ရန်ကုန်ရှိ ဈေးဟောင်းများ အဆင့်မြင့်ဈေးအဖြစ် ပြောင်းမည်

E-mail Print
စည်ပင် သာယာရေး ကော်မတီ၏ စီမံခန့်ခွဲမှု လက်အောက်ရှိ ဈေးဟောင်းများကို အဆင့်မြင့်ဈေး အဖြစ် ပြောင်းလဲ တည်ဆောက် သွားမည် ဖြစ်ကြောင်း မကြာသေးမီက ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောဆိုလိုက်သည်။

“မီးလောင် လွယ်ကူပြီး အိုဟောင်းနေတဲ့ ဈေးတွေကို အဆင့်မြင့် ဈေးတွေ ဆောက်ဖို့ အစီအစဉ်က အရင်ထဲက ရှိတယ်”ဟု ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြည်တွင်းဂျာနယ် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။

ရန်ကုန်မြို့ အတွင်းရှိ အချက်အချာ နေရာများတွင် တည်ရှိသော ဈေးကြီးများသည် အိုဟောင်းနေပြီး မီးလောင် လွယ်ကူခြင်း၊ ဈေးများ အတွင်း ဆိုင်ခန်းများ ပြည့်ကြပ်ကာ အစီအစဉ် မကျခြင်း တို့ကြောင့် ဈေးအဟောင်းများကို တနှစ်လျှင် ဈေး ၃ ဈေးနှုန်းဖြင့် လူနေတိုက်ခန်း များပါသော အဆင့်မြင့် ဈေးများ တည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ပြည်ထောင်စုနေ့ ညဦးပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်း ဈေးကြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၇၈၆ ခန်း အနက် ၆၅၁ ခန်းမီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ယင်းဈေးကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ယူကာ အဆင့်မြင့် ဈေးကြီး တည်ဆောက် သွားမည် ဖြစ်ကြောင်းလည်း မြို့တော်ဝန်က ပြောဆိုသည်။

အဆိုပါ သင်္ဃန်းကျွန်း ဈေးကြီးကို မြို့တော်စည်ပင်မှ လူနေ တိုက်ခန်းပါသော ငါးထပ် အဆောက် အအုံအဖြစ် ဆောက်လုပ်ရန် ပုံစံဒီဇိုင်း ရေးဆွဲ နေကြောင်း အင်ဂျင်နီယာ ဌာန (အဆောက် အအုံ) မှ တာဝန်ရှိသူ တဦးကလည်း ပြောသည်။

“အခုကျမတို့ ဆိုင်ပါသွားတယ်၊ ဒါပေမယ့် အခု ဆောက်မယ့် ဈေးမှာ နေရာချပေးရင် ကျမတို့ရဖို့ မသေချာပါဘူး၊ ဘာလို့လဲ ဆိုတော့ ဈေးဆိုင်ခန်းဖိုး သွင်းနိုင်တဲ့ သူတွေကို ဦးစားပေး ချပေးမယ် ကြားတယ်”ဟု ယင်းဈေးမှ အ၀တ် အထည်ရောင်း သူတဦးက ဆိုသည်။

သင်္ဃန်းကျွန်းဈေးရှိ စားအုန်းဆီ ရောင်းဝယ်ရေး ဆိုင်ရှင်တဦးက “သင်္ဃန်းကျွန်းဈေး မီးလောင်တာ ကိုလည်း လူတွေက ရှို့မီးလို့ ပြောနေကြတယ်၊ တချို့ကလည်း မီးကွင်း ပစ်တာပေါ့၊ မီးမလောင်ခင်မှာ ဈေးအသစ် ဆောက်ဖို့ ဖယ်ခိုင်းထားတယ်၊ ဈေးသည်တွေက မဖယ်ကြဘူး”ဟု ပြောပြသည်။

သင်္ဃန်းကျွန်း ဈေးကြီးကို ၂၀၀၇ ခုနှစ်အတွင်း အဆင့်မြင့် ဈေးကြီးအဖြစ် ပြန်လည် တည်ဆောက်ရန် မြို့တော် စည်ပင်က စီစဉ်ခဲ့ သော်လည်း ဈေးသူ၊ ဈေးသားများ၏ ကန့်ကွက်မှုကြောင့် စီမံကိန်း အောင်မြင်မှု မရခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အသစ်ပြန်လည် တည်ဆောက်ရန် အစီအစဉ်ရှိသော ဈေးကြီးများစွာ ရှိပြီး တာမွေဈေး၊ အာသောက ဈေး၊ သိရီမင်္ဂလာဈေး စသော ဈေးကြီးများကို အသစ်ပြန်လည် တည်ဆောက်ရန် ပြောင်းရွှေ့မည့် စာရင်းထဲတွင် ပါဝင်နေပြီး ကျန်မြို့နယ်များရှိ စည်ပင်ဈေးများလည်း အသစ်ပြန်လည် ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

တာမွေဈေးတွင် ကုန်ခြောက် ရောင်းနေသူ တဦးကမူ ထိုသို့ ဈေးအသစ်များ ပြန်ဆောက် လိုက်ပါက ဆိုင်ခန်းပြန် ၀ယ်ရန် အခက်အခဲ ဖြစ်သူများစွာ ရှိကြောင်း ပြောဆိုသည်။

“ကျမတို့လို့ ဆိုင်ခန်း ပြန်မ၀ယ်နိုင်တဲ့ လူတွေ ဒုက္ခရောက်ပြီ၊ စည်ပင်ဈေးတွေမှာ ရောင်းတဲ့လူ တော်တော် များများက ဆိုင်ခန်း မ၀ယ်နိုင်တဲ့ ပြန်ကျ ဈေးသည်၊ ဒီဈေးတွေမှာ လက်ရှိစည်ပင်ကို ဈေးအကောက်ပဲ ပေးရောင်းရတာ”ဟု ကုန်ခြောက် ရောင်းသူက ပြောသည်။

အဆိုပါ နှစ်ပေါင်းများစွာ ကြာမြင့်သော ဈေးအဟောင်းကြီးများတွင် လက်ရှိ ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချနေသော ဈေးသူ ဈေးသားများသည် ဆိုင်ခန်းခ ကျပ် ထောင်ဂဏန်း ၀န်းကျင်သာ ပေးပြီး ရောင်းချနေရ သော်လည်း အဆင့်မြင့် ဈေးများ တည်ဆောက်ပြီးလျှင် ဆိုင်ခန်းများကို ကျပ် သိန်းရာနှင့်ချီ ပေးဝယ်နေရကြောင်း မော်လမြိုင်မြို့ရှိ မီးလောင်သွားပြီး အသစ်ပြန်လည် တည်ဆောက် ထားသော အောက်ဈေးကြီးမှ ကုန်သည်တဦးက ဆိုသည်။

“လူတော်တော် များများ ပြောနေကြ တာတော့ ဈေးတွေ မီးလောင်တိုင်း ရှို့မီးလို့ ပြောနေကြတာ၊ အသစ် ပြန်ဆောက် ဖို့ဖယ်ခိုင်းရင် ဈေးသည်တွေက ဖယ်မပေးချင်ကြတော့၊ မီးရှို့လိုက်တော့ ဘာမှလုပ်လို့ မရတော့ဘူးလေ၊ ကျမဆို မီးလောင်လို့ အားလုံး ကုန်သွားတဲ့ အထဲ ဆိုင်ခန်းပြန်ရဖို့ သိန်းတရာလောက်ကို မနည်းပြန်သွင်း ရတယ်”ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန် မြို့တော် စည်ပင် သာယာ အနေဖြင့် အိုဟောင်းနေသော ဈေးကြီးများအား ခေတ်မီဈေးများ တည်ဆောက်ကာ ဆိုင်ခန်းများကို ဈေးနှုန်း အမြင့်ဖြင့် ရောင်းချခြင်း၊ ငှားရမ်းခြင်း များကို ပြုလုပ် နေကြောင်း၊ အဆိုပါ ဆိုင်ခန်းများ ပြန်လည် ရောင်းချရာတွင် ငွေကြေး မတတ်နိုင် သောကြောင့် ဆိုင်ပိုင်ရှင်များစွာ မူလဈေးများတွင် ရောင်းချခွင့် ဆုံးရှုံးနေရကြောင်း မန္တလေးမြို့မှ မီးလောင်မှုကြောင့် ဆိုင်ခန်းနှင့် ပစ္စည်းများစွာ ဆုံးရှုံးခဲ့သူ တဦးကလည်း ပြောသည်။

နယ်မြို့များရှိ ဈေးကြီးများ မီးလောင်ကျွမ်းမှု တိုင်းတွင် ဈေးသူဈေးသားများ သံသယ ဖြစ်ပွားနေရပြီး မော်လမြိုင်မြို့ရှိ အမှတ် ၁ အောက်ဈေး၊ မန္တလေးမြို့ရှိ ရတနာပုံဈေးနှင့် ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်း ဈေးများ မီးလောင်ကျွမ်းမှုသည် ဈေးသူ ဈေးသားများ ဆုံးရှုံးမှု ကြီးမားကြောင်း မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းဟောင်း တဦးက ဆိုသည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် ဟိန်းဇော် ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်