ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် အလုပ်သမား ခေါင်းဖြစ်သူ ကိုကျော်စိုးက ထိုကဲ့သို့ ပြောဆိုသည့် အတွက် အချိန်တလခန့် စောင့်ဆိုင်း ပေးပါရန် တောင်းပန် သော်လည်း လက်မခံဘဲ ဖိအားပေးခဲ့သည်ဟု အသက် ၄၀ ခန့်ရှိ မချောစု၏ အဒေါ် ဒေါ်သန်းသန်းမူက ပြောပြသည်။
“ကျမ တူမလေးကို ယာယီပတ်စ်ပို့ လုပ်ဖို့ ပုံစံဖြည့်ရမယ်၊ မဖြည့်ရင် ၁၅ ရက်အတွင်း အလုပ်ကထွက်ရမယ် ဆိုလို့ ကျမ သူတို့ဝဏ္ဏ (အလုပ်သမားခေါင်း) ကို မေးကြည့်တယ်၊ ၀ဏ္ဏက အဲသလို ပြောတာ ဟုတ်တယ်လို့ ပြန်ဖြေတယ်၊ ကျမက တလလောက် စောင့်ပေးပါဆိုတာကို မရဘူးတဲ့၊ မန်နေဂျာနဲ့ သူဌေးက ဖြည့်ခိုင်းတာလို့ ပြောတယ်”ဟု ဒေါ်သန်းသန်းမူက ဆိုသည်။
အသက် ၂၁ နှစ်ရှိ မချောစုသည် မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်မှ လာရောက် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား တဦးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည်မှာ ၆ လခန့် ရှိပြီဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဒေါ်သန်းသန်းမူသည်လည်း ပါတောင်ရပ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတခုတွင် အလုပ်သမား ခေါင်းလုပ်နေသူ ရွှေ့ ပြောင်း အလုပ်သမားတဦး ဖြစ်သည်။
ယင်း ယာယီနိုင်ငံကူး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး မြန်မာအလုပ်သမားများ ကြားတွင် အဖမ်းအဆီး သတင်းများ၊ ငွေကြေး မြောက်မြားစွာ တောင်းခံမှု သတင်းများ ပျံ့နှံ့ နေသည့် အတွက် စိုးရိမ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
ထို့ကြောင့် ဧရာဝတီက ကိုကျော်စိုးကို ဆက်သွယ် မေးမြန်းကြည့်ရာ “မနေ့က ကျနော် အဲဒီကောင်မလေး ချောစုကို ပြောလိုက်တယ်၊ ယာယီ ပတ်စ်ပို့ လုပ်ဖို့ ဖောင်ဖြည့်ရမယ်၊ မဖြည့်ရင် နောက် ၁၅ ရက်ကြာရင် အလုပ်က ထွက်ရမယ်လို့”ဟု သူက ပြောသည်။
ထိုင်းနိုင်ငံအတွင်း တခြားသော နေရာများရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား များသည်လည်း ယာယီ နိုင်ငံကူး လက်မှတ် မဖြစ်မနေ ပြုလုပ်ရန်အတွက် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေကြရကြောင်း သတင်းရရှိသည်။
အလားတူ ပါတောင်အရပ်ရှိ မနှင်းဆီ ပန်းရံဆိုဒ်တွင်လည်း အထက်ပါအတိုင်း စာကပ်ထားသည်ဟု ပါတောင်ရပ်မှ အလုပ်သမား ကိုသန်းလွင်က ပြောသည်။ မနှင်းဆီဆိုဒ်တွင်မူ ယာယီ နိုင်ငံကူးလက်မှတ် မလုပ်ပါက တလအတွင်း အလုပ်မှ ထွက်ခွာရမည်ဟု ပါရှိသည်။
ပြီးခဲ့သည့် အပတ်ကလည်း ဘန်ကောက်မြို့ရှိ ဘန့်ဘော် ငါးသေတ္တာ စက်ရုံတွင်လည်း အလားတူ ပြဿနာ ဖြစ်ပွားခဲ့ရာ အလုပ်သမား ၆၀ ခန့် အလုပ်မှ ထွက်သွားခဲ့ကြောင်း၊ ပိုမိုဖိအားပေးလာပါလျှင် ဆန္ဒပြမည်ဟု အလုပ် သမားများက ပြန်လည် ပြောဆိုကြသဖြင့် အလုပ်ရှင်ဘက်မှ ဖိအားပေးခြင်းကို ရပ်ဆိုင်းထားကြောင်း အဆိုပါ စက်ရုံဝင်းနေ ကိုမိုးဒီကပြောသည်။
ထို ယာယီ နိုင်ငံကူးလက်မှတ် လုပ်ငန်းစဉ်ကို ထိုင်းနှင့် မြန်မာအစိုးရတို့ နှစ်ဘက် သဘောတူညီမှုဖြင့် အကောင် အထည်ဖော်နေ သော်လည်း မြန်မာရွှေ့ ပြောင်း အလုပ်သမားအများစုက လုပ်ဆောင်ရန် ဆန္ဒ မရှိကြကြောင်း သိရသည်။
ထို့ ကြောင့် ဘန်ကောက်မြို့ စမဲဒန်းရှိ စွိုင်ဟ (လမ်းသွယ် ၅) စက်ချုပ်ရုံမှ အလုပ်သမား အများစုသည် ယာယီ နိုင်ငံကူး လက်မှတ်အတွက် ပုံစံကိုယူကာ ဖြည့်ကြသော်လည်း ပြန်မတင်ဘဲ နေကြသည်ဟု အဆိုပါစက်ရုံမှ အလုပ် သမားများက ပြောပြသည်၊
ယင်းသို့ မြန်မာ အလုပ်သမားများ ယာယီနိုင်ငံကူး လက်မှတ် မပြုလုပ်လို ကြခြင်းမှာ မြန်မာ အာဏာပိုင်များ အပေါ် မယုံကြည်မှုက အဓိက ဖြစ်ကြောင်း ဖန်ငခရိုင် အခြေစိုက် အခြေခံလူ့ အခွင့်အရေး ပညာပေး ကော်မတီ (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ပြောဆိုသည်။
“ဒီတောင်ပိုင်းမှာ အခု ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်ကူညီတာတွေ ရှိတယ်၊ အများစုက မလုပ် လိုကြဘူး။ မြန်မာ အာဏာပိုင်တွေ အပေါ်မှာ မယုံစားဝံ့တာ အဓိကပါ၊ ထိုင်းတွေက မြန်မာပြည်က အခြေ အနေမှန်ကို မသိကြတော့ လုပ်ဖို့ ဖိအားပေးတာပေါ့။ ဒါပေမယ့် ကျနော့်အတွေ့ အကြုံအရတော့ ဒီလုပ်ငန်း မအောင်မြင်နိုင်ဘူး ထင်တယ်”ဟု ၎င်းက ဆိုသည်။
ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရန် ပုံစံမဖြည့်ရုံဖြင့် အလုပ်မှ ထုတ်ပစ်ခြင်းသည် သဘာဝ မကျကြောင်း၊ စည်းကမ်းဥပဒေနှင့် မညီညွတ်ကြောင်းလည်း ဦးထူးချစ်က ပြောသည်။
ယာယီနိုငံကူး လက်မှတ်လုပ်ရန် ဖိအားပေးခြင်းသည် ထိုင်းအစိုးရ၏ အစီအစဉ်မဟုတ်ဘဲ အလုပ်ရှင်၊ မန်နေဂျာနှင့် အလုပ်သမား ခေါင်းများက ၎င်းတို့ အစီအစဉ်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း Migrant Working Group အဖွဲ့မှ ဦးသက်ခိုင်က ပြောဆိုသည်။
“အခုလို သတင်းတွေကို ကျနော်တို့ နေရာအနှံ့က ကြားနေရတယ်၊ ကျနော်တို့ သိသလောက်တော့ ထိုင်းအာဏာပိုင်တွေက ဘယ်နေ့ နောက်ဆုံး ဖောင်ဖြည့်ရမယ်လို့ ကြေညာချက်ထုတ်တာ မရှိသေးပါဘူး၊ မြန်မာ အလုပ်သမား အများစုကလည်း တိုင်းပြည်ကနေ ပုံစံအမျိုးမျိုးနဲ့ ထွက်လာကြတာဆိုတော့ သန်းခေါင် စာရင်းတို့ မှတ်ပုံတင်တို့ စတာတွေ မရှိတဲ့သူတွေလည်း ရှိတယ်၊ ဒါကြောင့် ကျနော်တို့ အခု စစ်တမ်းကောက် နေတယ်။ မကြာခင် ထိုင်း အာဏာပိုင်ကို တင်ပြမှာ ဖြစ်ပါတယ်၊ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကိုလည်း ထိုင်းအစိုးရက သိမယ်လို့ ကျနော်ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
ထိုယာယီ နိုင်ငံကူး လက်မှတ်ပြုလုပ်ရန် အတွက် နိုင်ငံသား လက်မှတ် စိစစ်သည့် ဌာနများကို ထိုင်း-မြန်မာ နယ်စပ်မြို့များ ဖြစ်သည့် ကော့သောင်း၊ မြဝတီ နှင့် တာချီလိတ် တို့တွင် ဖွင့်လှစ်ထားကြောင်း၊ ၂ နှစ် သက် တမ်း ရှိသော အဆိုပါ ယာယီနိုင်ငံကူး လက်မှတ်ဖြင့် မြန်မာ အလုပ်သမားများ ထိုင်းနိုင်ငံ အနှံ့တွင် အလုပ် လုပ်ကိုင်ခွင့် ရမည် ဖြစ်ပြီး သက်တမ်း ထပ်မံတိုးနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စတင်ခဲ့သော ထိုင်း-မြန်မာ နှစ်နိုင်ငံ အာဏာပိုင်တို့ ၏ နယ်စပ်ဖြတ်ကျော် သွားရောက် အလုပ်လုပ်ကိုင်ရန် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်သည် ၂ဝဝ၆ ခုနှစ်က လည်း တကြိမ် ဆောင်ရွက်ခဲ့ရာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ပေ။
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိသည်ဟု အလုပ် သမား အဖွဲ့များ၏ အဆိုအရ သိရသည်။
< Prev | Next > |
---|