ပါတီ လှုပ်ရှားမှုများကို ရွေးကောက်ပွဲ ကော်မရှင် သတိပေး

E-mail Print
မှတ်ပုံတင်ခွင့် ရရှိပြီးသော နိုင်ငံရေး ပါတီများသည် ပါတီအလံများကို သက်ဆိုင်ရာ ပါတီရုံးများတွင်သာ လွှင့်ထူကြရန် ဆိုသည့် အချက် အပါအဝင် တခြားအချက်များကို ရွေးကောက်ပွဲ ကော်မရှင်က ပါတီများအား သတိပေး လိုက်ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီများသို့ ဇွန်လ ၁၈ ရက်နေ့က ပေးပို့သော အကြောင်းကြားစာတွင် ပါတီဝင် အင်အားကို သတ်မှတ်ထားသည့် ရက်အတွင်း ကော်မရှင်သို့ ပေးပို့ရန်၊ ရွေးကောက်ပွဲ ဥပဒေများကို လိုက်နာရန်၊ ဌာနချုပ်  ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ပါတီရုံးများတွင်သာ ပါတီဆိုင်းဘုတ်တင်ရန် စသည်တို့လည်း ပါဝင်ကြောင်းသိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက “ကျနော်တို့ ပါတီတွေကို သတိပေးတယ်လို့ပဲ ယူဆတယ်။ ဘာကြောင့်ဆိုတာ ဘာမှ မပြောထားတော့ ကော်မရှင်နဲ့တွေ့ရင် အကုန်မေးရမှာပေါ့။ အရင်တုန်းက နိုင်ငံရေး ပါတီတွေ အစည်းအဝေး လုပ်မယ်၊ မြို့နယ်တွေ ဆင်းမယ်ဆိုရင် အလံတွေထောင်ပြီး သွားကြတာ။ အဲဒါတွေကို ကန့်သတ်ချင်လို့လားတော့ မသိဘူးပေါ့” ဟု ဆိုသည်။

လေ့လာသူများကမူ ဤသို့ သတိပေး အကြောင်းကြားစာ ပို့ခြင်းသည် ဇွန်လအစောပိုင်းက ဦးအေးလွင်၏ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီက ပါတီအလံများကို ဆိုင်ကယ်နှင့် ကားများတွင် လွှင့်ထူ၍  သွားလာလှုပ်ရှားမှုများ ရန်ကုန်၊ မန္တလေးတို့တွင် ပြုလုပ်ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ပါတီများ၏ ဆောင်ရွက်ချက်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ အပိုဒ် ၁၅ ပါ ပြဋ္ဌာန်းချက်များကို ငြိစွန်းကြောင်း ကော်မရှင်က တွေ့ရှိလျှင် မှတ်ပုံတင် ခွင့်ပြုခြင်းကို ပယ်ဖျက်မည်ဟု ယင်းစာတွင် ထည့်သွင်း ရေးသားထားသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ အခန်း ၃၊ အပိုဒ် ၁၅ အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမှုမရှိခြင်း၊ နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ရယူသုံးစွဲကြောင်း တွေ့ရှိရခြင်း၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ခြင်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု သတ်မှတ်ထားသောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ မတရားအသင်းအဖြစ်ကြေညာခံရသော အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း စသည့်တို့ကို ပြုလုပ်ပါက မှတ်ပုံတင်ခွင့်ပြုခြင်းကို ပယ်ဖျက်နိုင်ကြောင်း ဖော်ပြထားသည်။

ယခုအချိန်အထိ ရန်ကုန်မြို့ရှိ လမ်းများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) အလံများကို စိုက်ထူထားသေးကြောင်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ပြောသည်။

“တကယ်လက်တွေ့က ကြံ့ဖွံ့ပါတီအလံနဲ့ အသင်းအလံက အတူတူပဲဆိုတော့ ဒီအလံတွေကလည်း အဲဒီလို ထောင်ခွင့် မရှိတော့ဘူးလို့ ပြောလို့ရတယ်။ ရုံးမှာပဲ ထောင်ရမှာကိုး။ ဟိုမှာ ဒီမှာ ထောင်ခွင့်မရှိတော့ဘူး။ ဒါကို သူတို့ ဘယ်လို လိုက်နာမလဲဆိုတာကို အချိန် နည်းနည်း စောင့်ကြည့်မယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

မေလ ၂၅ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် သတ်မှတ် ပါတီဝင်အင်အား စာရင်းကို သတ်မှတ်ချိန် အတွင်း တင်ပြရန်နှင့် မတင်ပြနိုင်ပါက မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းမည် ဖြစ်ကြောင်း သတိပေးကြေညာချက်ကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သေးသည်။

ယနေ့အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၅ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်