ဦးဝင်းတင်ကို ဂျပန်သံရုံးက ခေါ်ယူတွေ့ဆုံ

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သော ဦးဝင်းတင်က မီဒီယာတခုတွင် ပြောကြားခဲ့သည့် စကားနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ ဂျပန်သံရုံး ကောင်စစ်ဝန်က အင်္ဂါနေ့တွင် ခေါ်ယူ တွေ့ဆုံခဲ့သည်။

ဂျပန်အစိုးရသစ်၏ နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲအတွက် မြန်မာပြည်ကို စီးပွားရေး ရှုထောင့်မှ မကြည့်ဘဲ နိုင်ငံရေးရှုထောင့်မှ ကြည့်၍ မြန်မာပြည်၏ပြဿနာများကို ဂျပန်အစိုးရအနေဖြင့် ပါဝင်ဖြေရှင်းသင့်သည် ဟူသော စကားနှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

“ကျနော်ပြောတဲ့ အချက်ကို ထပ်တိုးချဲ့နားလည်ချင်လို့ ခေါ်တွေ့တယ်ဆိုရင်တော့ သိပ်ပြီးတော့ ထူးခြားမှုရှိမှာ မဟုတ်ဘူး၊ အစိုးရသစ်လည်းဖြစ်တယ် နိုင်ငံခြားရေး ၀ါဒကို ပြန်လည် ရေးဆွဲဖို့ရှိတဲ့ အနေအထားမှာ အတိုက် အခံ တွေရဲ့သဘောထားကို သိချင်တယ်ဆိုလို့ မေးတယ်ဆိုရင်တော့ ထူးခြားတယ်လို့ ဆိုရမှာပဲ၊ ဘယ်လိုလဲ ဆိုတာတော့ ကျနော်ပြောမတတ်ဘူး”ဟု ဦးဝင်းတင်က ဆိုသည်။

ဂျပန်အစိုးရ အနေဖြင့် စစ်အစိုးရအပေါ် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး များနှင့် ပတ်သက်၍ တိုက်တိုက် တွန်းတွန်း ပြောဆိုသည့် နိုင်ငံခြားရေး ပေါ်လစီတရပ်ကို ချမှတ်သင့်ကြောင်း၊ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးက ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေရုံဖြင့် ရပ်တန့် မနေဘဲ တွေ့ဆုံဆွေးနွေးရေး အထိ တိုက်တွန်းသင့်သည်ဟု ပြောကြောင်း ၎င်းက ပြောဆိုသည်။

“ရွေးကောက်ပွဲကို ကျနော်တို့က ငြင်းပယ်တာ မဟုတ်ဘူး၊ သို့သော် ရွေးကောက်ပွဲနဲ့ ကျနော်တို့ကြားထဲမှာ ခံနေတာက စစ်အစိုးရ သက်ဆိုးရှည်ရေးကို သာလုပ်မယ့် ၂၀၀၈ အခြေခံ ဥပဒေဆိုတာက ရှိနေတယ်၊ လာမယ့် ရွေးကောက်ပွဲက ဒီယန္တရားကို သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲဖြစ်နေတယ်၊ ဒါကြောင့် ကျနော်တို့ လက်မခံနိုင်ဘူးလို့ ပြောခဲ့တယ်”ဟု လည်း ဦးဝင်းတင်က ဆိုသည်။

၎င်းအနေဖြင့် NLD အဖွဲချုပ်သို့ လာတွေ့ရန် ဖိတ်ခေါ်ခဲ့သော်လည်း ဂျပန်သံအရာရှိများက အဆင်မပြေသဖြင့် သံရုံးသို့ သွားရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ဂျပန်ကောင်စစ်ဝန် အနေဖြင့် မရှင်းလင်းသည့် အချက်များကို မေးမြန်းသည်က လွဲ၍ တစုံတရာ ဆွေးနွေးပြောဆိုခြင်း မရှိကြောင်းလည်း ပြောသည်။

မကြာသေးခင်ကလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်စုရာ အိုကာဒါ က မြန်မာအစိုးရ အနေနှင့် ၎င်းတို့ ဖော်ဆောင်နေသည့် ဒီမိုကရေစီလုပ်ငန်းစဉ်အရ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ကြီးမား သော အခွင့်အရေးတရပ်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြသရန်နှင့် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ပြောဆိုထားသည်။

အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံ စီယံ ရိ(ပ်) တွင် ကျင်းပသော မဲခေါင်-ဂျပန် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ကာဇူအို ကိုဒါမာ က ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ဂျပန်ကောင်စစ်ဝန်၊ သံရုံး ပြန်ကြားရေး အရာရှိနှင့် ဦးဝင်းတင်တို့ ၃ ဦးသည် ညနေ ၄နာရီမှ စတင်၍ ၅ နာရီအထိ အချိန် ၁ နာရီခန့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက အလှူရှင် နိုင်ငံ တနိုင်ငံ ဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဖွံ့ဖြိုးရေး ဆိုင်ရာ ထောက်ပံ့မှု(ODA) အတွက် အမေရိကန် ဒေါ်လာ ၂.၉၆ ဘီလျံ ပေးလှူခဲ့သည်။

၂၀၀၇ ခုနှစ် ရန်ကုန်မြို့ရှိ သံဃာများ ဆန္ဒပြစဉ် သတင်း ယူနေသော ဂျပန်သတင်းထောက် မစ္စတာ ကန်ဂျီး နာဂါအိ ပစ်ခတ်ခံရသဖြင့် သေဆုံးပြီးနောက် ယင်းဖွံ့ဖြိုးရေး ဆိုင်ရာ အလှူငွေများကို ဂျပန်အစိုးရက ခေတ္တ ရပ်ဆိုင်းထားခဲ့သည်။

ဦးဝင်းတင် ရေးသားခဲ့၍ The Washington Post သတင်းစာတွင် ဖော်ပြခဲ့သော An ‘Election’ Burma’s People Don’t Need အမည်ရှိ ဆောင်းပါးတွင် ၂၀၁၀ ရွေးကောက် ပွဲဝင်ရန် တိုက်တွန်းခဲ့သည့် အမေရိကန်အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်၏ သဘောထားကို ပယ်ချခဲ့ပြီး စေ့စပ် ဆွေးနွေးရန် အသင့်ရှိကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်သွားရန် ရှိကြောင်း ရေးသားထားသည်။

သတင်းစာဆရာတဦးလည်း ဖြစ်သော  ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရ က အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရသူ ဖြစ်သည်။

ဦးဝင်းတင်သည် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။

ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူ တဦး ဖြစ်ကြောင်း နိုင်ငံတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မှတ်ချက်ပေးခဲ့ဖူးသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်