မြန်မာ့ ဒီမိုကရေစီအရေး အကြမ်းမဖက် လှုပ်ရှားမှုအကြောင်း ဆွေးနွေး

E-mail Print
အိန္ဒိယနိုင်ငံတွင် ကျင်းပနေသော  နိုင်ငံတကာ အကြမ်းမဖက် လှုပ်ရှားမှုညီလာခံတွင် မြန်မာ့ ဒီမိုကရေစီရေး အကြမ်းမဖက် လှုပ်ရှားမှုများ အကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ယင်းညီလာခံကို အိန္ဒိယနိုင်ငံ ဟာရီယာနား ပြည်နယ်၊ ဖရီဒါဘတ်မြို့ ဆူရဂ်ျခန်းအရပ်တွင် အကြမ်းမဖက်လှုပ်ရှားမှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ရည်ရွယ်၍ Hind Swaraj Centenary Commemoration Committee က ဦးစီး ကျင်းပခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသည့် ထိုညီလာခံတွင် မြန်မာနှင့် တိဘက် အပါအ၀င် နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အခြေအနေများ၊ အကြမ်းမဖက် လမ်းစဉ်ဖြင့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုများကို ဆွေးနွေးခဲ့ကြသည်။

“လက်ရှိ မြန်မာနိုင်ငံမှာ ဆက်လက်ကြိုးစားနေဆဲဖြစ်တဲ့ အကြမ်းမဖက်လှုပ်ရှားမှုအကြောင်းကို ကျနော်တင်ပြဆွေးနွေးခဲ့ပါတယ်။ အကြမ်းမဖက် လှုပ်ရှားမှုကို ကမ္ဘာမှာ ရှေ့ကနေ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ဆိုလို့ ဘုန်းတော်ကြီး ဒလိုင်းလားမားရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ပေါ့လေ၊ တနည်းအားဖြင့် တိဘက်အရေးနဲ့ မြန်မာ့အရေးက အားလုံးသိကြပြီးသား။ အင်မတန်မှ စိတ်ဝင်စားကြတဲ့ နှစ်နိုင်ငံရဲ့ ကြိုးစားမှုတွေဖြစ်ပါတယ်” ဟု မြန်မာ့အရေး တက်ရောက် ဆွေးနွေးခဲ့သော NCGUB ၀န်ကြီး ဒေါက်တာတင့်ဆွေက ဧရာဝတီသို့ ပြောသည်။

ညီလာခံ တက်ရောက်လာသူများက မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်လမ်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးများ လုပ်ဆောင် နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားတို့၏ လုပ်ဆောင်ချက် များကို စံနမူနာထား ထည့်သွင်း ဆွေးနွေးကြသည်ဟု သိရသည်။

ဒေါက်တာတင့်ဆွေက “ဒီညီလာခံမှာ အခုလို တင်ပြဆွေးနွေးခွင့်ရတော့ အားရကျေနပ်မိပါတယ်။ ကျနော်တို့ကို စစ်အစိုးရက အကြမ်းဖက် သမားတွေလို့ ပြောပြောနေတာတွေကို ဒီညီလာခံက ပြန်လည်ချေပပေးတယ်လို့ပဲ ပြောလိုပါတယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံ၏ ငြိမ်းချမ်းရေး ခေါင်းဆောင် မဟတ္တမဂန္ဒီ ရေးသားပြုစုခဲ့သည့် “ကိုယ့်ထီးကိုယ့်နန်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ရေး” (Hind Swaraj)  စာတမ်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့က  နှစ် ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်သောကြောင့် ယင်းစာတမ်း ရာပြည့်အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၁၉ ရက်နေ့မှ ၂၂ ရက်အထိ အဆိုပါ ညီလာခံကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ၊ ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် မဟတ္တမဂန္ဒီ ချမှတ်ကျင့်သုံး ခဲ့သော အကြမ်းမဖက် လှုပ်ရှားမှုလမ်းစဉ်ကို ပိုမို ပြန့်ပွားရှင်သန်စေရန် ဖြစ်ကြောင်း သိရသည်။

“မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်ကနေ လုပ်ဆောင်နေကြတဲ့ သူတွေအားလုံးဟာ မဟတ္တမဂန္ဒီကြီးရဲ့ ဒီလမ်းစဉ်၊ ဒီအသံတွေကို ကိုယ်စားပြုတဲ့သူတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့အရေးကိုလည်း ဒီမှာ ထည့်သွင်းဆွေးနွေးတာပါ” ဟု ညီလာခံကို ဦးဆောင်ကျင်းပသည့် အဖွဲ့ဝင် တဦးဖြစ်သူ Dr. Rajiv Vora က ဧရာဝတီကို ပြောသည်။

ပြည်သူလူထုကို မတရား ဖိနှိပ်အုပ်ချုပ်နေသော မြန်မာစစ်အစိုးရ၏ လုပ်ရပ်များမှာ မြန်မာပြည်၏ တိုးတက်မှုကို နှောင့်နှေး စေသည်ဟု သူကဆို၍ ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ကာလများက ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော ရဟန်းရှင်လူတို့ကို စစ်အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့မှုအပေါ် ထောက်ပြ ဝေဖန်သွားသည်။

ဆက်လက်၍ ၎င်းက “တိုင်းပြည်တခု တိုးတက်ဖို့ဆိုတာ တိုင်းသူပြည်သားတွေရဲ့ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်၊ လုပ်ပိုင်ခွင့် တွေအပေါ်မှာ အများကြီးမူတည်တယ်။ ဂန္ဒီကြီး ချမှတ်ခဲ့တဲ့ လမ်းစဉ်မှာ ဒီလွတ်လပ်ခွင့်တွေအတွက်၊ အကြမ်းမဖက်မှုတွေအတွက် အများကြီးပါတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိမိတိုင်းပြည်ကောင်းစားရေးအတွက် မဟတ္တမဂန္ဒီ၏ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်နေပြီး မြန်မာပြည်သူတို့သည်လည်း အကြမ်းဖက်မှုများကို လုပ်ဆောင်ခြင်းမရှိသည့်အတွက် မြန်မာစစ်အစိုးရအနေဖြင့် ပြည်သူလူထုကို စာနာ ထောက်ထားသင့်သည်ဟု သူကပြောသည်။

မဟတ္တမဂန္ဓီ၏ အကြမ်းမဖက်လမ်းစဉ်ဖြင့် ငြိမ်းချမ်းရေး လှုပ်ရှားမှုများ ဆောင်ရွက်နေသော အိန္ဒိယအဖွဲ့အစည်းတခုဖြစ်သည့် Swaraj Peeth မှ ဒါရိုက်တာ Dr. Niru Vora ကလည်း မိတ်ဆွေနိုင်ငံဖြစ်သော မြန်မာနိုင်ငံ ပြည်သူလူထု၏ လူသားဆိုင်ရာ ဂုဏ်သိက္ခာ၊ ဒီမိုကရေစီနည်းလမ်းကျမှု၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များအတွက် အလေးထားကြောင်း ပြောဆိုသည်။

“မြန်မာပြည်ကို အုပ်ချုပ်နေတဲ့သူတွေအပေါ်မှာ ကျမတို့အနေနဲ့ ဆန့်ကျင်ဖက် လက္ခဏာဆောင်တဲ့ ခံစားချက်မျိုး မရှိပါဘူး။ ကြွေးကြော်သံတွေ အော်ဟစ်တာမျိုးလည်း မလုပ်လိုပါဘူး။ ဒါပေမယ့် ကိုယ့်တိုင်းပြည် အကျိုးအတွက်လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီရေးလုပ်နေသူတွေကို အခွင့်ရေးတခါလောက်တော့ပေးပါ။ မြန်မာပြည်သူတွေကို ဒီမိုကရေစီရဲ့ အရသာကို ခံစားခွင့်ပေးပါ ဆိုတာကိုပဲ မေတ္တာရပ်ခံချင်တာပါပဲ” ဟု သူက ဆိုသည်။

ညီလာခံနောက်ဆုံးနေ့တွင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက နိုင်ငံတကာနှင့် ကမ္ဘာ့ခေါင်းဆောင်များ၊ နိုင်ငံရေး လှုပ်ရှားနေသူများအနေဖြင့် မေတ္တာတရားရှေ့ထား၍ ငြိမ်းချမ်းရေးအတွက် ဆက်လက် လုပ်ဆောင်သွားကြရန် တိုက်တွန်းမိန့်ကြားသွားခဲ့သည်။

ညီလာခံအပြီးတွင် တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ မိမိတို့လုပ်ဆောင်နေသည့် အကြမ်းမဖက်လှုပ်ရှားမှုများအတိုင်း ဆက်လက် လုပ်ဆောင်သွားရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားရန် သဘောတူခဲ့ကြသည်။

ညီလာခံတွင် အိန္ဒိယ၊ မြန်မာ၊ ကနေဒါ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားနှင့် ထိုင်းအစရှိသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အကြမ်းမဖက် လှုပ်ရှားမှုဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူများ၊ အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်