ထိုင်းတောင်ပိုင်းတွင် ဆူနာမီလန့်

E-mail Print
ဆူနာမီ သတိပေး ချက်ကြောင့် မြန်မာ အလုပ်သမား အများအပြား အလုပ်လုပ်ရာ ထိုင်းတောင်ပိုင်းတွင် ထိတ်လန့် ရွှေ့ပြောင်းမှုများ ယနေ့ နံနက်ပိုင်းက ဖြစ်ပွားကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမတြား ကျွန်းတွင် ပြင်အား ရစ်ခ်ျစ်တာ စကေး ၇.၈ ရှိ ငလျင် လှုပ်ပြီးနောက် တဆက် တည်း ဆူနာမီ သတိပေးချက်များ ထွက်ပေါ် လာသဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငမြို့ ခေါင်လတ် ဒေသ နှင့် ဖူးကက်မြို့ ပါသောင် ကမ်းခြေရှိ မြန်မာ အလုပ်သမားများနှင့် ဒေသခံ ထိုင်းလူမျိုးများပါ ထိတ်လန့်လျက် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

“ဆူနာမီ ရေလှိုင်း ဝင်မယ်လို့ မနက် အစောကြီး သူဌေးမက ကျနော့်ကို အကြောင်းကြားလာတယ်၊ မြန်မာ ပြည်သားတွေ သတိနဲ့ နေကြဖို့၊ မြန်မာတွေ အချင်းချင်း ဆက်သွယ် သတိပေးကြဖို့ ပြောတယ်၊ သူ ပြောပြီး တာနဲ့ပဲ နမ့်မခင်း တို့၊ ပါကလန်တို့ဘက်က ဖုန်းတွေ ဝင်လာတယ်၊ သူတို့ ဆူနာမီ ပြေးနေကြတယ်၊ အစ်ကို တို့ရော ပြေးနေကြလား မေးတယ်”ဟု ဦးဝင်းက ဧရာဝတီသို့ ပြောသည်။

ဦးဝင်းသည် ဖန်ငမြို့၊ ထလမု ရွာတွင် နေထိုင်ပြီး ၂၀၀၄ ခုနှစ် ဆူနာမီ ဖြစ်ပွားစဉ်က ကူညီရှာဖွေရေး အဖွဲ့ တွင် ပါဝင် လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။

ယနေ့ နံနက်စောစောပိုင်းတွင် ထိုင်းရုပ်မြင်သံကြားမှ အင်ဒိုနီးရှားငလျင် သတင်းနှင့် ဆူနာမီ သတိပေးချက် ကို ကြေညာပြီးနောက် ထိတ်လန့် ရွှေ့ပြောင်းကြခြင်း ဖြစ်ကြောင်းလည်း ဦးဝင်းက ဆက်လက် ပြောပြသည်။

“ထိုင်းတွေကတော့ ကားနဲ့ ပြေးကြတာပေါ့၊ မြန်မာတွေကတော့ အမြင့်တွေကို တက်ပြေးကြတယ်၊တောင်ပေါ် တွေ သစ်ပင်ပေါ်တွေကို တက်ပြေးကြတာပေါ့”ဟု ဦးဝင်းက ဆိုသည်။

ဆူနာမီ သတိပေးချက် ထွက်ပေါ်ပြီးနောက်  ခေါင်လတ် ဒေသရှိ နမ့်မခင်းရွာမှ လူများသည် ရွာအထက်ပိုင်းရှိ ဘုန်းကြီးကျောင်းသို့ တက်ပြေးခဲ့ကြကြောင်း သိရသည်။ နမ့်မခင်းရွာသည်၂၀၀၄ ဆူနာမီတွင် အဆိုးရွားဆုံး ခံစားရခဲ့ရသော ရွာ ဖြစ်သည်။

“အရင် ဆူနာမီလာတုန်းက ဘုန်းကြီးကျောင်းကို ရေမထိတော့ ကျနော်တို့လည်း ကျောင်းကိုပဲ ပြေးကြ တာပေါ့၊ နမ့်မခင်းက ဆူနာမီ ဒဏ်ကို ရက်ရက်စက်စက် ခံထားရတော့ ကြောက်တာလည်း မပြောပါနဲ့”ဟု အဆိုပါရွာမှ ကိုမကွေး ဆိုသူက ပြောသည်။

ကိုမကွေးသည် ၂၀၀၄ ခုနှစ် ဆူနာမီကို ကိုယ်တိုင် ကြုံဖူးခဲ့ပြီး ဆူနာမီကြောင့် ဇနီးဖြစ်သူလည်း ဆုံးပါးခဲ့ရသူ ဖြစ်သည်။

အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန (GHRE) မှ အလုပ်သမား ဖွံ့ဖြိုးရေး တာဝန်ခံ ကိုမိုးဝေကလည်း “မနက် ၅ နာရီလောက်မှာ ပင်လယ်ကမ်းစပ်က အလုပ်သမားတွေ ကျနော်တို့ ရုံးကို အပြေးအလွှား ရောက် လာ ပြီး ရနောင်း၊ ဖန်င၊ ကဘီ အရပ်က လူတွေ ဘေးကင်းရာ ရွှေ့နေသင့်တယ် ဆိုတဲ့ သတင်းကို သိရလို့ သူတို့ လန့်ပြီး ပြေးလာကြတာလို့ ပြောကြတယ်”ဟု ဆိုသည်။

ဖူးကက်မြို့၊ ပါသောင် ကမ်းခြေတွင်လည်း ဆူနာမီ သတိပေးချက်များကို အသံချဲ့စက်များမှ သတိပေးခဲ့၍ အမြင့်ပိုင်းသို့ တက်ပြေးကြကြောင်း သိရသည်။

ဖူးကက်မြို့မှ ထိုင်းအမျိုးသမီးတဦးက“မနက်က လူတွေ ကြောက်ပြီးတော့ ကားနဲ့တချို့ ပြေးကြတယ်၊မြန်မာ တွေကလည်း တောင်ပေါ်တွေကို တက်နေကြတယ်၊ ကျမတို့လည်း ရေလှိုင်း ဝင်လာရင်တော့ ဒုက္ခပဲ ဆိုပြီး စိုးရိမ်စိတ်နဲ့ အိမ်ထဲမှာ နေနေကြတယ်”ဟု ပြောပြသည်။

ထိုင်းတောင်ပိုင်းရောက် မြန်မာလုပ်သား အများစုသည် ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ရာဘာခြံ များတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။

၂၀၀၄ ခုနှစ် ခရစ္စမတ် နှစ်သစ်ကူးပြီး နောက်တရက် ဒီဇင်ဘာလ ၂၆ တွင် အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ ကို ဗဟိုပြုလျက် ၉.၁ ရစ်ခ်ျစ်တာ စကေးရှိ ငလျင်လှုပ်ခဲ့သောကြောင့် ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို ဆူနာမီကြောင့် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ လူ ၂ သိန်းခွဲခန့် အသက်ဆုံးရှုံးခဲ့သည်။

ထိုင်း တောင်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသွားများ အပါအဝင် ၅၃၉၅ ဦး သေဆုံးခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်သည်။ ကူညီကယ်ဆယ်ရေး အဖွဲ့များက သေဆုံးခဲ့သော မြန်မာရွှေ့ပြောင်း လုပ်သား ၂၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်