မီတာ ထိန်းသိမ်းခနှင့် ဒဏ်ကြေးငွေ တဆတက်

Wednesday, 07 April 2010 19:25
Print
လျှပ်စစ်မီတာ ထိန်းသိမ်း စောင့်ရှောက်ခနှင့် ဒဏ်ကြေး ငွေများကို တဆ ထပ်မံတိုးမြှင့် လိုက်ကြောင်း သိရသည်။

“မီတာ ထိန်းသိမ်းခတွေ တက်တယ်ပေါ့၊ ဘာကြောင့် တက်တာလဲ မေးတော့ မီတာ ရုံးဝန်ထမ်းက သူတို့လည်း ဂဃဏန မသိဘူး၊ မီတာခသာ ပုံမှန် ဆောင်နေရတာ၊ မီး ပုံမှန် မလာဘူး”ဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှ ဒေသခံတဦးက ဆိုသည်။

မီတာထိန်းသိမ်း စောင့်ရှောက်ခကို ကျပ် ၅၀၀ မှ ၁၀၀၀ ၊ ဒဏ်ကြေးငွေများကို တလလျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ သို့ လည်းကောင်း၊ နှစ်လလျှင် ကျပ် ၂၀၀၀ မှ ၃၀၀၀ သို့လည်းကောင်း၊ သုံးလလျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ သို့ လည်းကောင်း တိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

“ဦးပဉ္ဇင်းတို့ ကျောင်းလည်း မီတာခ တိုးဆောင်ခဲ့ရတယ်လို့ ကျောင်းဂေါပက အဖွဲ့က ပြောတယ်၊ ဦးပဉ္ဇင်းတို့ စာသင်တိုက်ဆို တလကို မီတာခ သောင်းချီဆောင်ရပါတယ်”ဟု ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကျောင်းတိုက်တခုမှ သံဃာတပါးက မိန့်ကြား သည်။

ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတဦးက လျှပ်စစ်မီတာ ထိန်းသိမ်းခသာ တိုးမြှင့်ကောက်ခံခြင်း ဖြစ်ပြီး မီတာသုံးစွဲခ တိုးမြှင့်ခြင်း မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

မီတာ အသစ်လျှောက်ထားရာ၌လည်း ယခင်က ငွေသွင်းရာတွင် မီတာတလုံးလျှင် ၅၆၀၀၀ ကျပ် ပေးသွင်းနေရာမှ ယခုအခါ ကျပ် ၇၀၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ယခုကဲ့သို့ မီတာ ထိန်းသိမ်းစောင့်ရှောက်ခ တိုးမြှင့် ကောက်ခံခြင်းအပေါ် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများမှ ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

ပဲခူးမြို့ခံ တဦးက “ဒီနေ့ရုံးသွားတော့ မီတာခက ၃၀၀၀ ကျော် ကျနေတယ်ဗျာ၊ အရင် ၂၀၀၀ ကျော်ပဲ ကျခဲ့တာ၊ ဒါနဲ့ မေးကြည့် တော့ မီတာ ထိန်းသိမ်းခ တက်တာပါတဲ့၊ မီးကမလာ မီတာခက တက်၊ ကုန်ဈေးနှုန်းကတက်နဲ့ ကျနော်တို့တော့ အခက်ပါပဲ” ဟု ဆိုသည်။

ရန်ကုန်မြို့ခံ တဦးကလည်း“မီးကျတော့ မှန်မှန်မလာဘူး၊ မီတာသွားဆောင်ရင်လည်း ထိန်းသိမ်းခဆိုပြီး ယူတယ်၊ ဒဏ်ကြေး လည်း အရင်ထက် တိုးမယ်လို့ ကြေညာထားတာ တွေ့တယ်”ဟု ပြောပြသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးလျှင်လည်း မီတာခများ ထပ်မံ တိုးမြှင့်မည်ဆိုသော သတင်းများလည်း လွန်ခဲ့သော လများကတည်း က ထွက်ပေါ်နေခဲ့သည်။

ရန်ကုန်မှ အင်တာနက် ဆိုင်ပိုင်ရှင်တဦးကမူ“မီတာခ ထပ်တက်မယ် ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်ဗျာ၊ သူတို့က ပုဂ္ဂလိက လွှဲပြောင်းပေးမယ်လို့ ကြားတယ်၊ လွှဲပြောင်းပေးလိုက်ရင်တော့ သေချာပေါက် ထပ်တက်လာမှာပဲဗျ၊ ကျနော်တို့ ဆိုင်တွေကတော့ မီးလာလည်း မီတာခက တက်၊ မီးစက်မောင်းလည်း ဆီဈေးက တက်ဆိုတော့ အသုံးပြုခအပေါ် ထပ်တင်ရုံပဲ ရှိတာပေါ့”ဟု ဆိုသည်။

လျှပ်စစ်ဝန်ကြီးဌာနက ၂၀၀၆ ခုနှစ် မေလကတည်းက မီတာခများ တိုးမြှင့် ကောက်ခံခဲ့ရာ အိမ်သုံးမီတာ တယူနစ်လျှင် ၂၅ ကျပ်၊ လုပ်ငန်းသုံး မီတာများ တယူနစ်လျှင် ၅၀ ကျပ်နှင့် အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်လျှင်လည်း တယူနစ်လျှင် ၅၀ ကျပ် ကောက်ခံလျက်ရှိသည်။

ဧရာဝတီ သတင်းထောက် မင်းနိုင်သူ ပူးပေါင်း ရေးသားသည်။