မောင်းသူမဲ့လေယာဉ် စီမံကိန်းအတွက် အင်ဂျင်နီယာ မရှိ

E-mail Print
မြန်မာ့ တပ်မတော်၏ မောင်းသူမဲ့ လေယာဉ် တည်ဆောက်ရေး စီမံကိန်းမှာ တနှစ် ကြာပြီ ဖြစ်သော်လည်း ထိန်းချုပ် ဆောင်ရွက်သည့် ကွန်ပျုတာ အစီအစဉ် မရေးဆွဲနိုင် သေးသဖြင့် ကြန့်ကြာ နေကြောင်း သိရသည်။

မောင်းသူမဲ့ လေယာဉ် (Unmanned Aerial Vehicle - UAV) တည်ဆောက် ရေးကို ဗိုလ်ချုပ်မှူးကြီး၏ သားမက် တော်စပ်သူ ဗိုလ်မှူးချုပ် သိန်းနိုင်က စီစဉ် ဆောင်ရွက် နေကြောင်း တပ်မတော် (လေ) အသိုင်း အ၀န်းက ပြောသည်။

လေယာဉ် ကိုယ်ထည် တည်ဆောက်မည့် ဌာနတွင် လိုအပ်သည့် နည်းပညာနှင့် ထိုနည်းပညာများကို ထိန်းချုပ်သည့် စနစ်ဆိုင်ရာ ကျွမ်းကျင်သည့် အင်ဂျင်နီယာများ လိုအပ်နေကြောင်း လေတပ် အင်ဂျင်နီယာ ဌာနမှ အရာရှိ တဦးက ဆိုသည်။

“တရုတ်ကုမ္ပဏီတခုက UAV ပရိုဂရမ် ရောင်းချမယ် ဆိုတာနဲ့ လက်ခံလိုက်ပြီး စမ်းလုပ်မယ် ဖြစ်ကြတာ။ သူတို့က ရေးနည်း မပေးဘူး” ဟု သူက ပြောသည်။

လိုအပ်သည့် ပညာရှင် ရရှိရန် အခက်အခဲ ဖြစ်နေကြောင်း၊ ပြည်ပမှ ပညာသင်ပြီး ပြန်လာသည့် စစ်အရာရှိများထဲတွင်လည်း မောင်းသူမဲ့ လေယာဉ် ထိန်းချုပ်ရေး စနစ်များနှင့် ပတ်သက်ပြီး လေ့လာ သင်ယူခဲ့သူ မရှိသေးကြောင်း သူက ရှင်းပြသည်။

လေတပ် အင်ဂျင်နီယာတဦးကလည်း “ဌာနထဲက ကွန်ပျူတာနဲ့ နီးစပ်သူစာရင်း ကောက်ယူပြီး  ဗိုလ်ကြီးတယောက် ခေါင်းဆောင်တဲ့ အင်ဂျင်နီယာ အရာရှိငယ် ၅ ယောက်ကို အရပ်ဘက်မှာ နည်းပညာပိုင်းဆိုင်ရာ သင်တန်း တချို့ တက်ခိုင်းခဲ့တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် အတွင်း  လေတပ်ရှိ  အင်ဂျင်နီယာ အရာရှိများက  လေယာဉ်ကိုယ်ထည် တည်ဆောက်မည့် အဆောက်အအုံ ဆောက်လုပ် ပြီးစီးခဲ့သည်။

တပ်မတော် (လေ)တွင် လေယာဉ် ထုတ်လုပ်၊ ပြင်ဆင်ရေး ဌာနချုပ်ဟု  အမည် ပေးထားသည့် ဌာနမှ အင်ဂျင်နီယာများက လက်ရှိ အသုံးပြုနေသည့် လေယာဉ်များကို အသေးစား ပြင်ဆင်မှုများ လုပ်နိုင်ကြောင်း၊ ဤသို့သော အခြေအနေတွင် UAV စီမံကိန်းကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း   တပ်မတော်(လေ) မှ အငြိမ်းစား အရာရှိတဦးက ဆိုသည်။

“ဒီစီမံကိန်းကို လေသူရဲ ဒုဗိုလ်မှူးကြီး တဦးကို  ခေါင်းဆောင်ခိုင်းပြီး လေသူရဲနဲ့ အင်ဂျင်နီယာ အရာရှိ အယောက် ၃၀ နီးပါး စုဖွဲ့ထားတယ်” ဟု သူက ပြောသည်။

မြန်မာ့တပ်မတော်က တည်ဆောက်မည့် မောင်းသူမဲ့ လေယာဉ်၏ အရွယ်အစားကို မသိရသေးပေ။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင်လည်း မောင်းသူမဲ့လေယာဉ်ငယ် တည်ဆောက်နေသည်ဟု ထိုကျောင်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

အရွယ်အစား မျိုးစုံ ရှိသည့် မောင်းသူမဲ့ လေယာဉ်များကို နယ်ပယ်အသီးသီးတွင် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုနေကြသည်။

စစ်ဘက်တွင် အသုံးပြုသည့် မောင်းသူမဲ့ လေယာဉ်များမှာ ထောက်လှမ်းရေး နှင့် တိုက်ခိုက်ရေးလုပ်ငန်းများအတွက် ဖြစ်သည်။

ထောက်လှမ်းရေး လေယာဉ်ငယ်တွင် တပ်ဆင်ထားသည့် ကင်မရာက မြေပြင်စခန်းသို့ ပုံရိပ်များ တိုက်ရိုက် ပေးပို့နိုင်သည်။

တိုက်ခိုက်ရေး လေယာဉ်များက အရွယ်အစား ပိုမို ကြီးမားသည်။ ပါကစ္စတန် စစ်မြေပြင်တွင် အမေရိကန်စစ်တပ်က ပြီးခဲ့သည့် ၂ နှစ်အတွင်း မောင်းသူမဲ့ လေယာဉ်များကို အသုံးပြုပြီး အကြိမ် ၁၀၀ နီးပါး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တနင်္လာနေ့က ထုတ်ပြန်သည့် AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်