ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် လုံခြုံရေးတပ်များ တိုးမြှင့်ချထား

E-mail Print
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ် တလျှောက်တွင် မကြာသေးခင်က ပြန်လည်စတင်၍ မြန်မာဘက်မှ ခြံစည်းရိုး ကာရံခြင်းပြုလုပ်ပြီး နောက်ပိုင်း တင်းမာမှုများ ရှိလာသဖြင့် နှစ်ဘက်နယ်စပ် တပ်များကို လုံခြုံရေးတိုးမြှင့် ချထားကြောင်း နယ်စပ်မှလာသော သတင်းများအရ သိရသည်။

မိုးတွင်းကာလက ရပ်နားထားသော ယင်း ခြံစည်းရိုးကာခြင်းလုပ်ငန်းကို မြန်မာဘက်က အောက်တိုဘာလ (၃)ရက်နေ့မှ စတင်ကာ ပြန်လည်ပြုလုပ်လာပြီးနောက် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အခြေစိုက် ခြေလျင် တပ်ရင်းများဖြစ်သော ခလရ (၂၂၃) (၂၂၄) (၂၂၆) တို့ကို တပ်စွဲထားသည်ဟု ဒေသခံ ကုန်သည် တဦး ကပြောသည်။

“ဒီလဆန်းလောက်ကစပြီး မြန်မာဘက်က ရပ်ထားတဲ့ ခြံစည်းရိုးကာတဲ့အလုပ်ကို လုပ်လာတာကိုတွေ့ ရ တယ်၊ ဒီခြံစည်းရိုးကာတဲ့ လုပ်ငန်းကို ကာကွယ်စောင့်ရှောက်ဖို့ ဘူးသီးတောင်အခြေစိုက် ခြေလျင် တပ်ရင်း တွေကို အောက်တိုဘာလ (၃) ရက်နေ့ မှာ ချထားလိုက်တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။

ယင်းခြံစည်းရိုးကာခြင်း လုပ်ငန်းကြောင့် တောင်ပြိုမြို့ ဝဲယာရှိ ရွာနှစ်ရွာမှ အိမ်ခြေ (၈၀) ခန့်မှာ ရွှေ့ ပြောင်း ခံရဖွယ် ရှိသည်ဟုလည်း အထက်ပါ ကုန်သည်က ဆက်လက်ပြောဆိုသည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က သံဆူးကြိုးများ ကာရံခြင်းကို ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သံဆူးကြိုးများ ကာရံခြင်းသည် မူးယစ်ဆေးဝါး အပါအ၀င် လူကုန်ကူးမှုများကို တားဆီးရေး အတွက် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ မြန်မာသံ အမတ်က တရားဝင် ပြောဆိုထားသည်။

သံဆူးကြိုးများကာရံသည့် ကီလိုမီတာ ၃၂၀ ခန့်ရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် နတ်မြစ် တလျှောက်သည် မှောင်ခိုကုန်ကူးမှုများနှင့် ရိုဟင်ဂျာများတရားမ၀င် ကူးသန်းမှုပြုရာလမ်းကြောင်း ဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် မြန်မာအာဏာပိုင်များ၏ ကန့်သတ်မှုများနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် ရွှေ့ပြောင်းထွက်ခွာလာခဲ့ကြရာ ယခုနှစ်ဆန်းမှစ၍ ဒေသတွင်း အရေးကိစ္စ တခုဖြစ်လာခဲ့ရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံးက ယင်းလှေစီး ရိုဟင်ဂျာများ၏ နိုင်ငံရင်း၊ လူမျိုး အစစ်အမှန်နှင့် ပတ်သက်ပြီး သဘောတူညီမှုမရှိဘဲ ပြန်လည်ခေါ်ယူရန်လည်း ငြင်းဆိုနေခဲ့ကြသည်။

နှစ်နိုင်ငံ တင်းမာမှု အစပြုခဲ့သည့် နှစ်ချီ၍ အငြင်းပွားလျက်ရှိသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ပြဿနာမှာလည်း ၂၀၀၈ ခု နိုဝင်ဘာလအတွင်းက ရေပိုင်နက် အငြင်းပွားရာနေရာ၌ မြန်မာဘက်က သဘာဝ ဓာတ်ငွေ့ တူးဖော်ရာတွင် လုံခြုံရေး ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာ လာခဲ့ခြင်းဖြစ်သည်။

ထို ရေပိုင်နက် အငြင်းပွားမှု ပြဿနာအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ရေပိုင်နက် ဆိုင်ရာ ဥပဒေအရ ကုလသမဂ္ဂတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ၂၀၁၁ ခုနှစ် ဇူလိုင်လ ၌ ၎င်း၏ ရေပိုင်နက်ကို အခိုင်အမာ တင်ပြ ဖြေရှင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် မေလနှင့်ဇွန်လအတွင်းတွင် တင်ပြ ဖြေရှင်းချက်ပေးရမည်ဖြစ်ကြောင်း ဒေးလီးစတား သတင်းက ရေးသားထားသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) တပ်ဖွဲ့ ဝင်များနှင့် ဘင်္ဂလား ဒေ့ရှ်ဘက်မှ ဓားပြများလည်း မကြာခဏ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု နစက အဖွဲ့ မှ တာဝန်ရှိသူ တဦး က ပြောသည်။

အဆိုပါ ဓားပြများသည် တိုက်ပွဲဖြစ်ပွားပြီးတိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်သို့ဝင်ရောက်ထွက်ပြေးလေ့ရှိ သည် ဟုလည်း ၎င်းက ဆိုသည်။

“စက်တင်ဘာလကုန်ပိုင်းက ည သန်းခေါင်လောက်မှာ နစကက ဓါးမြတွေကိုပစ်တာ တနာရီလောက် ရှိမယ်၊ ပြီးတော့ အဲဒီ ဓားပြတွေက လကုန်ရက် အတွင်းမှာဘဲ အမျိုးသမီးနှစ်ယောက်ကို သတ်သွားသေးတယ်၊ သူ တို့ ကတော့ မျက်နှာဖုံးစွပ်တွေ စွပ်ထားတယ်လို့ကြားတယ်။ ပြီးတော့ စက်တင်ဘာလ (၂၈)ရက် နေ့ က ချောင်းထဲမှာ လှေနဲ့ သွားနေတာကို ပစ်လိုက်လို့ နတ်မြစ်ထဲမှာ အလောင်း ငါးလောင်းမျောနေတာကို လူတိုင်းတွေ့ နေတာပဲ”ဟု နစက တာဝန်ရှိသူက ဆက်ပြောပြသည်။

ယမန်နေ့ နံနက်ပိုင်းက နှစ်ဘက်တပ်များ တိုးမြှင့်ချထားသော တောင်ပြိုမြို့ နယ်စပ်သို့ စစ်တကောင်း တောင်တန်းနယ်ဆိုင်ရာ နယ်စပ်အကြီးအကဲ လာရောက်စစ်ဆေးသွားခဲ့သည်ဟု သိရသည်၊

ယင်းကိစ္စများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အာဏာရပါတီ အ၀ါမီလိဒ်မှ ခေါင်းဆောင်တဦးက“နှစ်နိုင်ငံ အစိုးရအနေအထားကတော့ တင်းမာနေတဲ့ အနေအထားမှာရှိနေလို့ ဘင်္ဂလားဘက်က အခြေ အနေကို အထူးသတိထား စောင့် ကြည့်နေတယ်”ဟုပြောဆိုကြောင်း ဘင်္ဂလားနယ်စပ်မှ မြန်မာသတင်း ထောက် တဦးက ပြောပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်