစ်မီး ပုံမှန် မရရှိခြင်း၊ တနာရီလျှင် ဘတ် ၂၀ နှုန်းဖြင့် အချိန်ပို လုပ်ပေးရခြင်း တို့ကြောင့် ဖြစ်သည်ဟု ဦးထူးချစ်က ပြောသည်။

အလုပ်သမားတို့၏ မှတ်ပုံတင် လက်မှတ်များကို အလုပ်ရှင်က သိမ်းဆည်းထားသော်လည်း ၎င်းတို့ကို လက်မှတ် မိတ္တူပင် ပေးအပ်ထားခြင်း မရှိဟု ဆိုသည်။ မှတ်ပုံတင်အတွက် ကုန်ကျခဲ့ရသည့် စရိတ် ထက်ဝက်ခန့်ကို အလုပ်ရှင်ထံ ပေးထားကြပြီးဖြစ်သည်ဟု ဆိုသည်။

 “ကျနော်တို့ ကျန်တဲ့ အလုပ်သမား ၁၈ ယောက်ကို ကူညီဖို့ စာရွက်စာတမ်း ကိစ္စ အတွက် ဒီနေ့ အလုပ်သမားရုံးကို သွားတယ်၊ အဲဒါ လူကြီးတွေက ခရီးထွက်နေတယ်၊ နောက် အလုပ်သမားရုံးက တာဝန်ရှိတဲ့သူနဲ့ လ၀က ဌာနက လူကြီးတွေ စကား ပြောပြီးရင် အကြောင်း ပြန်မယ်လို့ ပြောတယ်” ဟု FED အလုပ်သမားရေးရာ တာဝန်ခံ ကိုလှဖုန်းက ပြောသည်။

FED ကလည်း အထိန်းသိမ်းခံထားရသော အလုပ်သမားများကို မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်ခြင်း မပို့ရန် အတွက် အခြားသော ထိုင်းနိုင်ငံ ဒေသခံ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်