စက်သုံးဆီဈေး ကျဆင်း

E-mail Print
ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များကို ဒီဇယ်ဆီနှင့် ဓာတ်ဆီများ ပြည်ပမှ အကန့် အသတ်မရှိ တရားဝင် တင်သွင်းခွင့် ပြုထားသဖြင့် ဈေးနှုန်းများ ကျဆင်း လာကြောင်း စီးပွားရေး သတင်း ရပ်ကွက်တွင် ပြောဆိုနေကြသည်။

ဒီဇယ်ဆီကို အစိုးရက နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီး ၂၀၀၈ ခုနှစ် မေလ နောက်ပိုင်းတွင် တင်သွင်းခွင့်ပြုခဲ့သော်လည်း ဓာတ်ဆီကိုမူ ယခုလ ၁ ရက်နေ့ကမှ စတင် တင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

စက်သုံးဆီများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုပြီးနောက်တွင် စက်သုံးဆီမှောင်ခို အရောင်းဆိုင်များသည် ၂၄ နာရီ ဖွင့်လှစ် ရောင်းချလာကာ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များထက် ဈေးနှုန်း သက်သာစွာ ရောင်းချလျက် ရှိကြောင်း မှောင်ခို စက်သုံးဆီ ဆိုင်ရှင် တဦးကပြောသည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဒီဇယ်တဂါလန်လျှင် ကျပ် ၂၉၀၀  ၀န်းကျင် ရောင်းချနေသော်လည်း မှောင်ခို ဈေးကွက် တွင်မူ ဒီဇယ်တဂါလန်လျှင် ကျပ် ၂၇၅၀၊ ၂၈၀၀ ဖြင့်ရောင်းချနေသည်ဟု သိရသည်။

“ပုဂ္ဂလိက ဆိုင်တွေပေါ်လာတော့ မှောင်ခိုဈေးကွက် ပျောက်မယ်လို့ ယူဆနေကြပေမယ့် ဆက်ရှိနေဦးမှာပါ။ နယ်စပ်က ၀င်လာတာတွေ ရှိတယ်။ ဒီဇယ်က မှောင်ခိုဈေးကွက်မှာ နည်းနည်းတောင် ပို သက်သာတယ်” ဟု ရန်ကုန်နေ စီးပွားရေး လုပ်ငန်းရှင် တဦးက ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စက်သုံးဆီဆိုင် ၂၆၄ ဆိုင်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုခဲ့ရာ ယခုလ ၁၀ ရက်နေ့တွင် မြန်မာတနိုင်ငံလုံး၌ ဆိုင်ပေါင်း ၂၅၀ နီးပါး ဖွင့်လှစ်ခဲ့သည်။

အစိုးရက ပုဂ္ဂလိကစက်သုံးဆီဆိုင်များသို့ ဓာတ်ဆီတဂါလန် ၂၃၅၀ ကျပ်ဖြင့်ချထားပေးပြီး ဒီဇယ်ဆီကိုမူ ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပမှ တင်သွင်းရောင်းချနေရသောကြောင့် နိုင်ငံတကာ ပေါက်ဈေးအတိုင်း ရောင်းချလျှက်ရှိကြောင်း ပုဂ္ဂလိက ဆီဆိုင်တဆိုင်မှ တာဝန်ခံ တဦးက ဆိုသည်။

“ဓာတ်ဆီက အစိုးရကသတ်မှတ်ထားတဲ့အတွက် ဈေးကတော့အတူတူပါပဲ။ ဒီဇယ်ဈေးကတော့ လုပ်ငန်းရှင်တွေ တဦးနဲ့တဦး တင်သွင်းတာချင်း မတူတဲ့အတွက် ဈေးကွာခြားနေတာပါ” ဟု၎င်းကဆိုသည်။

အစိုးရက ဓာတ်ဆီနှင့် ဒီဇယ်ကို ပြည်ပမှ တရားဝင် တင်သွင်းခွင့်ပြုလိုက်ခြင်းကြောင့် သြဂုတ်လ နောက်ပိုင်းတွင် ဓာတ်ဆီကိုပါ ကမ္ဘာ့ပေါက်ဈေး အတိုင်း တွက်ချက်ရောင်းချ ရတော့မည်ဖြစ်ကြောင်း နီလာရိုးမ စက်သုံးဆီ အရောင်းဆိုင်မှ တာဝန်ခံတဦးက ပြောသည်။

“အပြိုင်တင်သွင်း မှုတွေကြောင့် စက်သုံးဆီဈေးတွေ ထပ်ပြောင်း သွားနိုင်တယ် ထင်တယ်” ဟု ယာဉ်မောင်းတဦးက ဆိုသည်။

စက်သုံးဆီများကို ရေလမ်းနှင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများမှ တဆင့် တင်သွင်းမှုမှာ ယခင်လကထက် သိသိသာသာ မြင့်တက် လာကြောင်းလည်း သိရသည်။

ယခုလက်ရှိတွင် နိုင်ငံတကာ စက်သုံးဆီဈေးလည်း ကျဆင်းနေပြီး စက်သုံးဆီများ နယ်စပ်ဝင်ပေါက်နှင့် ရေလမ်းကြောင်းမှ အလုံးအရင်းနှင့် ၀င်ရောက်လာမှုများ ရှိသောကြောင့် ပြည်တွင်း စက်သုံးဆီဈေးများ ကျဆင်းရခြင်း ဖြစ်ကြောင်း ဒီဇယ် တင်သွင်းသူ လုပ်ငန်းရှင်တဦးကဆိုသည်။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တပီပါလျှင် လက်ရှိပေါက်ဈေး အမေရိကန်ဒေါ်လာ ၇၇. ၃၁ (ကျပ် ၇ သောင်းခွဲ ဝန်းကျင်) ရှိပြီး ဧပြီလ အတွင်းက တပီပါလျှင် အမေရိကန်ဒေါ်လာ ၈၀ ကျော်ရှိခဲ့သည်။

ယခုလ ပထမပတ်အတွင်းက ဒီဇယ်ဆီပီပါ ၄ သိန်းကျော် (တန်ချိန် ၅၃၀၀၀ကျော်) ၀င်ရောက် လာခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တဦးကပြောကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်