ပြန်ပေးဆွဲခံရသည့် မြန်မာ သင်္ဘောသားများ မလွတ်သေး

Thursday, 01 April 2010 18:42
Print
ဆိုမာလီ ဓားပြများ ပြန်ပေးဆွဲ သွားသည့် သင်္ဘောပေါ်တွင် ရှိသော မြန်မာ သင်္ဘောသား ၂၁ ဦးသည် ကျန်းကျန်း မာမာနှင့် လုံခြုံစွာ ရှိနေ ကြကြောင်း သင်္ဘော ကုမ္ပဏီ၏ ပြောရေး ဆိုခွင့် ရှိသူ မစ္စတာ အက်ဒ်ဝပ်အိုင်ရွန်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ သင်္ဘောကို ပြန်လည်ရယူ ရန်အတွက် ယင်း သင်္ဘော ကုမ္ပဏီ တာဝန်ရှိသူများက ဆိုမာလီ ဓားပြများနှင့် ညှိနှိုင်း ဆောင် ရွက်နေကြောင်း သိရသည်။

“ကုမ္ပဏီက ပြောတာကတော့ ဓားပြတွေက ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၁၇ သန်း တောင်းတယ်လို့ကြားတယ်၊ အခု ကုမ္ပဏီက အဲဒီကိစ္စကို ညှိနှိုင်းနေတယ်”ဟု ပြန်ပေးဆွဲခံရသည့် သင်္ဘောသား၏ မိသားစုဝင် တဦးက ဧရာဝတီ သို့ပြောသည်။

သို့သော်လည်း စင်္ကာပူနိုင်ငံ အခြေစိုက် The Nautictank Shipping Company သို့ ဆက်သွယ် မေးမြန်း ရာ ပြန်ပေးရွေးငွေ ကိစ္စ နှင့် ပတ်သက်ပြီး မစ္စတာ အက်ဒ်ဝပ်အိုင်ရွန်က အသေးစိတ် ပြောကြားခြင်းမရှိပေ။

အဆိုပါ UBT Ocean အမည်ရှိ နော်ဝေနိုင်ငံသားပိုင် သင်္ဘောသည် လွန်ခဲ့သည့် မေလ ၆ ရက်နေ့က လောင်စာဆီများ တင် ဆောင်ထား၍ အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) မှ တန်ဇန်း နီးယားနိုင်ငံသို့ ဦးတည်ပြီး ခုတ်မောင်းနေစဉ် ပြန်ပေး ဆွဲ ခံရခြင်းဖြစ်သည်။

ဆိုမာလီ ပင်လယ်ဓားပြများအနေဖြင့်  ၂၀၀၅ ခုနှစ်မှ စတင်ကာ အေဒင် ပင်လယ်ကွေ့အနီး ဖြတ်သန်းသွားလာသော ပင်လယ်ကူး ကုန်တင်သင်္ဘော များကို မကြာခဏပြန်ပေးဆွဲမှုများ ရှိကြောင်း သိရသည်။

ဓားပြများသည် သင်္ဘောများပေါ်တွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများ၏ တန်ဖိုးများ ပေါ်မူတည်၍ ပြန်ပေးရွေးငွေကို တောင်း ခံကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်၂၀၀၉ ခုနှစ် အတွင်း ဆိုမာလီ ပင်လယ်ဓားပြများက သဘောင်္ စုစုပေါင်း ၆၈ စီးကို ပြန်ပေးဆွဲပြီး ငွေတောင်းခံခဲ့သည်။ ထိုသင်္ဘောတချို့တွင် မြန်မာသင်္ဘောသား အနည်းငယ် ပါဝင်ခဲ့သည်။ သင်္ဘောပိုင်ရှင်များက ပင်လယ်ဓားပြများကို ငွေပေးပြီး နောက်ပိုင်းတွင် သင်္ဘောသားများ ပြန်လည် လွတ်မြောက်သွားကြသည်။

ပြန်ပေးဆွဲခံထားရသည့် UBT Ocean ပေါ်ရှိ သင်္ဘောသား ၂၁ ဦးစလုံးမှာ မြန်မာပြည်သားများ ဖြစ်သောကြောင့် မြန်မာ သဘောင်္သားများ ပြန်ပေးဆွဲခံရမှုသည် ယခုတကြိမ်တွင် အများဆုံး ဖြစ်သည်။