ရေဒီယို သြစတြေးလျက မြန်မာဘာသာ ထုတ်လွှင့်ပြီ

E-mail Print
သြစတြေးလျနိုင်ငံ မဲလ်ဘုန်း (Melbourne) မြို့အခြေစိုက် ရေဒီယို သြစတြေးလျ (ABC) က ၁၅ မိနစ်ကြာ မြန်မာဘာသာ အသံလွှင့် အစီအစဉ်ကို ယမန်နေ့မှစ၍ ထုတ်လွှင့် လိုက်ကြောင်း သိရသည်။

ယင်း မြန်မာပိုင်း အစီအစဉ်ကို မြန်မာစံတော်ချိန် နံနက် ၅ နာရီ၃၀ မှ ၅း၄၅ မိနစ် အထိ အဓိက ထုတ်လွှင့် ခြင်းဖြစ်ပြီး အစီအစဉ် စုစုပေါင်း ၄ ကြိမ် ပြန်လည်ထုတ်လွှင့်နေခြင်းဖြစ်သည်။

မြန်မာပိုင်း အသံထုတ်လုပ်ရေးမှူးလည်းဖြစ်၊ တဦးတည်းသောတာဝန်ခံလည်းဖြစ်သည့် ဒေါ်ခင်မာဝင်းက “ရေဒီယို သြစတြေးလျ က မြန်မာဘာသာကို အသံလွှင့်ဖို့ကြိုးစားတာ လွန်ခဲ့တဲ့နှစ် ၅၀ လောက်ကတည်းက သူတို့ ကြိုးစားခဲ့တာ၊ funding မရှိခဲ့ဘူး။ လက်ရှိ သြစတြေးလျအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချတဲ့သတင်းနဲ့ပတ်သက်ပြီး မြန်မာပြည်ကိုတုံ့ပြန်တဲ့အနေနဲ့ ဒီအစီအစဉ်ကို ရှိစေချင်တယ်လို့ ပြောတဲ့အတွက် ABC ကလည်းလုပ်ဖြစ်သွားတာပါ” ဟု ဧရာဝတီကိုပြောသည်။

ဆင်လက်ပြီး ၎င်းက “သြစတြေးလျနဲ့ ဆိုင်တဲ့သတင်း၊ ဗမာပြည်စိတ်ဝင်စားမယ့် ဒေသန္တရနဲ့ ဆိုင်တဲ့သတင်း ပေါ့ အဲဒါတွေကို အဓိက ထားတယ်၊ သတင်းက ၅ မိနစ်လောက်ပဲ ခြုံငုံပြီးလွှင့်သွားဖို့ပဲရှိတယ်၊ လောလော ဆယ် သီချင်းနဲ့အချိန်ဖြည့်သွားမယ်၊သီချင်းကလည်း လူကြိုက်များတဲ့ မြန်မာသီချင်းတွေပါပဲ”ဟု ပြောသည်။

ယင်း ABC သတင်းဌာန အကြီးအကဲဖြစ်သူ Hanh Tran က မြန်မာအစီအစဉ်သစ်ကို စတင်လွှင့်ထုတ် နိုင်ခြင်းကြောင့် သူ၏ ဘဝတွင် အပျော်ရွှင်ဆုံးကာလတခုဖြစ်သည်ဟု ABC သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ABC သတင်းဌာနသည် ၂၀၀၉ ခုနှစ်တွင် ဒေသတွင်း အသံလွှင့်ချိန် နှစ်ပေါင်း ၇၀ တိုင် ပြီဖြစ်ကြောင်းသိရသည်။

ABC သတင်းဌာနမှ မြန်မာဘာသာအပါအဝင် အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ခမာ၊ ဗီယက်နမ်၊ Papua New Guinea စသည့် ဘာသာများဖြင့်လည်း ထုတ်လွှင့်ပေး လျက်ရှိသည်။

“ABC သတင်းထောက်အနေနဲ့ ကမ္ဘာအနှံ့ သတင်းထောက် အယောက် ၆၀ လောက်ရှိတယ်၊ သူတို့ သတင်း တွေ ပေးမယ်၊ လောလောဆယ် တာဝန်ခံ ကျမတယောက်တည်း ရှိသေးတော့ သတင်းထောက်ပြီး သတင်း ပေးဖို့က မဖြစ်နိုင်သေးဘူး” ဟု ဒေါ်ခင်မာဝင်းက ပြောပြသည်။

ABC သည် ယုံကြည်စိတ်ချရသော သတင်းဌာနတခုဖြစ်ပြီး၊ အာရှ-ပစိဖိတ် ဒေသအရေးကို အဓိက ဦးတည် ခြင်းဖြစ်ကြောင်းနှင့် မြန်မာအစီအစဉ်အနေဖြင့် မြန်မာနှင့် သြစတြေးလျ ၂ နိုင်ငံကြား နားလည်ရင်းနှီးမှု ပိုမို ရရှိရန် မျှော်လင့်ကြောင်း http://www.radioaustralia.net.au/burmese/ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“လတ်တလော နိုင်ငံတကာက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာရုံစိုက်မှုအပေါ်တိုးပွားလာခြင်းနှင့် နောင် နှစ်တွင် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတ တိုးပွားရေးအတွက် ယခုအစီအစဉ် စရန် ဆုံးဖြတ်ခြင်းဖြစ်သည်”ဟုလည်း Hanh Tran က ဆိုထားသည်။

ပြီးခဲ့သည့် သြဂုတ်လတွင် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး စတီဖင် စမစ်က ဒီမိုကရေစီနှင့်လူ့အခွင့် အရေးမြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာပိုင်း အစီအစဉ်ကို အကောင်အထည်ဖော်ရန် စီစဉ်ကြောင်း သတင်းထုတ်ပြန်ခဲ့သေးသည်။

မြန်မာ စစ်အစိုးရသည် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းကို ထိန်းချုပ်ထားပြီး နိုင်ငံသားများကိုလည်း ပြည်ပ နိုင်ငံများနှင့် ရင်းနှီးထိတွေ့မှု မရှိစေရန် ကန့်သတ်ထားသည်။

လက်ရှိ ပြည်ပ အသံလွှင့်သတင်းဌာနများတွင် လန်ဒန်အခြေစိုက် BBC မြန်မာပိုင်း အစီအစဉ်၊ အမေရိကန် အစိုးရက ထောက်ပံ့ပေးထားသည့် (Voice of America-VOA)၊ လွတ်လပ်သည့် အာရှအသံ (Radio Free Asia-RFA) နှင့် နော်ဝေ အစိုးရက ထောက်ပံ့ နေသော ဒီမိုကရက်တစ် မြန်မာ့အသံ (Democratic Voice of Burma- DVB) တို့သည် မြန်မာနိုင်ငံအတွင်း လူသိများသော ပြည်ပ သတင်းဌာနများဖြစ်သည်။

စစ်အစိုးရထုတ် သတင်းစာများ၌ “VOA, BBC ရန်တိုက်ပေးနေသည်၊ RFA, DVB သွေးထိုး နေသည်၊ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံများ နားမယောင်လေနှင့် သတိထား”ဟူသည့် စာသား များကို ကျောဖုံးစာမျက်နှာတွင် နေ့စဉ်ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်