ကိုရီးယားမင်းသမီး မြန်မာပြည်ရောက်နေ

E-mail Print
မြန်မာနိုင်ငံတွင် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော် ဖွင့်လှစ်ပေးရန် အတွက် ကိုရီးယားမင်းသမီး Lee Young Eun ပါဝင်သည့် ကိုရီးယား အနုပညာအဖွဲ့ ရန်ကုန်သို့ ရောက်နေပြီဖြစ်သည်။

ယမန်နေ့က ရောက်ရှိခဲ့သော တောင်ကိုရီးယား ရုပ်ရှင်အဖွဲ့တွင် ဒါရိုက်တာ Kim Eun Ju၊ ကင်မရာ ဒါရိုက်တာ Suh Ki Won နှင့် ကိုရီးယားရုပ်ရှင် အကဲဖြတ်ပုဂ္ဂိုလ် Park Bo Young တို့လည်းပါဝင်ပြီး ယနေ့တွင် မြန်မာစာနယ်ဇင်း များနှင့် တွေ့ဆုံကာ ညနေ ၆ နာရီတွင်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ကြမည်ဖြစ်သည်။

အောက်တိုဘာ ၁၇ ရက်နေ့တွင် သမ္မတရုပ်ရှင်ရုံ၌ မြန်မာ ပရိသတ်များနှင့်တွေ့ဆုံ၍ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ယခင်ကလည်း ကိုရီးယားမှ အနုပညာရှင်များ၊ အဆိုတော်များ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

၂၀၀၆ ၀န်းကျင်ခန့်က မြန်မာနိုင်ငံ၌ ချွဲခွာနူး အဖြစ် နာမည်ကြီးခဲ့သော ကိုရီးယားမင်းသား Kim Jae Won နှင့်အတူ ကိုရီးယားပေါ့ပ်တေးသံရှင် BOB အဖွဲ့တို့လာရောက်ခဲ့ကြပြီး ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ်၊ ဗိုလ်ချုပ်ဈေး အစရှိသည့် နေရာများကို လည်ပတ်ခဲ့သည်။

“အဲ့ဒီတုန်းကကိုရီးယားမင်းသားနဲ့ ဓာတ်ပုံ ရိုက်ချင်လွန်းလို့ တန်းစီကြတာအမောပဲ။ ကြုံတောင့်ကြုံခဲလို ဖြစ်နေတာ ကိုး” ဟု ယဉ်ကျေးမှုတက္ကသိုလ်မှ နည်းပြဆရာမတဦးက ဧရာဝတီကိုပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်ဝန်းကျင်ကာလများမှ စတင်၍  မြန်မာ့အသံ၊ မြ၀တီ ရုပ်မြင်သံကြားတို့၌ပြသခဲ့သော ရုပ်သံ ဇာတ်လမ်းတွဲများကို နှစ်ချိုက်ရာမှ ကိုရီးယားယဉ်ကျေးမှု ကူးစက်လာခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံ များကဆိုသည်။

ယင်းမတိုင်ခင်ကာလများက ရုပ်မြင်သံကြား အစီအစဉ်များတွင် တရုတ်ဇာတ်လမ်းတွဲ၊ ဂျပန်ဇာတ်လမ်းတွဲများ ပြသခဲ့ သည်။ သို့သော်လည်း ဂျပန်ဇာတ်လမ်းတွဲများမှာ ၀ယ်ယူရသည့် ဈေးနှုန်းမြင့်မားသဖြင့် နောက်ပိုင်းတွင် ပြသမှု နည်းပါး လာကြောင်း သိရသည်။

နာမည်ကြီးဂျာနယ်၊ မဂ္ဂဇင်း များတွင်လည်း ကိုရီးယားမင်းသား၊ မင်းသမီးများ၏ အကြောင်းကို မပါမဖြစ် ကဏ္ဍတခုအနေနှင့် ထည့်သွင်းကြပြီး ကိုရီးယားအနုပညာသီးသန့်ဝက်ဘ်ဆိုက်များ ကိုလည်း ကြည့်ရှုသူ များပြားကြောင်း တွေ့ရသည်။

ယခုနောက်ပိုင်း မြန်မာပြည်မှ ဖက်ရှင်ဒီဇိုင်နာများသည်လည်း ကိုရီးယားရုပ်ရှင်မင်းသား၊ မင်းသမီးများ၏ ဝတ်စား ဆင်ယင်မှုကို အပ်နှံသူတို့ စိတ်ကြိုက် ဖန်တီးပေးနေရသည်ဟု ဆိုသည်။

“လူငယ်သရုပ်ဆောင် အဆိုတော် မိန်းကလေးတယောက်ဆိုရင် ကျမကို အွန်စောလို ပုံစံမျိုးလေး လုပ်ပေးပါလို့လာ အပ်တယ်၊ ကျမကလည်း အလုပ်ကြောင့်တီဗီ မကြည့်နိုင်တာနဲ့ အွန်စောဆိုတာလည်းမသိဘူးပေါ့၊ အဲဒါကြောင့် အခွေ ရှာဝယ်ကြည့်ပြီး ချုပ်ပေးလိုက်ရတယ်” ဟု ရန်ကုန်မြို့နေ ဒီဇိုင်နာ ရူပါရွှေက ၎င်း၏ အဖြစ်အပျက်ကို ပြောပြသည်။

ကိုရီးယား စားသောက်ဆိုင်များလည်း ရန်ကုန်မြို့တွင် တိုးပွားလျက်ရှိပြီး ၎င်း အစားအစာများကို ဂုဏ်ယူ၍ စားသောက်နေကြကြောင်း ကြားသိရသည်။

“စနေ၊ တနင်္ဂနွေဆို အဲဒီဆိုင်တွေမှာ တိုးကျိတ်နေတာပဲ။ တခါစားရဖို့အရေး ထိုင်စောင့်နေရတယ်” ဟု ကိုရီးယား စားသောက်ဆိုင်များသို့ သွားရောက်စားသောက်ခဲ့ဖူးသည့် ရန်ကုန်မြို့နေ လူငယ်တဦးက ဆိုသည်။

ကိုရီးယား ဂီတသံစဉ်များသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအနှံ့သို့ပါ ထိုးဖောက် နေပြီဖြစ်သည်။

မြန်မာပြည်၌ ပထမဆုံး လူကြိုက်များခဲ့သည့် ကိုရီးယားဇာတ်လမ်းတွဲ “ဆောင်းဦးရွက်ကြွေချစ်သက်သေ” အမည်ကို တိုက်ရိုက်အသုံးပြုပြီး ကော်ပီသီချင်းခွေအဖြစ် ထုတ်လုပ်ခဲ့ဖူးသည်။

“ကျနော်တို့ဆီမှာတင် မကပါဘူး၊ ကိုရီးယားရဲ့ ပေါ့ပ်ယဉ်ကျေးမှုက ကမ္ဘာအနှံ့ကိုပျံ့သွားတယ်။ မြန်မာပြည်မှာကျတော့ ဂီတရော၊ ဖက်ရှင်ရော၊ ရုပ်ရှင်ရော အကုန်လုံးလွှမ်းမိုးနေတာ ကုန်သလောက်ဖြစ်သွားပြီပေါ့” ဟု တေးရေးတေးဆို ဆောင်းဦးလှိုင်က ဧရာဝတီကိုပြောသည်။

ကိုရီးယားသီချင်းများမှာ အမေရိကန်ပြည်ထောင်စုမှ ဂီတပညာရှင်များဖြင့် ဆက်သွယ်လုပ်ဆောင်ကြသဖြင့် ဂီတ အရည်အသွေး ကောင်းမွန်ကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်မှ ကုမ္ပဏီအများစုကလည်း ကိုရီးယားမင်းသားမင်းသမီးများနှင့် ရုပ်ချင်းဆင်တူသူများကို ရွေးချယ်သည့် “ကိုရီးယားစတားရုပ်တူ” ပြိုင်ပွဲများ ကျင်းပပေးပြီး ဆုရရှိသူများကို တီဗီ ကြော်ငြာများ တွင် ထည့်သွင်းအသုံးပြုခြင်း၊ ကြော်ငြာဘီလ်ဘုတ်များ ရိုက်ခြင်း စသည်တို့ နှစ်စဉ် ပြုလုပ်လာကြသည်။

ယခုနောက်ပိုင်း ကာလများတွင် ကိုရီးယားအချစ်ဇာတ်လမ်းတွဲများကို ကမ္ဘာကပါ လက်ခံအားပေးလာသည်အထိ အောင်မြင်လာခဲ့သည်။

“ကိုရီးယားတွေက သူတို့ရဲ့ဘာသာ၊ ယဉ်ကျေးမှု၊ သူတို့နိုင်ငံကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်တဲ့ အရည်အချင်း ရှိတယ်။ ဒါတွေက မြန်မာပြည်အပါအ၀င် တကမ္ဘာလုံးကို လွှမ်းမိုးနိုင်တဲ့ သူတို့ရဲ့ ကြိုးပမ်းမှုပဲ” ဟု မြန်မာ လူငယ်ဒါရိုက်တာ ၀ိုင်းက ဧရာဝတီကိုပြောသည်။

ကိုရီးယားဇာတ်လမ်းများသည် ဖန်တီးမှု အဆင့်အတန်း တခု အဖြစ် အသိအမှတ် ပြုဖွယ် ရှိသောကြောင့် မြန်မာ ပရိသတ်အများစု လက်ခံလာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ မြန်မာဇာတ်လမ်းများမှာမူ ဖန်တီးနိုင်မှု အားနည်းသည် ဟု သူက ဆက်ပြောသည်။

ယင်း ကိုရီးယားဇာတ်လမ်းများမှာ စိတ်ကူးယဉ်ဆန်သည့်အတွက် ရသ အသစ်တခုကို ထပ်မရှာလျှင် ရိုးအီသွားနိုင်ပြီး နောက်ပိုင်းတွင် ကျဆုံးသွားနိုင်ကြောင်း ဒါရိုက်တာ ၀ိုင်းကသုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်