ကိုးကန့်ဒေသတွင် စစ်အစိုးရတပ်က လူမျိုးရေးခွဲခြားဆက်ဆံ နှိပ်စက်ညှဉ်းပန်း

E-mail Print
မြန်မာ စစ်အစိုးရတပ်က ကိုးကန့်ဒေသကို သိမ်းပိုက်ပြီးနောက်ပိုင်း တရုတ်လူမျိုးများ ပိုင်ဆိုင်သော ပစ္စည်းများကို လုယက်ခဲ့ရုံသာမက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ရှိခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော အပတ်အတွင်း၌ ကိုးကန့်ဒေသကို ၀င်ရောက်သိမ်းပိုက်ခဲ့သည့် ယင်း စစ်အစိုးရ စစ်တပ်က လူမျိုးရေးခွဲခြား ဆက်ဆံ၍ နှိပ်စက်ညှဉ်းပန်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“လောက်ကိုင်မှာ တပ်တွေက အထက်ကခိုင်းလို့လား၊ သူတိုဘာသာသူတို့လုပ်တာလား မသိဘူး၊ တရုတ်ဆန့်ကျင်ရေး တော်တော်ပါတယ်၊ ဒေသခံတွေကိုမေးရင် မင်းတို့ ကိုးကန့်တရုတ်လား၊ တရုတ်ပြည်က တရုတ်လား၊ တရုတ်ပြည်က ဆိုရင် ဆော်တာပဲ၊ အနည်းဆုံး သေနတ်ဒင်နဲ့ထုတယ်၊ ပစ္စည်းလည်းယူတယ်” ဟု လောက်ကိုင်ဒေသခံတဦးက ဧရာဝတီသို့ပြောသည်။

ထိုကဲ့သို့ လုပ်ရပ်များကြောင့် အသစ်ဖွဲ့စည်းထားသော အထူးဒေသ ( ၁ ) ယာယီ ဦးစီးကော်မတီတွင် မူလပါဝင်ခဲ့သည့် ကော်မတီဝင်များမပါဝင်တော့ကြောင်းသိရသည်။

တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကလည်း တရုတ်စတိုးဆိုင်များ၊ စူပါမားကက်များ၊ တရုတ်ကုန်စုံဆိုင်များကို တပ်မ ၃၃ မှ ဖျက်ဆီး လုယက်မှုများ အကြီးအကျယ်လုပ် နေသည်ဟု ဧရာဝတီသို့ပြောသည်။

ဤသို့စစ်အစိုးရတပ်များက စတိုးဆိုင်များ၊ စူပါမားကက်များကို လုယုနေသည်ဟု ထုတ်ဖော်ပြောဆိုမှုများ ရှိလာသော ကြောင့် ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် လောက်ကိုင်မြို့နယ်တွင် ခိုးမှုဖြင့် တရားခံ ၂၆ဦး၊ ချင်းရွှေဟော်မြို့တွင် ခိုးမှုဖြင့် တရားခံ ၂၅ဦးကို အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၂ နှစ်စီ အပြစ်ပေးလိုက်ကြောင်းဖော်ပြထားသည်။

သို့သော် ထိုသူများသည် ကိုးကန့်နှင့် တရုတ်လူမျိုးဒေသခံများသာဖြစ်သည်ဟုသိရသည်။

ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့် လက်ထက်တွင် ကိုးကန့်နှင့် ၀တပ်ဖွဲ့များကို ရန်ကုန်၊ မန္တလေးမြို့ ကြီးများသို့ လာရောက်သည့်အခါ လက်နက်ကိုင်ဆောင်ခွင့် ပေးခဲ့ပြီး တရားမ၀င်လိုင်စင်မဲ့ကားများကိုလည်း အသုံးပြုခွင့် ပေးခဲ့သည်။

“ကိုးကန့်တို့ ၀တို့က ဗိုလ်ချုပ်ခင်ညွန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီး နောက်ပိုင်းမှာ မန္တလေးတို့ စတဲ့မြို့ကြီးတွေမှာ သောင်း ကျန်းကြတယ်၊ အဲ့သည့်အချိန်တုန်းက လူထုက မကျေနပ်ဘူး၊ စစ်တပ်ထဲမှာလည်း ဒီလိုအယူအဆရှိမယ်ထင်တယ်” ဟု တရုတ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းက ပြောသည်။

စစ်အစိုးရ ၏ သြဂုတ် ၃၁ ရက်ထုတ် သတင်းစာများတွင် ရဲတပ်ဖွဲ့ဝင်များ အား ကိုးကန့်တပ်ဖွဲ့များ ရက်စက်စွာ သတ်ဖြတ်ခဲ့ သော ဓာတ်ပုံများကို ဖော်ပြထားခဲ့သည်။

“အခုလို အစိုးရ ကိုးကန့်ကို တိုက်တာကြိုက်တယ်၊ ၀တို့ကိုးကန့်တို့ဆိုတာ မူးယစ်ဆေးဝါးလုပ်တဲ့သူတွေ၊ တကယ်တော့ တရုတ်တွေပဲ၊ စီးပွားရေးမှာ လက်ဝါးကြီးလာအုပ်နေတာ၊ ရန်ကုန်ဗဟန်းမှာ တာမိုးညဲဂေဟာဆိုတာ တကယ့် နန်းတော်ကြီး ပဲ” ဟု ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ပြောသည်။

ယခုအခါ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည် တိုက်ပွဲများကြောင့် နယ်စပ်ဒေသရှိ အပစ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသများ တွင် တည်ငြိမ်မှု ပျက်ပြားနေပြီး ငွေကြေးတတ်နိုင်သော တရုတ်လူမျိုးများ တရုတ်နိုင်ငံတွင်းသို့ စတင် ထွက်ပြေးနေပြီ ဖြစ်ကြောင်းသိရသည်။

“တရုတ်ကုန်သည်တွေ  ၆၀၀ လောက် ပန်ဆန်း နဲ့ မိုင်းလား ကနေပြီး တာလော့ကို ပြေးပြီ၊ ပိုက်ဆံချမ်းသာတဲ့ သူချည်းပဲ၊ ၀ တွေလည်းဒေါသဖြစ်နေတယ်၊ ဘာမှမဖြစ်သေးဘူး၊ တရုတ်တွေပြေးလို့” ဟု ဦးအောင်ကျော်ဇော ကပြောသည်။

မကြာသေးမီရက်များ အတွင်းက မိုင်းလားအထူးဒေသ (၄) ဒေသအတွင်း ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာလူမျိုးအလုပ် သမား ၄၀၀ ကျော်ကို အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) တပ်များက နှင်ထုတ်ခဲ့သည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီး ကျည်များ ကျရောက်ခဲ့သည့်အတွက် တရုတ်လူမျိုး ၁ဦး သေဆုံးခဲ့ပြီး၊ ၂ဦး ဒဏ်ရာ ရရှိခဲ့သည့်အပြင် ကိုးကန့်ဒေသ စီးပွားရေး ၏  ၉၀ ရာခိုင်နှုန်းကိုလာရောက် ရင်းနှီးမြုပ်နှံထားသော စီးပွားရေးလုပ်ငန်းများ ဖျက်ဆီးခံခဲ့ရသော်လည်း တရုတ်နိုင်ငံထံမှ  မြန်မာအစိုးရသို့ ပြင်းထန်သော ကန့်ကွက်မှုများမရှိခဲ့ပေ။

“၁၉၆၇ တုန်းက မော်စီတုန်းပုံ ရင်ထိုးကို ရင်ပတ်ချိတ်လို့ တရုတ်-မြန်မာ ရိုက်ပွဲဖြစ်တော့ တရုတ်အစိုးရဆတ်ဆတ်ခါနာ တယ်၊ ဒီတခါ တရုတ်လူမျိုးတွေကိုထိတာတောင်မှ မနာတာက မြန်မာပြည်ကသူပြန်ရမယ့် သဘာဝဓာတ်ငွေ့တို့၊ ဆိပ်ကမ်း သုံးပိုင်ခွင်တို့ ပြန်ရလို့ပေါ့” ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းက သုံးသပ်သည်။

တရုတ်လူမျိုးများသည် စစ်အစိုးရနှင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက် ရပြီးနောက်ပိုင်းတွင် လားရှိုးမြို့၊ မန္တလေးမြို့ နှင့် ရန်ကုန်မြို့များတွင် စားသောက်ဆိုင်များ၊ စတိုး ဆိုင် များကိုဖွင့်ပြီး  စီးပွားရေးရင်းနှီးမြုပ်နှံမှုများ အလုံးအရင်းဖြင့် ပြုလုပ်ကာ အခြေချနေထိုင်ခဲ့သည်။ ယခုအခါ မန္တလေး မြို့၊ လားရှိုးမြို့များတွင် တရုတ်စကားသည် အရေးပါသော စကားတမျိုးဖြစ်လာသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်