မန္တလေးတိုင်း နိုင်ငံရေးလှုပ်ရှားသူများ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရ

E-mail Print
မန္တလေးတိုင်းရှိ နိုင်ငံရေးလှုပ်ရှားသူ ၁၅ ဦးကို ပြည်ပမှ နိုင်ငံရေးအဖွဲ့ တဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲ၍ အာဏာပိုင်များက နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း ရှေ့နေဖြစ်သူက ပြောသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ဖမ်းဆီးခဲ့သော ၎င်းတို့ကို နယ်စပ် ဒေသရှိ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) အဖွဲ့ နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ မန္တလေးထောင်၌ အာဏာပိုင်များက ထောင်ဒဏ် ၅ နှစ်မှ ၅၅ နှစ် အထိ အသီးသီး ချမှတ်လိုက်သည်ဟု ဆိုသည်။

ထို ၁၅ ဦးကို လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နှင့် ၃၁ ရက်နေ့တွင် နှစ်စု ခွဲ၍ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။      

FDB အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်ကမူ ထို ၁၅ ဦးသည် ၎င်းတို့နှင့် မပတ်သက်ကြောင်း ယခင်က ဧရာဝတီ သတင်းဌာနသို့ ငြင်းဆို ထားသည်။ FDB သည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့များကို စုစည်းထားသည့် အင်အားစုတခု ဖြစ်သည်။      

ထောင်ဒဏ်ကျခံရသူများ၏ ရှေ့နေ ဦးမြင့်သွင်က “ဥပဒေ စိုးမိုးမှုအရတော့ ဥပဒေ ပြဌာန်းချက်နဲ့ အညီ အခုချထားတဲ့ ပြစ်ဒဏ် တွေကို လျှော့ပေးဖို့အတွက် မရ မနေ ကြိုးစားမယ်၊ ဥပဒေအရတော့ လျှော့ကို လျှော့ပေးရမယ်လို့ ဥပဒေအရ ကျနော်တို့ လက်ခံ ထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။  

မြန်မာနိုင်ငံတွင် နိုင်ငံသားတိုင်း၏ အခွင့်အရေးကို နိုင်ငံတော်က ကာကွယ် စောင့်ရှောက်ရမည်ဖြစ်ပြီး တည်ဆဲ ဥပဒေများကို လည်း နိုင်ငံသားတိုင်းက အပြည့်အ၀ ခံစားရမည် ဖြစ်သည်ဟု ၁၉၇၅ ခုနှစ်တွင် ဥပဒေ ပြဌာန်းထားကြောင်း ရှေ့နေဦးမြင့်သွင်က ရှင်းပြသည်။

ထောင်ချခံထားရသူများအတွက် မန္တလေး တိုင်းတရားရုံးသို့ အယူခံဝင် နိုင်ရန် ရှေ့နေက အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ် ကြောင်းလည်း သိရသည်။

ထောင်ဒဏ်ကျခံရသူများထဲမှ ဒေါက်တာဝင့်သူ၏ မိခင် ဒေါ်သန်းဆွေက“မတရား အမှုဆင်ပြီး ထောင်ချတာပဲ၊ ဒါပေမယ့်လို့ ဘာတတ်နိုင်မှာလဲ သူတို့ ခေတ်ဆိုတော့ သူတို့ဘာသာ သူတို့ ချတာ၊ အဲဒီတော့ ကိုယ့်သားက တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုပြီး လုပ်တာပဲ ဆို ပြီးတော့ ဂုဏ်ယူပါတယ်”ဟု ပြောသည်။   

မြင်းခြံမြို့မှ ဒေါက်တာ ၀င့်သူ နှင့် ကိုမျိုးဟန်၊ ကိုမျိုးမင်းသန်း၊ ဆရာ ဇော်ဇော်၊ ကိုလှမျိုးကျော်၊ စိုးရာဇာဖြူ အပါအ၀င် ၁၅ ဦး တို့သည် တရားမဝင်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေး အက် ဥပဒေ၊ ပုံနှိပ်အက် ဥပဒေ၊ ဗီဒီယို အက် ဥပဒေတို့ဖြင့် တရားစွဲဆိုခံရပြီး ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ်များ ချခံရခြင်းဖြစ်သည်။ 

ထောင်ချခံထားရသူများသည် မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့တို့မှ ဒေသခံများ ဖြစ်သည်။ ၎င်းတို့ကို မန္တလေးတိုင်း အထူးရဲတပ်ဖွဲ့က အကြောင်းပြချက် တစုံတရာမရှိဘဲ နေအိမ်များသို့ သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ထိုလူငယ်များသည် ယခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ဖူး၍ မြင်းခြံမြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူသတိပေးခဲ့ဖူးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စာရင်းထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်