မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန်စိုးရိမ်

E-mail Print
မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ နျူကလီးယား နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် စိုးရိမ် ပူပန်မိကြောင်း အမေရိကန်   နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J Crowleyက ဗုဒ္ဓဟူး နေ့တွင် ပြောကြားလိုက်သည်။


“နျူကလီးယား နည်းပညာပူးပေါင်း ဆောင်ရွက်မှု အတွက် ကျနော်တို့က စိုးရိမ်မိပါတယ်၊ အရင်တခါ ဆွေးနွေးတုန်းက မြန်မာပြည်က တာဝန်ရှိသူတွေက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို လိုက်နာ ထောက်ခံတယ်လို့ ပြောတယ်။  ကျနော်တို့ ဆက်လက် ဆွေးနွေးဖို့ ရှိပါတယ်” ဟု Crowley က နိုင်ငံခြားရေးဌာန သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ယမန်နှစ်က မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့် အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချမှတ်ပြီး အရေးယူခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယား၏ မည်သည့် သင်္ဘော၊ လေယာဉ်များကိုမဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိမည် ဖြစ်သည်။

မြောက်ကိုရီးယားနှင့် မြန်မာစစ်အစိုးရတို့၏ ဆက်နွယ်မှုကို စောင့်ကြည့်နေကြောင်း၊ မြန်မာပြည် အပေါ်ပိုမို ဖိအားပေးရန်နှင့် ပိတ်ဆို့ အရေးယူမှုများကို တိုးမြှင့် ဆောင်ရွက်ရန် တောင်းဆိုလိုက်ကြောင်း  အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ မစ္စတာ Howard L Bermanကအင်္ဂါနေ့ထုတ် ၀ါရှင်တန်ပိုစ့် သတင်းစာတွင် ရေးသားထားသည်။

“အရေးယူမှုတွေ ထပ်တိုး ဆောင်ရွက်ဖို့ ထောက်ခံမှုတွေ ပို ရလာပါတယ်” ဟု  မစ္စတာ Howard L Bermanက ဆိုသည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော် ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းဆိုင်ရာ အကူအညီပေးခဲ့သော မြောက်ကိုရီးယား Namchingang Trading Corp ကုမ္ပဏီကို အမေရိကန်နိုင်ငံက ဘဏ္ဍာရေး ဆိုင်ရာ တားမြစ် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

မြန်မာနှင့် မြောက်ကိုရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ဖူးသည်။ ထိုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင်  မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံးပြီးနောက်ပိုင်း သံတမန် ဆက်ဆံရေး ရပ်သွားခြင်း ဖြစ်သည်။

ထိုကဲ့သို့ မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် အာဇာနည် ဗိမာန်တွင် ဗုံးခွဲတိုက်ခိုက်မှုကို ပြန်လည် အလေးထားရန်လိုသည်ဟု မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ  မြန်မာသံအမတ် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် သခင်ချန်ထွန်းက ပြောသည်။

“စစ်ရေးနဲ့ ပတ်သက်ရင်တော့ မြင်မြင် ထင်ထင်လုပ်မှာ မဟုတ်ပါဘူး၊ တတ်နိုင်သလောက် လျှို့ဝှက်ထားမှာပေါ့၊ အမေရိကန်ကို အမြင်ကပ်တယ် ဆိုပြီးတော့ မြောက်ကိုရီးယားနဲ့ ပိုနီးစပ်အောင် လုပ်တယ်၊ အမှန်ကတော့ ရေရှည်ကို ကြည့် ပြီးတော့ လုပ်သင့်တယ်၊ မြောက်ကိုရီးယားက သူတို့ကို ထောက်ခံရင် ထောက်ခံ၊ မထောက်ခံရင် ဗရုတ်သုတ်ခ လုပ်ချင်ရာ လုပ်တယ် ဆိုတဲ့ အကျင့်က မြန်မာပြည် နည်းနည်း ခံခဲ့ရပြီ” ဟု သခင်ချန်ထွန်းက ပြောသည်။

ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။

ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို  လက်မှတ် ရေးထိုးခဲ့ပြီး စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ယခင်လက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်