မြန်မာအလုပ်သမ ၄ ဦး ထိုင်းတောင်ပိုင်းတွင် ပစ်ခတ်ခံရ တဦးသေဆုံး

E-mail Print
ထိုင်းနိုင်ငံ တောင်ပိုင်း ပတ်တနီ ခရိုင်တွင် ယမန်နေ့က အကြမ်းဖက် သေနတ်သမား တဦး၏ ပစ်ခတ်မှုကြောင့် မြန်မာပြည်သား အလုပ်သမ တဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ယင်း ဒဏ်ရာရသူများသည် ပတ်တနီ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော MCOT.NET အင်တာနက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ထို အင်တာနက် စာမျက်နှာတွင် “ရဲ၏ စုံစမ်းစစ်ဆေးချက်အရ အမည်မသိ သေနတ်သမားက ဆောက်လုပ် ရေး လုပ်ငန်းခွင် တခုတွင် အမျိုးသမီးလေးဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားမှုသည် တောင်ပိုင်း တွင် ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများနှင့် ဆက်စပ်လျှက်ရှိနိုင်ကြောင်း ရဲက ယုံကြည်နေသည်” ဟု ဖော်ပြထားသည်။

အဆိုပါ သေဆုံးသူနှင့် ဒဏ်ရာရ မြန်မာ အမျိုးသမီးများမှာ ရာလာ ခရိုင်တွင် နေထိုင်ကြပြီး ပတ်တနီခရိုင်ရှိ  ဆောက်လုပ်ရေး လုပ်ငန်း၌ ပန်းရံ လုပ်ကိုင်ရန် အသွားလမ်းခရီးတွင် ထိုပြစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ မြန်မာလုပ်သား ကိုမိုးကျော်သူကလည်း ပြောသည်။

ကိုမိုးကျော်သူ က“ ဒီအမျိုးသမီးတွေက ရာလာ မှာ ပန်းရံ သွားလုပ်တယ်၊ နေတာက ပတ်တနီမှာ နေတယ်တဲ့ နေ့လယ် ကားနဲ့ ထမင်းစားပြန်တဲ့ အချိန် ပစ်ခံထိတာ၊ တယောက်က ရင်ဘတ်ကို ထိပြီး သေသွားတယ်၊ ကျန်တဲ့ သူတွေက ပတ်တနီ ဆေးရုံကို ရောက်သွားတယ်လို့ ကြားတယ်၊ ထားဝယ်သူ တွေလို့လည်း သိရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်းကလည်း ယင်းဒေသ ပန်းရံ လုပ်ငန်းခွင်တခုတွင် မြန်မာလုပ်သား အုပ်စုတစု သေနတ်ဖြင့် ပစ်သတ်ခံရခြင်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းမှ လုပ်သားတဦး ခေါင်းဖြတ်သတ်ခံရခြင်း အစရှိသည့် အဖြစ်အပျက်များ ဖြစ်ပွားခဲ့ဖူးကြောင်း မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (GHRED) က ပြောသည်။

ယင်းထိုင်း တောင်ပိုင်းရှိ GHREDအဖွဲ့မှ ကိုထူးချစ် က“ထိုင်းနိုင်ငံ အစိုးရ သတ်မှတ်ထားတဲ့ အနက်ရောင် နယ်မြေပေါ့၊ ဒီနယ်မြေမှာက ထိုင်းလူမျိုးတွေ ကိုယ်တိုင်ကလည်း မလုံခြုံဘူး၊ မြန်မာ အလုပ်သမား တော်တော် များများလည်း ရှိတုန်းပဲ၊ ကျန်တဲ့ ဗုဒ္ဓဘာသာ လူမျိုးတွေကို မနေစေချင်တဲ့ သဘောမျိုးရှိတယ်” ဟု ပြောသည်။

ထိုင်း တောင်ပိုင်း ပတ်တနီခရိုင် အတွင်း မြန်မာလုပ်သားပေါင်း ခန့်မှန်းခြေ  သောင်းနှင့်ချီ ရှိနိုင်ပြီး ထို လုပ်သားအများစုမှာ မွန်၊ ရခိုင်၊ မြန်မာ၊ ထားဝယ် ဖြစ်သည်ဟုလည်း သိရသည်။

ယင်း ဒေသတွင် အများအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်း၊ ရေလုပ်ငန်းနှင့် ရာဘာခြံ လုပ်ငန်း တို့ကို လုပ်ကိုင်ကြပြီး ပုံမှန်အားဖြင့် လုပ်အားခ ပုံမှန်ရသဖြင့် မြန်မာပြည်သားများက အန္တရာယ်ရှိသော်လည်း သွားရောက် လုပ်ကိုင်ကြကြောင်းသိရသည်။

အနည်းဆုံး လခစားအလုပ်သမားများအနေနှင့် တလလျှင် ထိုင်းဘတ် ၄၀၀၀ခန့် ရရှိကြောင်းနှင့် နေ့စား လုပ်သားများ အနေဖြင့် တရက်လျှင် ဘတ်ငွေ ၂၀၀ မှ အထက် ရရှိသည်ဟုလည်း သိရသည်။
ထိုင်းတောင်ပိုင်း ယင်း ခရိုင်သုံးခုတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် နှစ်စဉ် ရက်အကန့်အသတ်မရှိ တရားဝင် အလုပ်လုပ်ခွင့်မှတ်ပုံတင် ပြုလုပ်နိုင်သည့် အခွင့်အရေးကို ထိုင်းအာဏာပိုင်များက ပေးထားသည် ဟုလည်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပတ်တနီ၊ နာရာသီဝပ်တ် ၊ ရာလာ ခရိုင်သုံးခု၌ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ပြီး လွန်ခဲ့သော ၂၀၀၄ ခုနှစ် ဇူလိုင်လ ကတည်းက ပြည်နယ်ခွဲထွက်ရေး တောင်း ဆိုမှုဖြင့် မငြိမ်မသက် ဖြစ်ပွားလျှက်ရှိကြောင်း၊ ယင်း မလေးရှား နယ်စပ် ခရိုင် သုံးခုတွင် မငြိမ်မသက်ဖြစ်ပြီး အကြမ်းဖက်မှုများ ဖြစ်ပွားရာမှ လူပေါင်း ၃၅၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်