စစ်အစိုးရ ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀န်းတွင် ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ပြောကြားခဲ့သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရသူတဦးဖြစ်သည့် Teuku Faizasyahက ပြော သည်။
“အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ တခု မြန်မာနိုင်ငံမှာ ကျင်းပနိုင်ဖို့အတွက် အင်ဒိုနီးရှားက မေးခွန်းထုတ်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။
စကာင်္ပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူကလည်း စစ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးသည် ပိုမိုခက်ခဲသွားသည်ဟု ပြောကြောင်း The Straits Times အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။
“တရားဝင် အသိအမှတ်ပြု ရွေးကောက်ပွဲတခုဖြစ်ဖို့ ဆိုရင် ပါဝင်သင့်တဲ့သူတွေ အားလုံး ပါဝင်မှ ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တခြားသော နိုင်ငံရေးပါတီများ ပါဝင်ရန်လိုအပ်ကြောင်း အဆိုပါ ပြောရေး ဆိုခွင့်ရှိသူကပြောသည်။
အမေရိကန် အထက်လွှတ်တော်အမတ် ၉ ဦးကလည်း စစ်အစိုးရကို ပိုမိုတင်းကျပ်သည့် စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ရန် သမ္မတ အိုဘားမားကို ယမန်နေ့က စာရေးတောင်းဆိုလိုက်သည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲတွင် ပါဝင်သင့်သည့် နိုင်ငံရေးခေါင်းဆောင်များ မပါဝင်နိုင်ရန် တားမြစ်ထားကြောင်း၊ ရွေးကောက်ပွဲ ဥပဒေများသည်လည်း ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အတုအယောင်ဥပဒေများ ဖြစ်သောကြောင့် ပြင်းပြင်း ထန်ထန် အရေး ယူသင့်ကြောင်း အဆိုပါစာတွင် ရေးသားဖော်ပြထားသည်။
“မြန်မာစစ်ခေါင်းဆောင်တွေ လမ်းကြောင်းပြောင်းလာအောင် ဖိအားပေးတဲ့နေရာမှာ၊ ကျနော်တို့မှာရှိတဲ့ အင်အားတွေကို အသုံးပြု ရမယ်လို့ ယုံကြည်တယ်”ဟု ရေးသားထားသည်။
အမေရိကန်ဘဏ္ဍာရေး ၀န်ကြီးဋ္ဌာနအနေဖြင့် မြန်မာစစ်ခေါင်းဆောင်များ၊ ၎င်းတို့နှင့် ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းရှင် ကြီးများ၊ ဆက်သွယ်ဆောင်ရွက်နေသည့် ဘဏ်များကို ပိုမိုတင်းကျပ်စွာအရေးယူရန် ထိပ်တန်း ရီပတ်ဗလီကန်အမတ် Mitch Mc Connell အပါအ၀င် လွှတ်တော်အမတ်များက တောင်းဆိုခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် တွမ်လန်းတော့စ် မြန်မာ့ ကျောက်စိမ်း ပိတ်ဆို့မှု အက်ဥပဒေအရ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အထူးကိုယ်စားလှယ် တဦးခန့်အပ်၍ မြန်မာ့အရေးကို အာဆီယံ နိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ရေးသားထားသည်။
အဆိုပါစာကို ရီပတ်ဘလစ်ကန် ပါတီအမတ် ဂျွန်မက်ကိန်း၊ ဆမ်ဘရောင်းဘက်၊ ဂျဒ်ဂရက်ဂ်ျ နှင့် ဒီမိုကရက်တစ်ပါတီအမတ် ဘာဘရာဘောက်ဆာ၊ ရပ်ဆ် ဖိုင်ဂိုးဒ်၊ ဒိုင်ယန်း ဖိုင်းစတိုင်းနှင့် ဂျိုးလီဘာမန်တို့ကလည်း လက်မှတ်ရေးထိုးထားသည်။
အလားတူ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကလည်း စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတ လိမ့်မည်ဟု မမျော်လင့်ကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့က ပြောဆိုခဲ့သည်ဟု AFPသတင်းတွင် ဖော်ပြထားသည်။
“မြန်မာ့နိုင်ငံရေးမှာ မပါမဖြစ်သတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်နိုင်အောင် ခွင့်ပြုရမယ်”ဟု ဗြိတိန် ၀န်ကြီးချုပ် ကဆိုသည်။
မြန်မာ စစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခွင့်အလမ်းကောင်းများကို အလဟဿ ဖြုန်းတီးပစ်နေ ကြောင်းလည်း မစ္စတာ ဂေါ်ဒွန်ဘရောင်းကပြောဆိုလိုက်သည်။
စစ်အစိုးရက ၁၉၉၀ ပြည့်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲရလဒ်အရ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကိုအာဏာလွှဲပြောင်းမပေးဘဲ နိုင်ငံတကာမှ အသိအမှတ်ပြုရန် ရွေးကောက်ပွဲတခုကို ထပ်မံပြုလုပ်ခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်သည်။
< Prev | Next > |
---|