လူရွှင်တော်ကြီး ဦးဆိုနီ ကွယ်လွန်

E-mail Print
ရယ်ရွှင်ဖွယ် ဟာသပြက်လုံးများနှင့် ဟာသ အနုပညာရပ်များကို နယ်တကာလှည့်၍ ပရိသတ်များအတွက် ကျရာအခန်း ကဏ္ဍမှ လိုက်လံ ဖျော်ဖြေနေစဉ် နာမည်ကြီးလူရွှင်တော် ဆိုနီမှာ ပြီးခဲ့သည့် ရက်သတ္တပတ်က ကွယ်လွန်သွားပြီဖြစ် သည်။

“မျက်လှည့်အဖွဲ့နဲ့ ဖျော်ဖြေရင်း မျက်လှည့်ပြလိုက်သလိုပါပဲဗျာ”ဟု လူရွှင်တော် ဆိုနီနှင့်နီးစပ်သူ ဟာသ သရုပ်ဆောင် ကျော်ထူးက ဧရာဝတီ ကိုပြောပြသည်။

အသက် ၆၀ နှစ်ရှိ လူရွှင်တော်ဆိုနီမှာ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်တွင် စက္ကောမ မျက်လှည့်အဖွဲ့နှင့်လိုက်လံ ဖျော်ဖြေရင်း အောက်တိုဘာ ၃၀ ရက်တွင် ဦးနှောက်သွေးကြောပြတ်ရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

ဦးဆိုနီသည် မြန်မာ့အသံရေဒီယိုမှ ထုတ်လွှင့်ခဲ့သည့် ဟာဒယရွှင်ဆေးကဏ္ဍများ၊ မြန်မာ့ရုပ်မြင်သံကြား စမ်းသပ် ကာလ က ပြသခဲ့သည့် ဟာသကဏ္ဍများတွင် ဆိုနီ၊ မိုးကျော် ဟူ၍အတွဲညီညီဖြင့် လူကြိုက်များခဲ့သူ ဖြစ်သည်။

ဆိုနီ၊ မိုးကျော် တို့နှစ်ဦးသည် တခေတ်တခါကအောင်မြင်ကျော်ကြားခဲ့သော်လည်း လက်ရှိကာလတွင် လူရွှင်တော် အနေဖြင့် အသက်မွေးရခြင်းမှာ ခက်ခဲလာသောကြောင့် အဆင်ပြေရာလုပ်ကိုင်ရင်း စက္ကောမ မျက်လှည့် အဖွဲ့နှင့် နယ်တကာသို့ လှည့်လည် ဖျော်ဖြေရခြင်းဖြစ်ကြောင်း လူရွှင်တော် ကျော်ထူးက ပြောသည်။

“အနုပညာလောကမှာ လူရွှင်တော်ဆိုတာ ငွေကြေးနဲ့ပဲ ကြည့်မလား အဘက်ဘက်က အနိမ့်ဆုံးပါပဲ။ အခုလို မျက်လှည့် အဖွဲ့နဲ့လိုက်ပြီးအသက်မွေးရတယ်ဆိုတာ အရမ်းကိုနိမ့်ကျပါတယ်။ ဒါပေမယ့် စားဝတ်နေရေး အဆင် မပြေတော့ ရရာလုပ် ရတာပေါ့”ဟု လူရွှင်တော် ဧရာ ကလည်း ဆိုသည်။

ယင်းကဲ့သို့ လူရွှင်တော်အနုပညာဖြင့် အသက်မွေးဝမ်းကျောင်းရသည်မှာ ခက်ခဲသဖြင့် ကြုံရာကျပန်းလုပ်ကိုင် ကြရင်း လူရွှင်တော်လောကအတွက် အပြီးအပိုင် ဆုံးရှုံးသွားရသည့် ပညာရှင်လူရွှင်တော်ပေါင်းများစွာလည်း ရှိနေသည်။

လူရွှင်တော် ဧရာက“တချို့ ဘတ်(စ်)ကားတွေပေါ်မှာ ဗေဒင်ဟောစတမ်းတို့ ဆေးတို့လိုက်ရောင်းနေရတဲ့သူတွေဆိုရင် လူရွှင်တော်တွေ များပါတယ်။တချို့ဆိုက်ကားနင်းနေရတဲ့သူတွေတောင်ရှိပါတယ်။ နည်းနည်းနာမည်ရှိတဲ့ လူလောက်သာ မလုပ်ကြတာပါ”ဟု ပြောသည်။

ပွဲရှိလျှင် ကကြရပြီး မရှိသည့်အချိန်တွင် ကြုံရာကျပန်းလုပ်ကြသူများကို လူရွှင်တော်လောကမှ “ဒ၀ါ” ဟုခေါ်ပြီး လူ ရွှင်တော်အားလုံးနီးပါး ယင်းကဲ့သို့ အသက်မွေးနေကြရကြောင်း၊ ယခင်က ရန်ကုန်၊မန္တလေး မြို့များတွင် အငြိမ့်အဖွဲ့ များမှာ လက်ညိုးထိုးမလွဲရှိခဲ့သော်လည်း ယခု မန္တလေးတွင် ၅ ဖွဲ့၊ ရန်ကုန်တွင် မရှိသလောက်နည်းပါးသွားပြီဖြစ် ကြောင်းလည်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ အငြိမ့်လောက ပျောက်လုနီးပါးဖြစ်နေရခြင်းမှာလည်း ပရိသတ်၏ အားပေးမှုနှင့် နိုင်ငံတော်မှ ပံ့ပိုးမှု အား နည်းခြင်းများကြောင့်ဖြစ်သည်ဟု လူရွှင်တော် ဧရာကပြောသည်။

ထို့ကဲ့သို့ လူရွှင်တော်များနည်းတူ ရုပ်ရှင်၊ ဗီဒီယို လောကမှ လူကြမ်း သရုပ်ဆောင်အဖြစ် အသက်မွေးကြရသူများ လည်း အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်းသိရသည်။

၎င်း လူကြမ်းသရုပ်ဆောင်များသည် ရန်ကုန်မြို့ ၃၅ လမ်းရှိ လက်ဖက်ရည်ဆိုင်များတွင် သရုပ်ဆောင် အလုပ်ရရှိရန် တနေ့တာလုံး လက်ဖက်ရည်တခွက်တည်းဖြင့် ရူတင်မန်နေဂျာလာခေါ်မည့်အချိန်ကို ညနေစောင်းချိန်အထိ စောင့်ကြ ရကြောင်း၊ ညနေစောင်းချိန်အထိ သရုပ်ဆောင်အလုပ်မရရှိသည့် နေ့ရက်များစွာရှိကြောင်း လူရွှင်တော် ကျော်ထူး က ပြောပြသည်။

“အဲ့ဒီဆိုင်တွေမှာထိုင်စောင့်တဲ့ သူကများတော့ ရှုတင်မန်နေဂျာကလည်း သူနဲ့ပတ်သက်ရာပတ်သက်ကြောင်း အဆင် ပြေတဲ့သူပဲ ရွေးခေါ်သွားတယ်။ အခေါ်မခံရတဲ့သူတွေဆိုရင် အစာအိမ်ရောဂါဖြစ်ကြတာများတယ်။ တနေကုန် ထမင်း မစားဘဲ ရှုတင်ထမင်းကိုမျှော်ကိုးပြီး လက်ဖက်ရည်တခွက်တည်းနဲ့ တနေကုန်စောင့်ကြရတာ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ ၃၅လမ်းမှာ အနုပညာနှင့်ပတ်သက်သူများ ကျက်စားရာနေရာဖြစ်သဖြင့် အဆိုပါ နေရာသို့ အလုပ်အကိုင် မရှိသည့် အနုပညာရှင်ပေါင်းစုံလာရောက်ကြပြီး ယခင်က နာမည်ကျော်သီချင်းရေးဆရာ ရွှေမြိုင်အုန်းဖေလေးဆိုသူမှာ အဆိုပါ လမ်းထဲတွင် နိစ္စဒူဝ ထိုင်ကာ အလုပ်ရရန် စောင့်ဆိုင်းရသောကြောင့် အာဟာရပြတ်ကာ အစာအိမ် ရောဂါ ဖြင့် ကွယ်လွန်သွားခဲ့ဖူးကြောင်း လူရွှင်တော် ကျော်ထူးက ပြောပြသည်။

ယင်းကဲ့သို့ နှစ်သက်ရာ အနုပညာအလုပ်ကို ဖက်တွယ်ကာ ချို့ချို့ငဲ့ငဲ့ဖြင့် ဘ၀ကို ရုန်းကန်လှုပ်ရှားနေကြသူများ နည်း တူ လူရွှင်တော်များသည် ပြည်သူ့ကိုယ်စား မှန်ရာကိုထုတ်ဖော်ပြောကြားမှုများ ရှိသောကြောင့် အစိုးရ၏ ငြိုငြင်မှုကို ခံရပြီး ထောင်သွင်း အကျဉ်းချခံရသူများ၊ အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်ခွင့် အပိတ်ခံထားရသူများလည်း ရှိသည်။

ထိုကဲ့သို့ အစိုးရ၏ ငြိုငြင်ခံရသူများတွင် ၁၉၉၆ ခုနှစ်က ထောင်ဒဏ် ၇ နှစ်ချခံရကာ အနုပညာအလုပ် လုပ်ကိုင်ခွင့် အကန့်အသတ်မရှိ အပိတ်ခံထားရသော လူရွှင်တော် ပါပါလေး နှင့် ၂၀၀၈ ခုနှစ် ဇွန်လပိုင်းမှစတင်၍ နာဂစ် ဆိုင်ကလုန်းလေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်မြှုဖင့် ထောင်ဒဏ် ၅၉ နှစ်ချခံထားရသည့် လူရွှင်တော် ဇာဂနာ တို့သည် ရှေ့တန်းက ပါဝင်သူများဟု ဆိုရမည်ဖြစ်သည်။

မကြာသေးခင်ကလည်း အစိုးရ(သို့မဟုတ်)အစိုးရတာဝန်ရှိသူများကို ပုတ်ခတ်ဝေဖန်သည့် စကားလုံများ ပြောဆိုပါက ထောင်ဒဏ် ၃ နှစ်မှ တသက်တကျွန်းအထိ ကျခံရမည်ဖြစ်သည်ဟု အာဏာပိုင်များက အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

မန္တလေးမှ လူရွှင်တော်ပါပါလေး၏ ညီ လူရွှင်တော် နှုတ်ခမ်းမွေး လူမော်ကမူ အာဏာပိုင်များ၏ ယခုအပြုအမူမှာ ပြင်းထန်လွန်းသည်ဟု ဆိုသည်။

မျိုးဆက်သစ်လူရွှင်တော်များအနေဖြင့်လည်း ကိုယ့်ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသည့် မမှန်ကန်သောလုပ်ရပ်များ၊ အဖြစ်အပျက် အမှန်တရားများကို  ပြည်သူ့ကိုယ်စား ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားသင့်ကြောင်း လူရွှင်တော် လူမော်က ဆိုသည်။

“လူရွှင်တော်ဆိုတာ အပြုသဘောပါ။ အဖျက်သဘောမဟုတ်ပါဘူး၊ လက်နက်လည်းမရှိပါဘူး၊ ပါးစပ်ပဲရှိတာပါ၊ အ ကယ်၍ ပြက်လုံးကိုသဘောမကျဘူး စိတ်ဆိုးစရာရှိတယ်ဆိုရင်လည်း လျှော့လျှော့ပေါ့ပေါ့နဲ့ စဉ်းစားပေးစေ လိုပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်