ချင်းမိုင်ရောက် ပဒေါင်များ လူကုန်ကူးခံရသလား

E-mail Print
ကယန်း (ပဒေါင်) တိုင်းရင်းသား အများအပြားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ခေါ်ယူပြီး ကမ္ဘာလှည့် ခရီးသည်များအား ပြသနေသည့် လုပ်ရပ်ကို လူကုန်ကူးမှုနှင့် ဆက်စပ်မှု ရှိမရှိ ထိုင်းအစိုးရ အနေနှင့် စုံစမ်းပေးရန် ထိုင်းနိုင်ငံ အခြေစိုက် ကရင် တိုင်းရင်းသားများ အရေး ဆောင်ရွက် နေသူများက တိုက်တွန်း လိုက်သည်။

ချင်းမိုင်မြို့၊ မဲ့ရင်မ် ဒေသရှိ ကမ္ဘာလှည့် ခရီးသည်များ သွားရောက် လည်ပတ်လေ့ရှိသော ရွာတရွာတွင် ပဒေါင် တိုင်းရင်းသား ၂၂ ဦး ရောက်ရှိနေကြောင်း ကရင် ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ယက် (KNCE) ၏ အဆိုအရ သိရသည်။

ထိုင်း လုပ်ငန်းရှင်များက ချင်းမိုင်တွင် မနုဿလှောင်ချိုင့် (Human Zoo) အဖြစ် ကျေးရွာဖန်တီးပြီး  လည်ပင်း ကြေးကွင်းစွပ် ပဒေါင် တိုင်းရင်းသားများကို နေထိုင်စေကာ စီးပွားရေး လုပ်ကိုင်နေခြင်း ဖြစ်မည်ဟု KNCE အဖွဲ့က သံသယ ရှိနေသည်။

“နိုင်ငံခြား ခရီးသွားတွေကို ပိုက်ဆံကောက်ပြီး တိရိစ္ဆာန်ရုံလိုမျိုး ပဒေါင်တိုင်းရင်းသား တွေကို ပြစားတာကတော့ မသင့်လျော်တဲ့ လုပ်ရပ်ပဲ။ သူတို့က လူတွေပဲ၊ သူတို့က တိရိစ္ဆာန်တွေမှ မဟုတ်တာ” ဟု KNEC ၏ ဆက်သွယ် ညှိနှိုင်းရေးမှူး Waiying Thongbue  က ဧရာဝတီကို ပြောသည်။

အဆိုပါ ပဒေါင် ၂၂ ဦးတွင် အများစုမှာ လည်ပင်း၌ ကြေးကွင်း စွပ်ထားသော အမျိုးသမီးများဖြစ်ပြီး ချင်းမိုင်တွင် လွန်ခဲ့သည့် ၂ လ ခန့်ကစပြီး နေထိုင်နေကြသူများ ဖြစ်သည်ဟု သိရသည်။

ယင်း ပဒေါင် တိုင်းရင်းသားများ နေထိုင်သော ရွာထဲသို့ သွားရောက် လည်ပတ်လိုသော နိုင်ငံခြားသား ဧည့်သည်များကို ထိုင်း စီးပွားရေး လုပ်ငန်းရှင်များက တဦးလျှင် ဘတ် ၅၀၀ (ကျပ် ၁ သောင်းခွဲခန့်) ရွာဝင်ခ ကောက်ခံလျက် ရှိသည်။

ထိုင်း လုပ်ငန်းရှင်များကမူ အဆိုပါ ပဒေါင် ၂၂ ဦးသည် ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြပြီး အလုပ် လုပ်ကိုင်ခွင့်အတွက် မှတ်ပုံတင်ထား သူများ ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ပဒေါင်တိုင်းရင်းသား တချို့ကို ၎င်းတို့ အများအပြား နေထိုင်လျက်ရှိသည့် ထိုင်း - မြန်မာ နယ်စပ် မယ်ဟောင်ဆောင်မြို့ တွင်သာမက ချင်းမိုင်၊ ချင်းရိုင် အစရှိသော နိုင်ငံခြားသား ခရီးသွားဧည့်သည် အလာများသည့် နေရာများတွင်ပါ တွေ့ရှိလာသည်။

ကြေးကွင်းစွပ် ပဒေါင် တိုင်းရင်းသားများသည် ထိုင်းအာဏာပိုင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက စီးပွားရေးအရ မတရား အသုံးချခြင်းကို ခံနေရကြောင်း၊ ယခုအခါ ပဒေါင်များအနေနှင့် ရိုးရာအရ ကြေးကွင်းစွပ်ခြင်း နည်းပါးသွားပြီး စားဝတ်နေရေး အရသာ ကြေးကွင်းစွပ် နေရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ရိုးရာဝတ်စား ဆင်ယင်မှုကို အလွဲသုံးစား လုပ်ရာ ရောက်ကြောင်း ထိုင်းမြန်မာ နယ်စပ်ဒေသ အခြေစိုက် ကယန်း အမျိုးသမီး အဖွဲ့ဥက္ကဋ္ဌ မူအိုင်းရစ်က ပြောသည်။ 

“တဘက်မှာ ပြန်ကြည့်မယ်ဆိုရင် နအဖ စစ်အစိုးရရဲ့ စီပွားရေး၊ လူမှုရေးအရ ဖိနှိပ်တာတွေကြောင့် မြန်မာနိုင်ငံထဲမှာ ကယန်း တိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်ဖို့ နေရာ မရှိတော့ဘူး။ ဒါကြောင့် သူများနိုင်ငံကို လာပြီး သူများ လုပ်သမျှကို ခံနေကြရ တာပါ။ ကယန်းလူမျိုးတွေအတွက် ဒီထက်ဝမ်းနည်းစရာ ကောင်းတဲ့အရာ မရှိတော့ပါဘူး”ဟု သူက ဆိုသည်။

လည်ပင်းရှည် ပဒေါင် တိုင်းရင်းသား များသည် ပြီးခဲ့သည့်နှစ်အထိ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ  ဟွေ့စူထောက်၊ ဟွေ့ပူကဲ၊ နိုင်ဆွိုင် စသည့် ရွာ ၃ ရွာတွင် အများဆုံး နေထိုင်လျက်ရှိပြီး လူဦးရေ ၅၀၀ ကျော်ရှိကြောင်း သိရသည်။

ပဒေါင် တိုင်းရင်းသားများသည် ကရင်အနွယ်ဝင် ကရင်နီအစုတွင် ပါဝင်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်