ဒီမိုကရေစီရေး မအောင်မြင်ခြင်းကို NLD တောင်းပန်

E-mail Print
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲရေးကို ဖော်ဆောင်ရန် ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့ သဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုင်ငံတ၀န်းလုံးရှိ ထောက်ခံသူများကို ယနေ့တွင် တောင်းပန်လိုက်သည်။

NLD ခေါင်းဆောင်များက နှစ်ပေါင်း ၂၀ ကျော် ဒီမိုကရေစီ ပြောင်းလဲ ရေးကို ဖော်ဆောင်ခဲ့ သော်လည်း မအောင်မြင် ဖြစ်ခဲ့ရသဖြင့် “ပြည်သူလူထုသို့ ပန်ကြားချက်”ဟု အမည် ပေးထားသည့် စာမျက်နှာ ၃ မျက်နှာရှိ ထုတ်ပြန်ချက်မှ ယင်းသို့ တောင်းပန် လိုက်ခြင်း ဖြစ်သည်။

NLD စတင် တည်ထောင်ချိန်မှ ပြည်သူ လူထုနှင့်အတူ တသားတည်း ရပ်တည်ခဲ့ သော်လည်း အာဏာပိုင်များက ပါတီဝင်များကို ဖမ်းဆီး အကျဉ်းချခြင်း၊ ဖိနှိပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းဖိနှိပ်မှု များကြောင့် NLD အနေဖြင့် ဒီမိုကရေစီ ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး တို့ကို ဖော်ဆောင်ရာတွင် မအောင်မမြင် ဖြစ်ခဲ့ရသဖြင့် ပြည်သူလူထုကို အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

NLDပြောခွင့်ရ ဦးဉာဏ်ဝင်းက“NLDကပါတီမှတ်ပုံမတင်ဘူးဆိုရင် NLDဆိုတာ နောင်မရှိတော့ဘူး၊ ဘာမှ မလုပ်တော့ဘူးလားလို့ ဒီလို မထင်ရအောင် တကယ်လုပ်မယ့်ဟာ ပြည်သူလူထုနဲ့မကင်းမကွာ နိုင်ငံရေး ဆက်လုပ်မယ်၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဆက်လုပ်မယ်ဆိုတာ အသိပေးတာ၊ မအောင်မြင်ခဲ့တာကိုလည်း တောင်းပန်စကား ဆိုတယ်”ဟု ပြောသည်။

NLD အနေနှင့် ထိုသို့ မဲပေးခဲ့သည့် ပြည်သူကို ၀န်ခံတောင်းပန်ခြင်းသည် ကောင်းမွန်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ နိုင်ငံရေးအရ ၀န်ခံခြင်းမျိုးမှာ ရှားပါးသည့်လုပ်ရပ် ဖြစ်ကြောင်း ပြည်ပအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက ဆိုသည်။

“NLD အနေနဲ့ ကိုယ်မလုပ်နိုင်ဘူး ဆိုတဲ့ ကိစ္စကို မလုပ်နိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောတယ်၊ မလုပ်နိုင်တဲ့အတွက် မဲထည့်တဲ့ လူတွေကို တောင်းပန်တာဟာ အင်မတန် ကောင်းတဲ့ကိစ္စလို့ ကျနော်မြင်တယ်၊ အခုလို ခေတ်ကြီးမှာ အနောက်နိုင်ငံတွေမှာ ဆိုလို့ရှိရင်လည်း အစိုးရတရပ်က မှားသွားတယ်ဆိုရင် တောင်းပန်ရတယ်၊ ၀န်ကြီးတွေမှားသွားရင် နုတ်ထွက်ရတယ်၊ မှားတာကို ၀န်ခံရတဲ့ အနေအထားရှိတယ်၊ စစ်အစိုးရ ဆိုရင် သူ့ရဲ့အမှားတွေကို သူဘယ်တော့မှ ၀န်မခံဘူး၊ NLD အနေနဲ့ ဒီလို ပြည်သူတွေ ကို ၀န်ခံတာဟာ အင်မတန်ကောင်းတဲ့၊ အရေးပါတဲ့ ပြောဆိုချက်လို့ ကျနော်မြင်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

NLDပါတီ စတင် တည်ထောင်ကတည်းက ဒီမိုကရေစီ စနစ် ထူထောင်ရေး ရည်မှန်းချက်အောင်မြင်သည်အထိ ကြိုးပမ်းကြမည်ဟူ သော သံန္နိဌာန်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃၉၂ နေရာတွင် အနိုင်ရခဲ့ကြောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို ၎င်းတို့ ပြဌာန်း ထားသည့် ဥပဒေများနှင့် အညီ ခေါ်ယူဖွဲ့စည်းပေးခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း စစ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံကာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိအောင် ဆောင်ရွက်နိုင်ရေး အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြောင်း၊ ဒီပဲယင်း အကြမ်းဖက်မှု၊ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော အမှုတို့တွင် လည်း အာဃာတ မထားဘဲ နိုင်ငံပြဿနာများ ပြေလည်သွားရန် အာရုံစူးစိုက်တောင်းဆိုခဲ့သော်လည်း တုံ့ပြန်မှု မရှိခဲ့ကြောင်း ရေးသားထားသည်။

ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှုမရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အကျပ်ကိုင် လိုက်နာစေခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းအတွက် မတ်လ ၂၉ ရက် NLD ဗဟို ဦးစီးအဖွဲ့က နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင်တော့မည်မဟုတ်ဟု ဆုံးဖြတ်လိုက်ကြာင်းလည်း ပါရှိသည်။

သို့သော်လည်း NLDအနေဖြင့် ထောက်ခံသူများကို ဘယ်သောအခါမှ ကျောခိုင်းသွားမည် မဟုတ်သကဲ့သို့ ဒီမိုကရေစီ ရည်မှန်း ချက် အောင်မြင်သည်အထိ အကြမ်းမဖက်သော နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဟု ပြည်သူလူထုသို့ ပန်ကြားကြောင်း ဖော်ပြထားသည်။

NLD ထုတ်ပြန်ကြေညာချက် အပြည့်အစုံကို ဖတ်ရှုချင်ပါက ဤနေရာကို နှိပ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်