ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာ သွားမည်

E-mail Print
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် တို့သည် မကြာမီ ကာလ အတွင်း သီရိလင်္ကာ နိုင်ငံသို့ သွားရောက် မည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ရေးထားသည်။

သီရိလင်္ကာ သမ္မတ မစ္စတာ မဟင်ဒါရာဂျာပတ်ခ်စာက ဗိုလ်ချုပ်မှူးကြီးကို အလည်အပတ် ဖိတ်ကြားခဲ့ကြောင်း ရေးသားထားပြီး သွားရောက်မည့် နေ့ရက်ကို ဖော်ပြထားခြင်းမရှိပေ။

ဇွန်လက တမီးလ်ကျား သူပုန်များကို နှိမ်နင်းပြီးနောက် သီရိလင်္ကာ သမ္မတသည် နေပြည်တော်သို့ သွားရောက် လည်ပတ်ခဲ့သည်။ ယင်းခရီးစဉ်တွင် သီိရိလင်္ကာ သမ္မတက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့် ၂နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

သီရိလင်္ကာ သမ္မတ၏ ဇွန်လ ခရီးစဉ်သည် မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက်သည့် အချိန်ကာလနှင့်လည်း တိုက်ဆိုင်နေသည်။

အပြန်အလှန်အားဖြင့် ပြုလုပ်မည့် မြန်မာစစ်ခေါင်းဆောင်၏ သီရိလင်္ကာ ခရီးစဉ်သည် ထူးခြားမှု ရှိလိမ့်မည် မဟုတ်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်သော မြန်မာ့အရေး လေ့လာသူ ကိုဝင်းမင်းက ယူဆသည်။

“ဗိုလ်ချုပ်ကြီး သန်းရွှေ ခရီးစဉ်က အကြောင်း၂ ခုကြောင့် ဖြစ်နိုင်ပါတယ်။ သီရိလင်္ကာ အစိုးရက တမီးလ် သူပုန်တွေကို နှိမ်နင်းတာကို သူအားကျတဲ့ အတွက်ရယ်၊ နောက်တခုက ဗေဒင်ဆရာက သွားခိုင်းလို့ ဖြစ်မှာပေါ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံရေး သုံးသပ်သူတွေထက် ဗေဒင်ဆရာကို ပိုယုံတယ်” ဟု ကိုဝင်းမင်းက ဧရာဝတီကို ပြောသည်။

မြန်မာနှင့် သီရိလင်္ကာတို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို အခြေခံသည့် နိုင်ငံများ ဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံများထဲတွင် ပါဝင်ကြောင်း လေ့လာသူများက ဆိုသည်။

သီရိလင်္ကာ အစိုးရသည် ပြည်တွင်းစစ်ပွဲကြောင့် ထွက်ပြေးနေရသည့် ဒုက္ခသည် ၂၅၀၀၀၀ တို့နှင့် ပတ်သက်၍ ဝေဖန် ရေးသား၊ ပြောဆိုခြင်း မပြုရန် မီဒီယာနှင့် လူ့အခွင့်အရေး အဖွဲ့များကို တားမြစ်ထားကြောင်း Human Rights Watch ဟု ခေါ်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ မှ ညွှန်ကြားရေးမှူးတဦး ဖြစ်သူ မစ္စတာ James Ross က ဧရာဝတီမဂ္ဂဇင်းတွင် ရေးသားခဲ့ဖူးသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ခုနှစ်တွင် ဗိုလ်ချုပ်ကြီး စောမောင်ထံမှ အာဏာကို လွှဲပြောင်းရယူပြီး နောက်ပိုင်း စင်္ကာပူ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စသည့် ဒေသတွင်း နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ယခု သီရိလင်္ကာသို့ သွားရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဒေသတခုအတွင်း တည်ရှိသော နိုင်ငံများဖြစ်သည့် မြန်မာနှင့် သီရိလင်္ကာတို့အကြား ထိတွေ့ ဆက်ဆံမှု တခါတရံရှိကြောင်း တွေ့ရသည်။

၁၉၈၈ ခုနှစ်တွင် သီရိလင်္ကာက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ သန်းဖိုး ရင်းနှီး မြှုပ်နှံခဲ့သည်။

ဇွန်လအတွင်းက စစ်အစိုးရသည် လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် သီရိလင်္ကာ နိုင်ငံသားများအတွက် ဒေါ်လာ ၅၀၀၀၀ ပေးအပ် လှူဒါန်းခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သီရိလင်္ကာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာပြည်သို့ လာရောက်၍ ဆန် မက်ထရစ် တန်ချိန် ၅၀၀၀၀ ကို သီရိလင်္ကာသို့ တင်ပို့ရေး ဆွေးနွေးခဲ့သည်။

၂၀၀၆ နိုဝင်ဘာတွင် သီရိလင်္ကာက လေကြောင်း၊ ရေကြောင်း တိုက်ရိုက် ဆက်သွယ်၍ နှစ်နိုင်ငံ ကုန်သွယ်ရေးကို ပိုမို တိုးမြှင့်ရန် ကမ်းလှမ်းခဲ့ရာ မြန်မာဘက်က သဘောတူညီခဲ့သည်။
 
မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (BIMSTEC)၏ အဖွဲ့ဝင် နိုင်ငံများလည်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်