ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်မှ နိုင်ဦးလွင်၏ ဗွေဆော်ဦးဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း ဒယ်လ်တာ အသင်းမှ စတန်လေက ချေပဂိုး သွင်းယူခဲ့ပြီး ၀ီလျံက အနိုင်ဂိုးသွင်းယူသွားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ယူနိုက်တက် အသင်းကို အားပေးကြသော ပရိသတ်များအတွက် အင်္ကျီအထည် ၁၀၀၀၀ ကို အခမဲ့ ဖြန့်ဝေသွားမည့်ဟု ယင်းအသင်း၏ အင်တာနက် စာမျက်နှာတွင် ရေးသားခဲ့သော်လည်း လူအများ ရုတ်ရုတ် သည်းသည်း ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ယင်းအစီအစဉ် ဖျက်သိမ်းခဲ့ကြောင်း၊ ယင်းပြိုင်ပွဲအတွင်း ပရိသတ် များက လှောင်ပြောင် အော်ဟစ်ခဲ့သည့် အတွက် အဖမ်းအဆီးရှိခဲ့ကြောင်း အသင်းနှင့် နီးစပ်သူများက ပြောသည်။
ရန်ကုန်ယူနိုက်တက် အသင်းနှင့် နီးစပ်သူတဦးက “ မနေ့ကအဖမ်းအဆီးရှိတယ်၊ အင်္ကျီတွေ ဝေမရလို့ ဂျာနယ် တိုက်မှာ သွားယူခိုင်းထားတယ်” ဟု ရန်ကုန်ယူနိုက်တက်နှင့် နီးစပ်သူတဦးက ပြောသည်။
ရန်ကုန်ယူနိုက်ဘောလုံး အသင်းသည် MNL ပွဲစဉ်များ မစတင်မီ ငွေကြေး အမြောက်အများ အကုန်အကျ ခံကာ ပရိသတ်များကို ဆွဲဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။
“လေယာဉ်လက်မှတ်၊ LCD၊ လေအေးပေးစက်၊ ဘောလုံးပွဲ အားလုံးကြည့်ခွင့်၊ ဈေးဝယ်ခွင့်က ၅သိန်းဖိုး အဲဒီ့ ကံစမ်းမဲတွေကို ရန်ကုန် ယူနိုက်တက် ကစားသမားတွေက ဘောလုံးတွေနဲ့ ပရိသတ်ထဲကို ကန်ပို့ပေးကြတယ်” ဟု သူက ရှင်းပြသည်။
အဆိုပါပြိုင်ပွဲများ၏ ကွင်းဝင်ကြေးကို လျှော့ချ သတ်မှတ်ခဲ့သကဲ့သို့ မြန်မာနိုင်ငံ မြို့ကြီးများ၏ အချက်အချာ ကျသော လမ်းဆုံများတွင် တပ်ဆင်ထားသည့် LED ရုပ်မြင်သံကြားစက် များတွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ များကို တိုက်ရိုက်ပြသရန် စီစဉ်နေကြောင်း ပြည်တွင်းထုတ် ဂျာနယ်များမှ တဆင့်သိရသည်။
ရန်ကုန်ယူနိုက်တက် အသင်းသားများအတွက် အမေရိကန် ဒေါ်လာ ၁ သိန်းခွဲတန်သော ဘတ်စ်ကား အသစ်ကို ပြောင်းလဲ အသုံးပြုလိုက်ကြောင်း၊ လက်ရှိ အသုံးပြုနေသော လှိုင်ဘောလုံးကွင်းကို လေ့ကျင်းရေးကွင်းအဖြစ်သာ အသုံးပြုမည် ဖြစ်ပြီး အောင်ဆန်းကွင်း ကို အိမ်ကွင်း အဖြစ်အသုံးပြုမည် ဖြစ်ကြောင်း ယင်းအသင်း၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ပတ်သက်သော အမှတ်တရ ပစ္စည်းများ ရောင်းချမည့် ဆိုင်ကိုလည်း ဆူးလေဘုရားလမ်း Myanmar Shopping Mall မြေညီထပ်တွင် ယခုလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ပြီး အာဆင်နယ်ဘောလုံး အကယ်ဒမီကို တည်ဆောက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုတော် မျိုးကြီး သီဆိုထားသော ရန်ကုန် ယူနိုက်တက်အသင်း၏ သီချင်းကို မန္တလေး FM ကထုတ်လွှင့်ရန် စီစဉ်နေသကဲ့သို့ တေးရေး မြင့်မိုးအောင် ရေးသားကာ Melody world တွင် ဆုရရှိထားသော တေးသံရှင် ကောင်းကောင်းက သီဆိုထားသည် ရန်ကုန်ယူနိုက်တက် အသင်း၏ သီချင်းသစ်ကိုလည်း ယင်းဝက်ဘ်ဆိုက်မှ တဆင့်နားဆင်နိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်ယူနိုက်တက် အသင်းသည် နိုင်ငံခြား ကစားသမား ၅ ဦး ကို စာချုပ်ချုပ်ဆို ခေါ်ယူထားပြီး အနိမ့်ဆုံးလစာ ငွေမှာ ဒေါ်လာ ၂၀၀၀ ခန့်ရှိကြောင်း သတင်းများက ဆိုသည်။
၎င်းအသင်းသည် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ မစတင်မီ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ခြေစမ်းပွဲများကန်ခဲ့ရာ၌ ထိုင်းဆိပ်ကမ်းအသင်း ကို ၄ ဂိုး ၃ ဂိုး၊ BEC တယ်ရိုဆက်ဆနာအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး အိန္ဒိယ ကလပ်အသင်း အရှေ့ဘင်ဂေါအသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်း ကစားရာတွင် ၃ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။
မန္တလေးမြို့တွင်ကျင်းပသောပွဲစဉ်များအတွက် ရန်ကုန်ယူနိုက်တက် ပိုင်ရှင် ဦးတေဇက ၎င်းအသင်း၏ ပရိသတ် များကို မန္တလေးမြို့သို့ လိုက်လံအားပေးရန် မော်တော်ယာဉ်များ၊ ရထားများ စီစဉ်ပေးမည်ဟုလည်း ဆိုထားသည်။
ဘောလုံးအသင်း တသင်းသည် အနည်းဆုံး ကျပ် သန်း ၂၀၀ ခန့် မြှုပ်နှံရပြီး တချို့သော အသင်းများမှာ ဘောလုံးသမားများအတွက် လစာ၊ ဝတ်စုံ၊ သယ်ယူပို့ဆောင် စရိတ်နှင့် ကန်ထရိုက် စာချုပ်ကြေးများ အပါအဝင် ကျပ် သန်း ၁၀၀၀ ကျော် ကုန်ကျမှု ရှိကြောင်း သိရသည်။
ပထမ အကြိမ် မြန်မာလိဂ် ဗိုလ်လုပွဲတွင် ရတနာပုံအသင်း ဖလားရရှိခဲ့သည်။ ရန်ကုန် ယူနိုက်တက် အသင်း နှင့် ဗိုလ်လုကြရာတွင် နှစ်ဂိုးစီ သရေကျနေသဖြင့် ပင်နယ်လ်တီ ဆုံးဖြတ်ချက်ဖြင့် ရတနာပုံအသင်း က ၆ ဂိုး ၃ ဂိုးနှင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။
မြန်မာလိဂ်ပြိုင်ပွဲတွင် ပါဝင်သည့် အသင်းများမှာ ရတနာပုံ FC၊ ရန်ကုန် ယူနိုက်တက် FC၊ မကွေး FC၊ ကမ္ဘောဇ FC၊ ဇေယျာရွှေမြေ FC၊ ဥဿာ ယူနိုက်တက် FC ၊ ဆောက်သမ်း မြန်မာ FC ၊ ဒယ်လ်တာ ယူနိုက်တက် FC တို့ဖြစ်ပြီး အသင်းပိုင်ရှင်များမှာ မြန်မာပြည်၏ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်ကြကာ ၎င်းတို့ထဲမှ အများစုကို အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ အရေးယူထားသည်။
< Prev | Next > |
---|