မစုစုနွေး ရုံးထုတ် မထွက်ရောက်နိုင်

E-mail Print
စစ်အစိုးရက ဖမ်းဆီးထားသည့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးသည် အင်းစိန်ထောင်တွင်း သီးသန့် တရား ရုံးတွင် ယနေ့ ရုံးထုတ်ရာသို့ ထွက်ရောက်နိုင်ခြင်းမရှိကြောင်း သိရ သည်။

ယခုကဲ့သို့ မစုစုနွေး တရားရုံးသို့ ထွက်ရောက်နိုင်ခြင်းမရှိသည်မှာ ၎င်းအား အာဏာပိုင်များက ထောင်ဝင်စာ မပေး၍ တွေ့ခွင့်မရခြင်းကြောင့် ဖြစ်နိုင်ကြောင်း အစ်မဖြစ်သူမဌေးဌေးကြည်က ပြောသည်။

မဌေးဌေးကြည်က“ရှေ့နေ အန်တီဒေါ်ခင်ဌေးကြွယ်က ညီမလေးရုံးမထွက်လာဘူး လို့ပြောတယ်၊ တနင်းလာနေ့ ကျမ ထောင်ဝင်စာသွားတွေ့လို့မှ တွေခွင့်မရရင် ဗုဒ္ဓဟူးနေ့ရုံးထုတ်ရင် မထွက်ဘူးလို့တော့ အရင်အပတ်က သူမှာထားဖူးတယ်၊ အခု အဲဒါကြောင့်နေမှာပါ”ဟု ပြောသည်။

မစုစုနွေးသည် အစ်မဖြစ်သူနှင့် တွေခွင့်မရသည့်အတွက် အစားအသောက်ကအစ  ဒုက္ခရောက်ကြောင်း၊ ကျန်းမာရေးလည်း မကောင်းကြောင်းကို ယခင်သီတင်းပတ်ရုံးထုတ်စဉ်က တရားရုံးတွင် ကိုယ်တိုင် လျှောက် တင်ထားခဲ့သည်။

မစုစုနွေး၏ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က “စုစုနွေး ဒီနေ့ရုံးကိုမလာပါဘူး၊ ဘာကြောင့်လဲဆိုတဲ့ အသေးစိတ်ကို တော့မသိရ သေးဘူး၊ နောက်ရုံးချိန်းကတော့ ၁၅ ရက်နေ့မှာ ပြန်ချိန်းထားပါတယ်”ဟု ပြောသည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်းနှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း၊ ယင်းအမှု တခုစီအတွက် တရားလိုသက်သေ ၅ ဦးစီ ခေါ်ရန် အာဏာပိုင်များ၏ အစီအစဉ်ကိုလည်း ကန့်ကွက်ရန်ရှိကြောင်း ရှေ့နေဒေါ်ဌေးကြွယ်က ပြောသည်။  

မစုစုနွေး၏ လည်ပင်းအကျိတ်ပေါက်နေသည်ကို ဆေးကုသခွင့်တောင်းခံရာ အာဏာပိုင်များက ခွင့်မပြုသဖြင့် မစုစုနွေးက ဆေးကုသခွင့်ခံယူမည်မဟုတ်ကြောင်းသိရသည်ဟုလည်း မဌေးဌေးကြည်က ပြောဆိုသည်။

မစုစုနွေးသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အာဏာပိုင်တို့စိုက်ထူထားသည့် “အမေရိကန် အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဟုသည့်ဆိုင်းဘုတ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာချိတ်စွဲစဉ် အဖမ်းခံ ရခြင်း ဖြစ်သည်။ ရက်ပိုင်းအတွင်း၌ ဖမ်းဆီးခံထားရသည့် ဗဟန်းမြို့နယ် ရဲစခန်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့သေးသည်။

မစုစုနွေး၏ အမှုကို တရားရုံးချုပ်ရှေ့နေကြီးများဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးမြင့်သောင်းနှင့် ဒေါ်ခင်ဌေးကြွယ် တို့က လိုက်ပါ ဆောင်ရွက်ပေးလျှက်ရှိသည်။

မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ်ကာလအတွင်း ခွဲစိတ်ကုသမှု တကြိမ်ပြုလုပ်ခဲ့ရသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။

အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် မစုစုနွေးသည် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ ၎င်းအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်