၂၀၀၉ အတွက် အကောင်းဆုံး ဝက်ဘ်ဆိုက်ဆု ဝေဖန်ခံနေရ

E-mail Print
နိုင်ငံတော်အဆင့် သတ်မှတ်၍ ဆုပေးမည်ဟု ကြေညာထားသော Myanmar ICT Awards 2009 အတွက် အကောင်းဆုံး ၀က်ဘ်ဆိုက် (Website of the Year) ဆုကို လောကနတ် စာပေ၏ ကာတွန်းဘိုဘို ၀က်ဘ်ဆိုက် ရရှိသွားခြင်းအား အိုင်တီနှင့် ပတ်သက်၍ နားလည် တတ်ကျွမ်းသူများက ဝေဖန်နေကြကြောင်း သိရသည်။

“သူ့ထက် ကောင်းတဲ့ ဆိုက်တွေ အများကြီး ရှိပါတယ်၊ ၈ ခုလောက် ၀င်ပြိုင်တဲ့ အထဲကမှ ဟိုအချက် မကိုက်လို့ပယ်၊ ဒီအချက်ကိုက်မှ ပေးဆိုတော့ လွတ်လပ်မှု မရှိဘူးလို့ ထင်တယ်၊ တကယ်တော့ ဆုပေးမယ်ဆိုရင် မဲပေးစနစ်နဲ့ လုပ်ပြီးပေးရင် အဆင်ပြေမယ် လို့ထင်တယ်၊ ကျမတောင် အဲ့ဒီဆိုက်ကို ဆုရမှ ရှိမှန်းသိတယ်"ဟု မြန်မာ ပြည်တွင်းမှ အမျိုးသမီး ဘလော့ဂါ တဦးက ဧရာဝတီကို ပြောသည်။

အဆိုပါ ကာတွန်း ဘိုဘိုဝက်ဆိုက် (http://bobo.6te.net) ၏ အားသာချက်မှာ မြန်မာစာဖြင့် ဖတ်ရှုနိုင်ပြီး ကလေးများ အကြိုက် ဂိမ်းကစား နိုင်ရန် စီစဉ်ထား သော်လည်း သူ့ထက် အစစသာလွန် ကောင်းမွန်သော တခြား ၀က်ဆိုက်များက ဆုမရရှိသည့် အတွက် ဝေဖန်ကြခြင်း ဖြစ်ကြောင်းသူက ဆက်ပြောသည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ ကွန်ပျူတာ ၀ါသနာရှင်အသင်းများ မှကြီးမှူး ကျင်းပပေးခြင်းဖြစ်ကာ နိုင်ငံတော် အဆင့်သတ်မှတ်၍ Mobile Application of the Year, Website of the Year, Educational Project of the Year ဟူ၍ ဆုအမျိုးအစားသုံးမျိုး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အကောင်းဆုံးဝက်ဘ်ဆိုက်ဆု ရရှိသွားမှုအပေါ် Facebook, Forum များ၊ ၀က်ဘ်ဆိုက်များ အသီးသီးမှ အမျိုးမျိုး ဝေဖန် ရေးသားထားသည်။

နည်းပညာဆိုင်ရာ နာမည်ကျော် မြန်မာဘလော့ဂါတဦးဖြစ်သော စေတန်ဂေါ့ဒ်  (http://www.saturngod.net) က ယခုဆုရ ကာတွန်း ဆိုက်အပေါ် နည်းပညာဆိုင်ရာ အားနည်းချက်များအား အသေးစိတ်ဝေဖန်မှုများအပြင် ဆုရွေးချယ်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် မသုံးသပ်ဘူးလား၊ ဂျာနယ်များတွင်ကြော်ငြာပါသည့်အထဲကမှ ရွေးချယ်ခြင်းလား စသဖြင့် ယင်း ဘလော့ဂ်ပေါ် မှ ဝေဖန်ရေးသားထားကြောင်း တွေ့ရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြီးစီးသွားခဲ့သည့် အဆိုပါ Myanmar ICT Awards 2009 တွင် ရည်ရွယ်ချက်များ (Objective)၊ ပါဝင်သည့်အကြောင်းအရာများ (Features)၊ ဈေးကွက်ရရှိမှုအခြေအနေများ (Market Potential)၊ ထူးခြားချက်များ (Uniqueness)၊ နည်းပညာ (Technology)၊ အကျိုးကျေးဇူး (Benefit) စသည့် အချက် ၆ ချက်ကိုအခြေခံကာ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကာတွန်းဘိုဘို ၀က်ဘ်ဆိုက်သည် ပြိုင်ပွဲဝင် ၈ ခုအနက်မှ အကောင်းဆုံးဝက်ဘ်ဆိုက်ဆုရရှိခြင်းမှာ လူတိုင်းလုပ်လေ့လုပ်ထမရှိ သော ထူးခြားချက်များ (Uniqueness)၊ ၀င်ရောက်ယှဉ်ပြိုင်သည့် ဆိုက်အများစုမှာ စာပေနှင့်သက်ဆိုင်သည့် ၀က်ဘ်ဆိုက်များ၊ သတင်းထုတ်ပြန်ချက်များအား အသားပေးထားသည့် ၀က်ဘ်ဆိုက်များထဲမှ ကလေးများအတွက် အကျိုးကျေးဇူးဖြစ်စေမည့် ၀က်ဘ်ဆိုက်ဖြစ်စေခြင်း၊ မြန်မာဘာသာဖြင့် ၀င်ရောက်ဖတ်ရှုနိုင်ခြင်း တို့မှာ အကျိုးကျေးဇူး (Benefit) စသည့် အချက်များဖြင့် ကိုက်ညီမှုရှိခြင်းတို့ကြောင့်ဟု သိရသည်။

“ကျနော်တို့က နည်းပညာကောင်းတာတခုတည်းကို ဇောင်းပေးပြီးရွေးလို့မရပါဘူး၊ နည်းပညာဘယ်လောက်ပဲကောင်းကောင်း တခြားအချက်တွေမှာအားနည်းနေရင်လည်းမရပါဘူး၊ ၀က်ဘ်ဆိုက် ဘယ်လောက်ကောင်းကောင်း ကြည့်မယ့်သူ မရှိရင်လည်း အမှတ်ပေးလို့မရပါဘူး၊ သူ့ထက်ကောင်းတဲ့ဝက်ဘ်ဆိုက်တွေရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် ပြိုင်ပွဲမှာ မတင်သွင်းနိုင်ရင်ဘယ်လိုမှ အမှတ်ပေးလို့မရပါဘူး"ဟု Myanmar ICT Awards 2009 ကျင်းပရေးဆပ်ကော်မတီမှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးနေထွန်းသိန်းက ဧရာဝတီကိုပြောသည်။

အဆိုပါပြိုင်ပွဲတွင် အမှတ်ပေးဒိုင်များအနေဖြင့် ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကွန်ပျူတာလုပ်ငန်းရှင် များ၊ ကွန်ပျူတာပညာရှင်များ အသင်းတို့မှ စုစုပေါင်း ၂၀ ခန့် ပါဝင်ကြောင်းသိရသည်။

“တယောက်တည်းက အမှတ်ပေးလို့လည်း ဘယ်လိုမှ ဆုမရနိုင်ပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်နေတဲ့သူပဲဖြစ်ဖြစ်၊ မရှင်းလင်းတဲ့ သူပဲဖြစ်ဖြစ် ရှေ့တပတ်ထဲမှာ ဆုပေးအဖွဲ့ရဲ့ ဆိုက်ဖြစ်တဲ့ www.myanmarictawards.org ကိုဝင်ပြီးတော့ ဆုရတဲ့သူတွေ ဘာကြောင့် ရတယ်ဆိုတာ သုံးသပ် ထားတာတွေကို ပြန်ကြည့်ပေးပါလို့ ပြောချင်ပါတယ်"ဟု ဦးနေထွန်းသိန်းကဆိုသည်။

အကောင်းဆုံးဝက်ဘ်ဆိုက်ဆု ရရှိမှုနှင့်ပတ်သက်၍ လောကနတ်စာပေမှ ဦးဇော်ဝင်းဦးက"ကျနော်တို့အနေနဲ့ နိုင်ငံတကာ အဆင့်မီ နိုင်ဖို့ လိုအပ်သေးတာတော့ အမှန်ပါပဲ၊ ရှိတာလေးနဲ့ဖြစ်အောင် လှအောင်လုပ်ထားတာပါ၊ ရမယ်လို့လည်းထင်မထားပါဘူး၊ ၀င်ပြိုင် လို့ရတယ်ဆိုလို့ ၀င်ပြိုင်ဖြစ်လိုက်တာပါ"ဟု ဧရာဝတီကိုပြောသည်။

Myanmar ICT Awards ၏ အကောင်းဆုံးဝက်ဘ်ဆိုက် ရွေးချယ်ခြင်းများကို ၁၉၉၈ ခုနှစ်ခန့်ကပြုလုပ်ခဲ့သော်လည်း နောက်ပိုင်း တွင် ပုံမှန်ဆက်လက်ပြုလုပ်ခြင်းမရှိဘဲ ယခုမှ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Mobile Application of the Year ရွေးချယ်ခြင်းမှာ ယခုအကြိမ်သည် ပထဆုံးဖြစ်ကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်