သေဆုံးသူ ရေလုပ်သားများအတွက် နစ်နာကြေးရရန် အလုပ်သမားအခွင့်အရေးအဖွဲ့ တောင်းဆို

E-mail Print
ထိုင်းနိုင်ငံ အလုပ်သမားရေးရာ တရားရုံးက ထိုင်းလူမျိုးတဦးပိုင် ငါးဖမ်းစက်လှေ ပေါ်၌ ၃ လ ခန့် အစာ ရေစာ ပြတ်လပ် သည့် ဒုက္ခခံစားခဲ့ရသော ရေလုပ်သားများအတွက်ချမှတ်ပေးသည့်နစ်နာကြေးငွေ ဘတ် ၄.၉ သန်းတွင် မြန်မာနိုင်ငံသားများ အပါအ၀င် သေဆုံးသူ ၃၉ ဦးအတွက် မပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား အခွင့်အရေးအဖွဲ့ LRPN က ပြောဆိုလိုက်သည်။

ယင်းစက်လှေပေါ်တွင် လိုက်ပါခဲ့သော ရေလုပ်သားများအားလုံးအတွက် တောင်းဆိုထားသော ငွေကြေးပမာဏ သည် ဘတ်ငွေ ၁၅ သန်း ဖြစ်သော်လည်း ယခု တရားရုံးမှချမှတ်ခဲ့သော လျော်ကြေးငွေ ၄.၉သန်းမှာ အသက် ဆုံးရှုံး သွားသူများ အတွက်မပါဝင်ဟု ထိုင်းနိုင်ငံ မဟာချိုင် အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး အဖွဲ့ (Labor Rights Promotion Network-LRPN)က ဧရာဝတီသို့ ပြောသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ လှေပိုင်ရှင်တွင် တာဝန်ရှိကြောင်းနှင့် သေဆုံးခဲ့သူများအပါအ၀င် လှေပေါ်ပါ ရေလုပ်သားများ အားလုံးအတွက် ထိုက်တန်သော နစ်နာ ကြေးရရှိရန် LRPN က တရားရုံးတွင် လျှောက်ထား တောင်းဆိုခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် က အမိန့်ချဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။

LRPN အဖွဲ့၏ ဒါရိုက်တာ စွန်ပေါင်ဆကောဝ်က “တရားရုံးက ပင်လယ်မှာ သေဆုံးတဲ့သူတွေနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ ဆီမှာ ခိုင်လုံတဲ့သက်သေ အထောက်အထားမရှိဘူးလို့ပြောတယ်၊ ဒါကြောင့် သူတို့ကသေဆုံးတဲ့သူတွေအတွက် လျော်ကြေး ပေးဖို့ငြင်းတာပေါ့၊ ကျနော်တို့ရဲ့ ရှေ့နေတွေက အချက်အလက်တွေ ထပ်မံ စုဆောင်းပြီး တရားရုံးမှာ တင်ပြဖို့ ကြိုးစားနေ ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ရရှိသောလျော်ကြေး ပမာဏနည်းပါးခြင်းမှာ ခိုင်လုံသည့် အထောက်အထား ကိုတရားရုံးတွင်တင် ပြနိုင်ခြင်း မရှိသဖြင့်ဖြစ် ကြောင်း၊ ရေလုပ်သားများအနေနှင့် တရားရုံးသို့လာရောက်ရန် အတွက် တရားဝင်စာ ရွက်စာတမ်း မရှိကြောင်း၊ အဆိုပါဖြစ် စဉ်တွင်ပါဝင်ခဲ့သူအားလုံးမှာ အနယ်အရပ်ရပ်သို့ ရောက်ရှိနေသောကြောင့် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

စက်လှေပေါ်တွင် လိုက်ပါခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့သည့် အောဝ်ဂျေးနပ်ကမူ“ကျနော်တရားရုံးကို ဒီကိစ္စ နဲ့ ပတ်သက် ပြီးတော့ အကြိမ်ကြိမ်သွားခဲ့တယ်၊ ဒါပေမယ့် တရားရုံးကဒီကိစ္စကို နှောင့်နှေးကြန့်ကြာအောင် တမင် အချိန်ဆွဲ ထားပြီးတော့ လျော်ကြေးပေးရမှာကို ငြင်းတယ်၊ အခုလျော်ကြေးပေးပြန်တော့လည်း သူတို့ က လူ ၂၀ ပြည့်မှ လျော်ကြေးပေးမယ်လို့ ပြောတယ်၊ ကျနော်တို့က အနယ်နယ်အရပ်ရပ်ကဆိုတော့ လူပေါင်း၂၀ ပြည့် အောင် ဘယ်လိုစုရမှာလဲ၊ သူတို့တကယ်ပေး ချင်တယ် ဆိုရင်ပေးလို့ရပါတယ်၊ ကျနော် တို့က တကယ် ခံစားရတဲ့ သူတွေပါ”ဟု ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့သော၂နှစ်ခန့်က အဆိုပါ ထိုင်းလူမျိုး တဦးပိုင် ပရာဖာစနာဗီး အမည်ရှိ ငါးဖမ်းစက်လှေသည် အင်ဒိုနီးရှား ပင်လယ် အတွင်း၌ ရှိစဉ် အစားအစာနှင့် သောက်ရေသန့်ပြတ်လပ်သွားခဲ့ရာ ယင်းလှေပေါ်တွင် ပါလာသော ရေလုပ်သား ၁၀၀ခန့်မှာ ၃လ ခန့် အစာရေစာ ငတ်မွတ်မှုဖြစ်ပြီး ၃၉ ဦး အသက်ဆုံးရှုံးသွားခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားရဲများကို ကြောက်ရွံသည့်အတွက် စက်လှေမှာ ကမ်းသို့မကပ်ဘဲ ထိုင်းသို့ပြန်လာစဉ် ဤသို့ ဖြစ်ပွား ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အသက်ဆုံးရှုံးသွားသော ရေလုပ်သား ၃၇ ဦးကို ပင်လယ်အတွင်းပစ်ချခဲ့ပြီး၂ ဦးမှာ ကျွန်းပေါ်တွင် မြေမြှပ် သင်္ဂြီုလ်ခဲ့ ကြောင်း၊ ကျန်သည့် ရေလုပ်သားများမှာလည်း ဆိပ်ကမ်းသို့ရောက်သည့် အခါတွင် ပင်ပန်းနွမ်း နယ်ခြင်း၊ ခန္ဓာကိုယ် ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ အစရှိသောအာဟာရ ချိုတဲ့သည့်ဝေဒနာများကို ခံစား ကြရ ကြောင်း ပြီးခဲ့သည့် သောကြာ နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ဖော်ပြထားသည်။

အသက်ရှင်သန်ကျန်ရစ်နေသော ရေလုပ်သားများနှင့် အသက်ဆုံးရှုံးသွားခဲ့သော ရေလုပ်သားများ၏မိသားစုများက စက်လှေပိုင်ရှင်ထံမှ ရသင့်ရထိုက်သော လျော်ကြေးများကိုတောင်းခံခဲ့သော်လည်း လျစ်လျုရှုခံရကာ ထိုင်း အာဏာ ပိုင်များကလည်း နိုင်ငံတကာရေပိုင်နက်အတွင်း ဖြစ်ပွားခဲ့သော ၎င်းပြဿနာအားစုံစမ်း စစ်ဆေး ပေးရန် ငြင်းဆိုခဲ့ကြသည်။

ယခုအမှုကို စတင်တရားစွဲဆိုစဉ်က ရေလုပ်သားမှာ ၆၂ ဦးရှိပြီး၊ တချို့မှာ အလုပ်ရှင်နှင့် နားလည်မှု ရယူ၍ တရားစွဲရာတွင် ပါဝင်ခြင်းမရှိကြောင်း၊ ရေလုပ်သားများနှင့် ပတ်သက်၍ လျော်ကြေးရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်းနှင့် အမှုမှာလည်း ၂နှစ်နီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ(Seafarers Union of Burma-SUB)အဖွဲ့မှ ကိုအောင်အောင်က “အခုပေးတဲ့လျော် ကြေးက လက်ရှိအသက်ရှင် ကျန်ခဲ့တဲ့ လူတွေ အတွက်ပဲ၊ အသက်ဆုံးရှုံးသွားတဲ့သူတွေ လျော်ကြေးရဖို့အတွက် ကျနော်တို့ အဖွဲ့က ဆက်ကြိုးစားသွားမယ်၊ ရွှေ့ပြောင်း အလုပ်သမားများကို အကာ အကွယ်ပေးတဲ့ ထိုင်း ဥပဒေအပေါ်မှာ လိုက်နာ ရမယ့် ၀န်ထမ်း တွေရဲ့ပျက်ကွက် မှုတွေလည်းရှိတယ်၊ သူတို့ လေးလေးစားစား လိုက်နာတာကို မတွေ့ရဘူး၊ ဒီဥပဒေက အလုပ်ရှင်ဘက်ကသာ ကာကွယ်ပေးထား ပြီးတော့ အလုပ်သမားများဘက်က ကာကွယ်ပေးတာ မဟုတ်ပါဘူး”ဟု ပြောဆိုသည်။

ယင်းစက်လှေပေါ်ပါ ရေလုပ်သား အများစုမှာ မွန်တိုင်းရင်းသားများဖြစ်ကြပြီး ထိုင်း၊ ကရင်နှင့် မြန်မာ လူမျိုးများ လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ အလုပ်သမား အခွင့်အရေး အဖွဲ့အစည်းများ၏ ကူညီမှုသာ မရရှိခဲ့ပါက အပြစ်မဲ့ရေလုပ်သား များသေဆုံးခဲ့သည်ကို ရက်ကြာလာသည်နှင့်အမျှ မေ့မေ့ပျောက်ပျောက်ဖြစ်သွားနိုင်ကြောင်း လေ့လာသူများက ဝေဖန် သုံးသပ် ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်