ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလားဒေ့ရှ် သို့ ရောက်ရှိ

E-mail Print
မြန်မာစစ်အစိုးရ၏ ဒုတိယ စစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ၂ နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ် ကူးသန်းမှု ဆက်ဆံရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အဖွဲ့ဝင် ၅၀ ကျော်နှင့် ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ၏ ယခု ၃ ရက်ကြာ ခရီးစဉ်တွင် ၎င်း၏ ဇနီး ဒေါ်မြမြစန်း၊ အတွင်းရေးမှူး (၁) ဒုဗိုလ် ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ စစ်ဖက်ရေးရာအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် ၀န်ကြီး ၇ ဦး အပါအ၀င် အဖွဲ့ ၀င် ၅၅ ဦး ပါဝင်သည်။

ယင်းခရီးစဉ် မှာ ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရ အဖွဲ့ အကြံပေးအရာရှိချုပ် ဒေါက်တာ ဖာ့ခ်ရူဒင်အာမက် ၏ ဖိတ်ကြား ချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား သည်။

ယခု ခရီးစဉ်အတွင်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူများနှင့် ရိုဟင်ဂျာ ဒုက္ခသည်ကိစ္စ၊ ပင်လယ်ရေပိုင်နက်အငြင်းပွားမှု ကိစ္စများ အပါအ၀င် သဘာဝ ဓာတ်ငွေ့၊ လမ်းဖောက် လုပ်ရေး၊ ဆန်တင် သွင်းရေး စသည့် ၂ နိုင်ငံ အကျိုးစီးပွား ကိစ္စရပ်များကို ဆွေးနွေး သဘောတူညီမှုများပြုလုပ် ကြောင်း သိရသည်။

အင်္ဂါနေ့က ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အဖွဲ့သည် အခွန်၂ ထပ် လျှော့ချရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဘင်္ဂလားဒေ့ရှ် အစိုးရ နှင့် သဘောတူလက်မှတ်ထိုးသည်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံနေနဲ့ သဘာဝ ဓာတ်ငွေ့နဲ့ ဆန်ကို မြန်မာနိုင်ငံ က တင်သွင်းမှာဖြစ်ပါတယ်”ဟု ဘင်္ဂလား ဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေးအရာရှိ အစ်ဖ်တီခါ အာမက် ချိုဒူရီ က ပြောကြောင်း ရိုက်တာ သတင်း တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် ဘက်က တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံ ဆက်သွယ်ရေးလမ်း အပြီးသတ်ရေးကိစ္စနှင့် ၂ နိုင်ငံ နယ်စပ် ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး ကိစ္စရပ်များကို ဆွေးနွေး တင်ပြသည်ဟုလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေစိုက် နိဉ္စရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်ကမူ ယခုရောက်ရှိနေသော ဒု ဗိုလ်ချုပ် မှူးကြီး မောင်အေး နှင့် အဖွဲ့သည် ရိုဟင်ဂျာ ဒုက္ခသည်များအရေးကို စိတ်ဝင်စားမည် မဟုတ်ဟု ပြောဆို သည်။

သို့သော် ရုပ်မြင်သံကြား၊ သတင်းစာ စသည့် ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများတွင် ဘင်္ဂလားဒေ့ရှ် - မြန်မာ ၂ နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဟု ဖော်ပြသည်ကို တွေ့ရှိရကြောင်း ကိုခိုင်မြတ်ကျော်က ပြောသည်။

ကိုခိုင်မြတ်ကျော်က ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက် မြန်မာ အတိုက်အခံ အင်အား ၃၀ ခန့်က ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ကို  စတင်ရောက်ရှိသည့် အင်္ဂါနေ့တွင် ဒက္ကားမြို့ရှိ နိုင်ငံခြားရေးရုံးရှေ့ တရားရုံးချုပ် ဘေးတွင် ဆန္ဒပြကြကြောင်းလည်း ပြောပြသည်။

မြန်မာနိုင်ငံမှ တနှစ်လျင် ဆန်တန်ချိန် ၁ သိန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်သွင်းမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ စိုက်ပျိုး မြေများကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်က ငှားရမ်းလုပ်ကိုင်မည်ဖြစ်ကြောင်းကို လည်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။

“ကျနော်တို့ရဲ့ အခုဆွေးနွေးမှုတွေက အကျိုးစီးပွားများစွာ ရှိပါတယ်”ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေး အရာရှိ အစ်ဖ်တီခါ အာမက် ချိုဒူရီ က ပြောကြောင်းလည်း ဆင်ဟွာ က ဖော်ပြသည်။

ကိုခိုင်မြတ်ကျော်ကမူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ခရီးစဉ် မတိုင်မီ မြန်မာစစ်ခေါင်း ဆောင်များ အကြိမ်ကြိမ် လာရောက်၍ သဘောတူ လက်မှတ်ထိုးမှုများပြုလုပ်ကြသော်လည်း ထိရောက်သည့် အကောင်အထည်ပေါ်မှု မတွေ့ရှိရသောကြောင့် ၎င်းအနေနှင့် ယခု သဘောတူညီမှုများအပေါ်တွင် မျှော်လင့်မှု မရှိကြောင်း ဘင်္ဂလားဒေ့ရှ် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်ဟု ဆိုသည်။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ယခု ခရီးစဉ်သည် ၂၀၀၇ ခု စက်တင်ဘာလအတွင်းကပင် သွားရောက်ရန် ရှိပြီး ရန်ကုန်မြို့ နှင့် တခြားသော မြို့များတွင် ဒီမိုကရေစီရေးလှုပ်ရှားမှုများနှင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါ ရောင် တော်လှန်ရေး ဖြစ်ပွားမှု တို့ကြောင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်မည့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ကို ကျန်းမာရေး ဆိုးဝါးနေသည်ဟု သတင်းများ ထွက်ပေါ်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော် လေဆိပ်တွင် လိုက်ပါ ပို့ဆောင်ကြောင်း အစိုးရ သတင်းစာများ တွင် ဓာတ်ပုံနှင့် ဖော်ပြထားသည်ကို တွေ့ရှိရသည်။  

ပြီးခဲ့သည့် မေလ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲထည့်သည့် ဓာတ်ပုံကို အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့ပြီး နောက်ပိုင်း ဆက်လက် ဖော်ပြသည်ကို မတွေ့ရှိ ရသောကြောင့် ကျန်းမာရေး ဆိုးဝါးနေကြောင်း ကောလာဟလ များ ထွက်ပေါ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်မှာမူ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးအား လိုက်ပါ ပို့ဆောင်သည်ကို မတွေ့ရှိရပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်