ကိုရီးယားသွားခွင့် ကြန့်ကြာနေသောကြောင့် လူငယ် ၃၀၀၀ နီးပါး အခက်တွေ့

E-mail Print
တောင်ကိုရီးယားနိုင်ငံသို့ သွားရန် စာမေးပွဲဖြေဆို အောင်မြင်ထားသော မြန်မာလူငယ် ၂၈၀၀ နီးပါးသည် တနှစ်ကျော်ကြာသည်အထိ မသွားရသေးသောကြောင့် အခက်အခဲများ ကြုံတွေ့နေရ သည်ဟု ကြားသိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် Empolyment Permit System (EPS) စနစ်နှင့် အလုပ်လုပ်ရန် ၂၀၀၈ ခုနှစ် နှစ်လယ်ကတည်းက ဖြေဆိုခဲ့သည့် ကိုရီးယားဘာသာစကား အရည် အချင်းစစ် စာမေးပွဲ (KLT) အောင်မြင် ထားသူ ၃၀၀၀ အနက် ၂၀၀ ကျော်သာ ကိုရီးယားနိုင်ငံသို့ သွားခွင့်ရခဲ့ကြောင်း သတင်းရရှိသည်။

EPS စနစ်နှင့် ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်လိုသော မြန်မာများသည် ပထမ ဦးစွာ ကိုရီးယား လူ့အရင်းအမြစ် ဖွံ့ဖြိုးရေး ဝန်ဆောင်မှု (HRD) က စစ်မေးသော ဘာသာစကား အရည်အချင်းစစ် စာမေးပွဲကို မဖြစ်မနေ အောင်မြင်ရန်လိုအပ်သည့်အတွက် ၂၀၀၈ ခုနှစ်က မြန်မာလူငယ် ၅၀၀၀ ဖြေဆိုခဲ့ရာ ၃၀၀၀ ကျော် အောင်မြင်ခဲ့သည်။

သို့သော် အောင်မြင်သူ ၃၀၀၀ ကျော်အနက် ၂၀၀ ကျော်သာ သွားခွင့်ရသောကြောင့် ကျန် လူငယ်များမှာ အလုပ်ကို စောင့်ဆိုင်းရင်း စိတ်ဓာတ်ကျဆင်းလျှက်ရှိကြောင်း သိရသည်။

“တနှစ်ကျော်သွားပြီ။ စာမေးပွဲဖြေဖို့ လုပ်တုန်းကလည်း ငွေကြေးအကုန်အကျ များများနဲ့ တော်တော်ကြီး ကြိုစားခဲ့ရတယ်။ စာမေးပွဲ အောင်ပြီဆိုတဲ့အချိန်မှာ ကိုရီးယားသွားအလုပ် လုပ်ရဖို့ သေချာပြီဆိုပြီး ၀မ်းသာ ခဲ့ရတယ်။ ဒါပေမယ့် ခုတနှစ်ကျော်လာတဲ့အထိ ဘာမှဖြစ်မလာသေးဘူး” ဟု အဆိုပါ စာမေးပွဲ အောင်မြင်ခဲ့သူ အသက် ၂၅ နှစ် အရွယ် ရန်ကုန်နေ လူငယ် တဦးက ရှင်းပြသည်။

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားများစေလွှတ်ရန် မြန်မာအစိုးရ ကိုယ်စား မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်း အဖွဲ့က ရွှေအင်းဝပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု အေဂျင်စီ အမည်ဖြင့် ဆောင်ရွက် လျှက်ရှိပြီး တောင်ကိုရီးယားအစိုးရ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား HRD က ဆောင်ရွက် လျှက်ရှိသည်။

KLT စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ သူများတွင် နယ်ဒေသများမှ လူငယ်များလည်း ပါဝင်ပြီး ထိုလူငယ်များသည် လည်း ကိုရီးယားသွားရနိုးနှင့် စောင့်မျှော်ရင်း အမြန် အရွေးချယ်ခံရစေရန် ဆောင်ရွက်ပေးမည်ဆိုသော ငွေလိမ်တောင်းသူများကြောင့် ငွေဆုံးရှုံးကာ ဘ၀ပျက် လေလွင့်သွားမှုများ ရှိသည်ဟု သိရှိရသည်။

“တချို့နယ်ကလူတွေလည်း ဘယ်နေ့ သွားရမလဲဆိုပြီး စောင့်ရင်း ကိုရီးယားသွားဖို့ လုပ်ပေးမယ်ဆိုပြီး ငွေ ကျပ် သိန်း ၃၀၊ ၄၀ လိမ်တောင်း ခံရတာတွေရှိတယ်။ KLT စာမေးပွဲဖြေဖို့ လုပ်တုန်းကလည်း နယ်က လူငယ်တွေက ရန်ကုန်မှာနေထိုင်၊ စားသောက်စရိတ်၊ သင်တန်း စရိတ် တွေနဲ့ စရိတ်ထောင်းခဲ့ကြတယ်။ ထပ်ပြီး ငွေလိမ်ခံရ တော့ ဘ၀တွေ ပျက်ကုန်ကြတယ်” ဟု ရွှေအင်းဝကုမ္ပဏီမှ တာဝန်ရှိသူတဦးက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် သွားအလုပ်လုပ်ရန် ငွေကြေးတစုံတရာ လာဘ်ထိုးစရာ မလိုဘဲ ကိုရီးယားအလုပ်ရှင်က မြန်မာအလုပ်သမား၏ အရည်အချင်းကို ကြိုက်နှစ်သက်မှသာ ခေါ်ယူ အလုပ်စေခိုင်း မည်ဖြစ်ကြောင်း၊ ယခုအချိန် ကိုရီးယားတွင်လည်း စီးပွားနာလန် မထူဖြစ် နေသောကြောင့် စက်ရုံ၊ အလုပ်ရုံ များက နိုင်ငံခြားသား အလုပ်သမားများ ခေါ်ယူမှုနည်းခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဆက်လက်၍ သူက “KLT အောင်ထားတဲ့ မြန်မာတွေစာရင်းတွေနဲ့ ကိုယ်ရေးရာဇ၀င်တွေကို ကိုရီးယား HRD ၀က်ဘ်ဆိုက်မှာ တင်ထားတယ်။ ဒါကို ကိုရီးယား အလုပ်ရှင်တွေက ကြည့်ပြီး ခေါ်ချင်ရင် ကိုရီးယား HRD ကို အကြောင်းကြားတယ်။ ကိုရီးယားအလုပ်ရှင်ကကြိုက်လို့ ရွေးရင်တော့ သေချာပေါက် သွားရမှာပါ” ဟု ဆိုသည်။

သို့ရာတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်ရစေရန် ဆောင်ရွက်ပေးမည်ဟု ဆိုကာ ငွေကြေး လိမ်လည်မှုများ မကြာခဏဆိုသလို ဖြစ်ပွားနေသည့်အတွက် ရွှေအင်းဝကုမ္ပဏီက သတင်းစာများမှ တဆင့် ကြေညာ သတိပေးထားရခြင်းများ ရှိကြောင်း ကြားသိရသည်။

“လူငယ်တွေက ကိုရီးယား ဘယ်အချိန်သွားရမလဲ၊ ဘယ်တော့ သွားရမလဲနဲ့ ရူးကြောင်ကြောင်တွေဖြစ်၊ နတ်မေး၊ ဗေဒင်မေး ဖြစ်နေကြတဲ့အချိန် လူလိမ်တွေအတွက် အခွင့်အရေး တခုလို ဖြစ်နေတာလေ။ မိဘဆွေမျိုးတွေ ကလည်း ကိုယ့်ရဲ့တူသား ဘယ်တော့များမှ ကိုရီးယားသွားရမလဲဆိုပြီး စိတ်ဒုက္ခတွေ ဖြစ်ကြရတယ်” ဟု ပဲခူးတိုင်း ဖြူးမြို့နယ်မှ ကိုရီးယား သွားရန် ပြင်ဆင်နေသူ လူငယ်တဦး၏ ဖခင်က ပြောသည်။

EPS စနစ်နှင့် ကိုရီးယားသို့ သွားအလုပ်လုပ်လျှင် ၀န်ဆောင်ခသည် အမေရိကန်ဒေါ်လာ ၁၀၅၀ သာ ကျသင့်ပြီး အစိုးရ အချင်းချင်းဆောင်ရွက်သည့် ကိစ္စဖြစ်သောကြောင့် ၀န်ဆောင်ခ အလွန်သက်သာကြောင်း၊ ကိုရီးယားတွင် အလုပ်လုပ်ပါက တလ အမေရိကန်ဒေါ်လာ ၇၀၀ အထိ ရရှိမည်ဖြစ်ကာ ၃ နှစ် အလုပ်လုပ်ခွင့် ရှိမည်ဖြစ်သည့် အတွက် မြန်မာလူငယ်အများစုသည် ကိုရီးယားသွားခွင့်ရရေး ရည်မှန်းချက်ထားကာ ကြိုးစားနေကြခြင်းဖြစ်သည် ဟု ရွှေအင်းဝကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

တနှစ်လျှင် မြန်မာ ၂၅၀၀ နီးပါး တောင်ကိုရီးယားသို့ ခေါ်ယူရန် ပြင်ဆင်ခဲ့သော်လည်း ကိုရီးယားနိုင်ငံတွင် စီးပွားရေး မကောင်းသည့်အတွက် ထိုသို့ ခေါ်ယူရန်မဖြစ်နိုင်ကြောင်း၊ ၂၀၀၈ ခုနှစ်အတွင်းက နိုင်ငံ ၁၄ နိုင်ငံမှ နိုင်ငံခြားသား အလုပ်သမား ၇၀၀၀၀ ကို ကိုရီးယားသို့ EPS စနစ်ဖြင့် ခေါ်ယူခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံခြားသား အလုပ်သမား ၁၅၀၀၀ သာခေါ်ယူရန် အစိုးရက ရည်မှန်းချက်ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးမှ သတင်းရရှိသည်။

“နိုင်ငံခြားသား အလုပ်သမား ၁၅၀၀၀ မှာ မြန်မာက အလုပ်သမားဘယ်နှယောက် ခေါ်မယ် ဆိုတာမျိုးမရှိဘူး။ ကိုရီးယားစက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်တွေက သဘောကျတဲ့ နိုင်ငံခြားသား အလုပ်သမား တိုင်းကတော့ ကိုရီးယား သွားရမှာပဲ” ဟု ရွှေအင်းဝကုမ္ပဏီမှ ၀န်ထမ်းတဦးက ရှင်းပြသည်။

ယခုကိုရီးယားမှ မြန်မာများခေါ်ယူခြင်း နည်းနေရခြင်းသည် တောင်ကိုရီးယားတွင် စီးပွားရေး မကောင်းမွန် သေးခြင်းကြောင့် သာဖြစ်ပြီး အကယ်၍ စီးပွားရေး ပြန်လည်ကောင်းမွန် လာပါက မြန်မာ အလုပ်သမားများကို ခေါ်ယူမှု များပြားလာနိုင်ကြောင်း ရန်ကုန်တောင်ကိုရီးယားသံရုံးမှ စုံစမ်းသိရှိရသည်။

သို့ရာတွင် KLT စာမေးပွဲအောင်လက်မှတ်သည် ၂ နှစ်သာ သက်တမ်းရှိပြီး ၂၀၁၀ ပြည့်နှစ်အထိ မြန်မာ အလုပ်သမားများ အားလုံး ကိုရီးယားနိုင်ငံမှ ခေါ်ယူနိုင်ခြင်းမရှိပါက စာမေးပွဲ ထပ်မံဖြေဆိုပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ထပ်မံစောင့်ဆိုင်းရမည့် အခြေအနေဖြစ် သောကြောင့် ယခု စာမေးပွဲ အောင်မြင်ထားသော မြန်မာလူငယ်များ အခက်တွေ့နေရခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။

မြန်မာအစိုးရနှင့်တောင်ကိုရီးယား အစိုးရအကြား မြန်မာအလုပ်သမားများ ကိုရီးယားနိုင်ငံတွင် EPS ဖြင့် အလုပ်လုပ်နိုင်ရန် ၂၀၀၇ နိုဝင်ဘာလ တွင် တရားဝင်  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်