မင်္ဂလာဈေးအနီး ဆိုင်ခန်းငှားခ ၂ ဆ မြင့်တက်

E-mail Print
မင်္ဂလာဈေး မီးလောင် သောကြောင့် ယုဇနပလာဇာနှင့် မင်္ဂလာဈေး ပတ်ဝန်းကျင်တွင် ဆိုင်ခန်းငှားရမ်းမှု များလာပြီး ဈေး ၂ ဆခန့် မြင့်တက် သွားကြောင်း သိရသည်။

ကျောင်းဖွင့်ရာသီ ဖြစ်သောကြောင့် စာရေးကိရိယာနှင့် ကျောင်းစိမ်း လက္ကားဖြန့်ချိမှု အများဆုံးဖြစ်သည့် မင်္ဂလာဈေးမှ ကုန်သည်များမှာ ယုဇနပလာဇာ၊ မင်္ဂလာဈေးနှင့် သိမ်ကြီးဈေး ဝန်းကျင်တို့တွင် ဆိုင်ခန်း ငှားရမ်းမှု များလာ၍ ဈေးနှုန်း မြင့်တက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ယုဇနပလာဇာ အနောက်ဘက်၊ စံပယ်လမ်းမှာရှိတဲ့ တိုက်ခန်းတွေမှာ မြေညီထပ်ငှားခ အရင်က ကျပ် ၂ သိန်းကနေ အခု တလကို ၆ သိန်း ဝန်းကျင်အထိ တက်သွားတယ်” ဟု အထည်ဆိုင် ပိုင်ရှင် တဦးကပြောသည်။ 

မင်္ဂလာဈေး မီးလောင်မှုတွင် ကျန်နေသည့် ဆိုင်အများစုမှာ အထည် ဆိုင်များဖြစ်ပြီး ယခုအချိန်သည်  ကျောင်းစိမ်း ရာသီဖြစ် သောကြောင့် ဆိုင်ရှင်များအနေနှင့် ငွေကြေး ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆိုင်ခန်းရှာဖွေမှု များပြားနေကြောင်း သူက ဆက်ပြောသည်။

၎င်းက ဆက်လက်၍ “တာဝန်ရှိသူတွေက နေရာပြန်ပေးမယ်တို့၊ ဘဏ်က ငွေထုတ်ချေးမယ်တို့ ပြောပေမယ့်၊ အခုချိန်မှာ ဆိုင်ရှင်တွေက ရှိနေတဲ့ ပစ္စည်းလေးတွေ ထုတ်ပြီး အနီးတ၀ိုက်မှာ ဆိုင်ခန်းရှာ၊ မြန်မြန်ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေကြတာ” ဟု  သူက ဆိုသည်။

သိမ်ကြီးဈေးနှင့် ယုဇနပလာဇာကဲ့သို့ ဈေးဝယ်များပြားသည့် နေရာများတွင် အမြန်ဆုံး ပြန်လည်ဖွင့်နိုင်ပါက ယခုအချိန်တွင် ပိုမို ရောင်းချရနိုင်သောကြောင့် ဈေးကြီးပေး၍ ငှားရမ်းရန် စီစဉ်နေကြောင်း စာရေးကိရိယာ ဖြန့်ချိသူတဦးက ဆိုသည်။

“သိမ်ကြီးဈေး ဘီရုံမှာ အတွင်းခန်း ဆိုင်ငှားခ ကျပ် ၈ သောင်းကနေ ကနေ အခု ကျပ် ၂ သိန်းဖြစ်သွားပြီ။ ဈေးကြီးလည်း အခု အခြေအနေက လုပ်ငန်း ပြန်လည်နိုင်ဖို့နဲ့ ဖောက်သည်မပျက်ဖို့ ဦးစားပေးပြီး ငှားရတာပဲ” ဟု သူက ပြောသည်။

မင်္ဂလာဈေး မီးလောင်မှုကြောင့် စတုတ္ထထပ်နှင့် ပဉ္စမထပ်ရှိ ဆိုင်ခန်းများကို ဦးစားပေး အနေဖြင့် မင်္ဂလာဈေးသစ် (မင်္ဂလာ မွန်ဈေး) ရှိ ဆိုင်ခန်း အလွတ်များတွင် နေရာချထားပေးပြီး ကျန်အထပ်များမှ ဆိုင်ခန်းများကို မင်္ဂလာမွန်ဈေးအနီး Favourite ကာရာအိုကေ ဆိုင်အနောက် ရှိဘောလုံးကွင်းတွင် အကွက်ငယ်များ ပြုလုပ်ကာ ယာယီဈေးအဖြစ် သတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း အာဏာပိုင်များက အသိပေးထားသည်ဟု ပြည်တွင်း အခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
အဆိုပါ ဆိုင်ခန်းများကို ကော်မတီတခုဖွဲ့၍ ဆိုင်ခန်းရှင်များအား မဲနှိုက်စေကာ ပြန်လည် ချထားပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

“ဆိုင်ခန်းတွေ ပြန်ပေးဖို့က ကြာဦးမယ်ဆိုတော့ ယုဇနပလာဇာ ၀န်းကျင်နဲ့ မင်္ဂလာမွန်ဈေးမှာ ဆိုင်ခန်းတွေ ငှားလို့တောင် မရတော့ဘူး ဖြစ်သွားတယ်။ ဈေးကလည်း ၂ ဆကျော်အထိ တက်သွားတယ်” ဟု အထည်လက်လီ လက်ကားဖြန့်ချိ နေသူ တဦးကပြောသည်။

မင်္ဂလာဈေးပတ်ဝန်းကျင် ဖြစ်သော ၁၃၃ လမ်း၊ ၁၃၆ လမ်းတို့တွင် ယခင်မြေညီထပ် ငှားရမ်းခမှာ ကျပ် ၂ သိန်းမှ ၅ သိန်းအထိ မြင့်တက်သွားကြောင်း ယုဇနပလာဇာအနီး နေထိုင်သူ တဦးကပြောသည်။

ယုဇန ပလာဇာ အနီး တော်ဝင် ပလာဇာရှိ ဆိုင်ခန်းပေါက်ဈေး များသည်လည်း မြေအောက်ထပ် ငှားရမ်းခ တလကျပ် ၈ သောင်း၊ ပထမထပ်နှင့် ဒုတိယ ထပ်များမှာ တလ ကျပ် ၁ သိန်းခန့်ရှိနေကြောင်း၊ မင်္ဂလာဈေး မီးလောင်ပြီး ရက်ပိုင်းအတွင်း အဆိုပါ ပလာဇာတွင် ဆိုင်ခန်းငှားရမ်းမှုများ မြင့်တက်လာကြောင်း တော်ဝင်ပလာဇာ အုပ်ချုပ်မှုကော်မတီ တာဝန်ခံ ဦးကိုကိုဦးကပြောသည်။

“နှစ်ရက်အတွင်း ဆိုင်ခန်း ၅၀၀ ကျော် ငှားရတယ်။ ဆိုင်ငှားခ စပေါ်က ကျပ် ၃ သိန်းရှိတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံရှိ စီးပွားရေး ဈေးကွက်အနေအထားသည် ငွေကြေး စီးဆင်းမှု ရပ်တန့်စေသည့် အခြေအနေမျိုးနှင့် ကြုံလာပါက  ဈေးနှုန်းမြင့်တက်သည့် ပြဿနာများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ ထို အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း မရှိသေးကြောင်း စီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

“တခုခုဆို ဈေးတက်ချင်တာ စီးပွားရေးသမားတွေရဲ့ အလုပ်လိုဖြစ်နေပြီ။ ဒီလိုဖြစ်နေတဲ့ ပြဿနာတွေကို အာဏာပိုင်တွေ ကရော၊ စီးပွားရေးသမားတွေပါ ကိုင်တွယ်ဖြေရှင်းသွားမယ်ဆိုရင် ဈေးအတက်အကျမမှန်တာတို့၊ တခုခုဆို ဈေးတက် သွားတာတို့ ဖြစ်လာနိုင်စရာ မရှိတော့ဘူးပေါ့” ဟု သူကပြောသည်။

ဧရာဝတီ တိုက်ထိုင်သတင်းထောက် နရီလင်းလက် ပါဝင်ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်