အီရန်နှင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံ

E-mail Print
အီရန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး မိုဟာမက် အလီဖာသိုလာဟီနှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ ဇွန်လ ၁၆ ရက်နေ့ နေ့လယ်က နေပြည်တော်တွင် တွေ့ဆုံကြကြောင်း သိရသည်။


နျူကလီးယားနှင့် ပတ်သက်၍ အငြင်းပွားစရာ ဖြစ်နေသည့် အီရန်မှ နိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် အသေးစိတ် ဆွေးနွေးချက်များကိုမူ ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားခြင်း မရှိပေ။

“အခုအချိန်မှာ အမေရိကန်က မြန်မာကို တားမြစ် ကန့်သတ်တာတွေ လုပ်တော့ လက်ရှိမြန်မာ အစိုးရက အမေရိကန်ကို ရန်သူလို သဘောထားတယ်။ အမေရိကန်ကို အာဃာတ ရှိနေတော့ မြောက်ကိုရီးယားနဲ့ မဟာမိတ် ပြန်လုပ်နေ တယ်လို့ပဲ မြင်ပါတယ်။ အီရန်တို့၊ ကျူးဘားတို့လို အမေရိကန်နဲ့ မတည့်တဲ့နိုင်ငံတွေနဲ့ လည်း ပိုရင်းနှီးဖို့ ဆောင် ရွက် နေတယ်။ ဒီလိုပဲ မြင်တယ်” ဟု ဝါရင့်နိုင်ငံရေး သမားဟောင်း သခင်ချန်ထွန်းက ဧရာဝတီနှင့် အင်တာဗျူးတခုတွင် သုံးသပ် ပြောကြားသည်။

နိုင်ငံတကာ၏ နျူကလီးယား ဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ သဘောထားတင်းမာသူ အီရန်သမ္မတ အာမက် ဒီနေဂျက် က အီရန် အစိုးရသည် နျူကလီးယားအစီအစဉ်ကို လုံးဝ ငြိမ်းချမ်းသော ရည်ရွယ်ချက်နှင့် ပြုလုပ်နေခြင်းသာ ဖြစ်သည်ဟု အစဉ်တစိုက် ပြောဆိုနေခဲ့သည်။

မြန်မာ စစ်အစိုးရကလည်း နျူကလီးယားဆိုင်ရာ ရည်မှန်းချက်နှင့် ပတ်သက်၍ ယခင်လ အတွင်းက ပေါ်ထွက်လာသော အထောက်အထားများကို ငြင်းဆိုရာတွင် “နိုင်ငံတိုင်းသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းစွာ အသုံးပြုနိုင်သည့် အခွင့်အရေးရှိသည့် အချက်ကို မြန်မာနိုင်ငံမှ အစဉ်တစိုက် ထောက်ခံပါသည်” ဟု စစ်အစိုးရ ထိန်းချုပ်ထားသော သတင်းစာမှ တဆင့် ဇွန်လ ၁၂ ရက်နေ့က ဖော်ပြခဲ့သည်။

ပြည်ပသို့ တိမ်းရှောင် လာသော ဗိုလ်မှူးစိုင်းသိန်းဝင်းက ရာနှင့်ချီသော ထိပ်တန်း လျှို့ဝှက်ချက် စာရွက် စာတမ်းနှင့် ဓာတ်ပုံ အထောက် အထားများကို ယခင်လက မီဒီယာများမှ တဆင့် ထုတ်ဖော် လိုက်သည့် အတွက် စစ်အစိုးရ၏ နျူကလီးယား လျှို့ဝှက် စီမံကိန်း နိုင်ငံတကာသို့ ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ကျွမ်းကျင် သူများထံမှ ပေါက်ကြား လာသည့် ၄၇ မျက်နှာရှိ အစီရင်ခံစာ တစောင်ကို အေပီသတင်း ဌာနက ကိုးကား ဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။

မေလအစောပိုင်းတွင်လည်း “အီရန်ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ချင်တဲ့ ဆန္ဒဟာ ကမ္ဘာအတွက် အန္တရာယ် သိပ်ကို ကြီးမားမယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆို ဝေဖန်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် သမ္မတဘုရှ်က မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ကြွင်းကျန်တည်ရှိနေသည့် "အာဏာရှင်များ၏ ခံက တုတ် နိုင်ငံတခု" အဖြစ် ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ် နိုင်ငံများနှင့် အတူ တတန်းတည်း ထား၍  ဝေဖန်ခဲ့သေးသည်။

နိုင်ငံအာဏာကိုရယူထားသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှာ အသက် ကြီးလှပြီဖြစ်၍ အရေးကြီးသည့် နိုင်ငံရေး ကိစ္စများကို စီမံခန့်ခွဲ နိုင်စွမ်း နည်းနေပြီ ဟု ၂၀၀၉ ဒီဇင်ဘာလတွင်းက ထုတ်ဝေသည့် အီရန် အစိုးရ အာဘော်ဖြစ်သည့် တီဟီရန်တိုင်းမ်စ် သတင်းစာတွင် ဖော်ပြခဲ့ဖူးသည်။

စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ် သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူ စမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သေးသည်။ 

အီရန်နိုင်ငံ၏ စွမ်းအင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံသို့ ၂၀၀၆ ခုနှစ်တွင် လာရောက်ခဲ့ဖူးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်