နယ်ခြားစောင့်တပ် ပြောင်းရေး ဖိအားလျော့သွား

E-mail Print
နယ်ခြား စောင့်တပ် အသွင် ပြောင်းရေးနှင့် ပတ်သက်ပြီး အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တချို့ကို စစ်အစိုးရ အာဏာပိုင်များက ဖိအားပေးမှုများ လျော့နည်း သွားကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော ဝပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA)နှင့် ကချင်ပြည် လွတ်မြောက် ရေးအဖွဲ့(KIO) တို့ကို ယခုလဆန်းပိုင်းမှ စတင်၍ ဖိအားပေးမှုများ လျော့နည်းသွားခြင်း ဖြစ်သည်။

KIO အဖွဲ့မှ တာဝန်ရှိသူတဦးက စစ်အစိုးရက နယ်ခြားစောင့် ကိစ္စနှင့် ပတ်သက်၍ ဖိအားပေးမှုများ မရှိတော့ကြောင်း ဧရာဝတီသို့  ပြောသည်။

ယခုကဲ့သို့ နယ်ခြားစောင့်တပ် ကိစ္စ ဖိအားပေးမှုများ လျော့နည်းသွားရခြင်းသည် တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင် မြန်မာပြည်သို့ သွားရောက်ခဲ့သော ၂ ရက်ကြာ ခရီးနှင့် ပတ်သက်နိုင်သည်ဟုလည်း စစ်ရေး လေ့လာသူများက ပြောဆိုနေကြသည်။

ထိုင်းနိုင်ငံ အခြေစိုက် ကချင် သတင်းစဉ်မှ အယ်ဒီတာ လဖိုင်နော်ဒင်းက“တရုတ်အစိုးရက နအဖကိုရော UWSAနဲ့KIO တို့ရော ၀မ်ကျားပေါင် မသွားခင် သီးသန့် တွေ့ခဲ့တာတွေ လုပ်ခဲ့ပါတယ်”ဟု ပြောသည်။ 

လွန်ခဲ့သည့် မတ်လက UWSA ဒေသများတွင် စစ်ဖြစ်မည်ဟု ထင်မြင်ချက်များကြောင့် နေရပ်များသို့ ပြန်သွားကြသော စစ် အစိုးရ ၀န်ထမ်းများသည် ယခုလတွင် လူဦးရေ ၃၀ ခန့် ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်ဟု တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

ယင်း ဒေသတွင် ကျောင်းဆရာ၊ ဆရာမ နှင့် ကျန်းမာရေး ၀န်ထမ်းများ အပါအ၀င် လူဦးရေ ၂၀၀ ခန့် ရှိပြီး အများစုမှာ UWSA ၏ ဆက်ဆံရေး ဌာနသို့ တရားဝင် ဆက်သွယ်၍ ပြန်ကြသူများသာ ပြန်လာကြသည်ဟု ၎င်းက ဆိုသည်။

တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်သည် ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် တိုင်းရင်းသား အရေး ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်၌ ယခုလ ၃ ရက်နေတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရရေး အတွက် တရုတ် ၀န်ကြီးချုပ်က စစ်ခေါင်းဆောင်များကို တိုက်တွန်းခဲ့ ကြောင်း လည်း သံတမန် အသိုင်းအ၀န်းမှ သိရသည်။

အစိုးရပိုင် သတင်းစာများတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံ တကာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ၂ နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး စသည့် နှစ်နိုင်ငံအတွက် အလေးထား ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြောင်း ဖော်ပြခဲ့ သည်။

တရုတ် နိုင်ငံသည် မြန်မာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အကာအကွယ် ပေးလေ့ရှိသဖြင့် မြန်မာပြည်၏ ရွေးကောက်ပွဲသည် တရုတ် အတွက် အရေးပါလျက် ရှိသည်။  

ထို့အပြင် KIOကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ကချင် လူကြီးပိုင်းများက လာရောက် စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း KIO တာဝန်ရှိသူတဦးက ပြောသည်။

“ပစ်တာ ခတ်တာကတော့ မကောင်းဘူး၊ ၁၆ နှစ် ငြိမ်းချမ်းခဲ့ပြီးပြီ၊ အဲဒီတော့ ငြိမ်းချမ်းရေး လိုချင်ပါတယ်၊ ငြိမ်းချမ်းဖို့ အတွက် ဖြေရှင်း စေချင်ပါတယ်၊ အဲဒါ လာပြောတယ်”ဟု ၎င်းက ဆိုသည်။

ဤအတော အတွင်း ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) အဖွဲ့ ခေါင်းဆောင် ဦးစခုန်တိမ်ယိန်းတို့ကလည်း အစိုးရ ညွှန်ကြားထားသည့် အတိုင်း လိုက်နာရန် အကြံပေးစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန်အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်