စက်သုံးဆီ သုံးစွဲသူများ ၀ယ်ယူရန် အခက်အခဲဖြစ်

E-mail Print
စီးပွားရေး လုပ်ငန်းရှင်ကြီး များကို ပုဂ္ဂလိက စက်သုံးဆီဆိုင်များ တရားဝင် ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့ပြီးနောက် သုံးစွဲသူများ အနေဖြင့် ဓာတ်ဆီ ၀ယ်ယူရာတွင် ပိုမိုခက်ခဲ လာကြောင်း သိရသည်။

ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များ၏ ဓာတ်ဆီဈေးနှုန်းမှာ လမ်းဘေး မှောင်ခိုဆီဆိုင်များတွင် ရောင်းချသော ဈေးနှုန်းထက် သက်သာ နေသည့်အတွက် သိုလှောင်ပြီး ပြန်လည်ရောင်းချရန် ၀ယ်ယူသူများပြားနေသောကြောင့် အမှန်တကယ်သုံးစွဲရန် ၀ယ်ယူသူများ အခက်အခဲကြုံရသည်ဟု မန္တလေးမြို့ခံ တဦးက ဧရာဝတီသို့ပြောသည်။

“ဈေးကအပြင်ထက် သက်သာနေတော့ ရောင်းစားတဲ့ လူတွေက နေရာဦးပြီး ကားတွေ ဆိုင်ကယ်တွေနဲ့ အပြန်ပြန် အလှန်လှန် ထုတ် နေတာ၊ တကယ့်ကို ကြိတ်ကြိတ် တိုးပဲ၊ တကယ်သုံးမယ့်လူတွေ တန်းဝင်မစီနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိ အခြေအနေတွင် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များကို တဂါလန်လျှင်၂၃၅၀ ကျပ်နှုန်းဖြင့် အစိုးရက ၂ လ ဖြန့်ဖြူးပေး မည်ဖြစ်ပြီး ဈေးနှုန်းကို ၂၅၀၀ ကျပ် ထက်မပိုဘဲ ရောင်းချပေးရမည်ဟု ကန့်သတ်ထားသည်။

အဆိုပါ ကန့်သတ်ကာလ ၂လ ကျော်လျှင် ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှ ဈေးနှုန်းမြှင့်၍ ရောင်းချနိုင်သည့် အတွက် မှောင်ခိုဈေး ကွက်ရှိ လောင်စာဆီ လုပ်ကိုင်နေသူများက ဈေးကစားရန် ကြိုတင်စုဆောင်းနေခြင်းဖြစ်သည်ဟု အဆိုပါ မန္တလေးမြို့ခံက ရှင်းပြ သည်။

မန္တလေးမြို့ရှိ တရားမ၀င်လောင်စာဆီ လုပ်ကိုင်သူများက မော်တော်ကားနှင့် ဆိုင်ကယ်ရှိသောသူများကို ပိုက်ဆံထုတ်ပေးပြီး ဓာတ်ဆီ တန်းစီခိုင်းကြောင်း၊ ၁၀ ဂါလန် ရလျှင် အမြတ်ငွေ ၄၀၀၀ ကျပ်ပေးကြောင်း၊ ထို့ကြောင့် တခြားသော အလုပ် အကိုင် များကို ပစ်ပြီး ဓာတ်ဆီတန်းစီ၍ ပြန်ရောင်းစားခြင်းကို အလုပ်တခုသဖွယ် လုပ်ကိုင်နေကြောင်း ၎င်းကပြောသည်။

ပြင်ပ တရားမ၀င်ဆီဈေးကွက်တွင် ဓာတ်ဆီ တဂါလန် လက်ရှိပေါက်ဈေးမှာ ၂၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိရှိသည်ဟု သိရသည်။

မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲရှိ ၂၄ နာရီရောင်းချပေးသည့် ဓာတ်ဆီဆိုင်၊ မြို့လယ်ရှိ မလွန်ဓာတ်ဆီဆိုင်၊ ၀င်းလိုက် ဓာတ်ဆီဆိုင်၊ ၃၅ လမ်းနှင့် ၆၃လမ်းကြားရှိ ဓာတ်ဆီဆိုင်များ ရှေ့တွင် ဆိုင်ကယ်များ ရာချီတန်းစီနေပြီး တန်းစီထားသည့် ကားတန်းကြီးမှာလည်း  ၄ ဖာလုံ (မန္တလေး အခေါ် ၅ ပြ)ခန့် တန်းစီနေကြကြောင်း သိရသည်။

တခြားမန္တလေးမြို့ခံတဦးက“အရင်အစိုးရကပေးတဲ့ ဆီစာအုပ်နဲ့ တုန်းကမှ ၀ယ်လို့ရသေးတယ်၊ အခု မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်တယ်ဆိုတော့၊ လူတွေက ကားတွေဆိုင်ကယ်တွေနဲ့ အခေါက်ခေါက်အခါခါ တန်းစီပြီးတော့ အပြင်ဆိုင်တွေကို သွင်းနေ တာ”ဟု ဆိုသည်။

ထိုကြောင့် အမှန်တကယ် အသုံးပြုလိုသူအများစုသည် ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် တန်းစီ စောင့်ဆိုင်းခြင်းမပြုတော့ဘဲ ပြင်ပရှိ တရားမ၀င်ဆီဆိုင်များတွင်သာ ၀ယ်ယူအသုံးပြုတော့ကြောင်း ၊ တရား မ၀င်လောင်စာဆီ ဈေးကွက်လည်း ပပျောက် မည်ဟု မထင်ကြောင်း ၎င်းကဆိုသည်။

ထိုသို့ တန်းစီနေသည့် ကားများဆိုင်ကယ်များကြောင့် လမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာကြောင်းလည်း သိရသည်။

အချိန်ကြန့်ကြာပြီး စောင့်ဆိုင်းရသည့် အချက်တချက်မှာ လောင်စာဆီရောင်းဝယ်ခွင့် ရထားသော ပုဂ္ဂလိကဆီဆိုင်များသည် ဓာတ် ဆီထည့်ပေးသည့်စက်(ပန့်)များကို ထပ်မံတိုးချဲ့မှု မပြုဘဲ ယခင်အစိုးရ ဖြန့်ဖြူးသည့် ပုံစံအတိုင်းသာ ထားရှိခြင်းကြောင့်လည်း ဖြစ် သည်ဟု မန္တလေးမြို့ခံက ထောက်ပြသည်။

ယခင် အစိုးရ ဓာတ်ဆီဆိုင်များတွင် ကားများအတွက် ပန့်တခု၊ ဆိုင်ကယ်များအတွက် ပန့်တခု စုစုပေါင်းနှစ်ခုသာ ထားရှိပြီး  အများအားဖြင့် တဂါလန် ဆန့်သောခွက်၊ ငါးဂါလန် ဆန့်သည့် ပုံးများနှင့်သာ “ဆီလောင်း”ဟု ခေါ်သည့် အလုပ်သမားများက ချင်တွယ်၍ ထည့်ပေးသည်။

လောင်စာဆီဖြန့်ဖြူးရောင်းချခြင်းကို အစိုးရ ကိုင်တွယ်စဉ်က မန္တလေးမြို့ရှိ တရားဝင်လိုင်စင်ဖြင့် မော်တော်ဆိုင်ကယ် တစီးလျှင်  တလ ဓာတ်ဆီ ၁၀ ဂါလန် ပုံမှန်ရရှိသည်ဟု သိရသည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်များဖွင့်လှစ်ခြင်းသည် ယေဘုယျအားဖြင့် ကြည့်မည်ဆိုလျှင် ကောင်းမွန်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အမှန်တကယ် သုံးစွဲသူလက်အတွင်းသို့ ရောက်ရန်ခဲယှဉ်းပြီး တန်စီတိုးစားစနစ်လည်း ပြန်ပေါ်လာကြောင်း၊ ထို့အပြင် ဆီများကို သိုလှောင်ထားသည့် မှောင်ခိုဈေးကွက်ကြောင့် မီးဘေးအန္တရယ်စိုးရိမ်ရကြောင်း မန္တလေးမြို့ရှိ သတင်းသမား တဦးက ထောက်ပြဝေဖန်သည်။

စစ်အစိုးရက လောင်စာဆီဖြန့်ဖြူးရောင်းချရေးတွင် ပုဂ္ဂလိကသို့ ပြောင်းလဲလုပ်ပိုင်ခွင့်ပြုခဲ့ရာ ယခုလ ၁၀ ရက်နေ့မှ စတင်ဖွင့်လှစ် ရောင်းချခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင် လုပ်ပိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီများမှာ ဦးတေဇ (ထူး ထရေးဒင်း)၊ ဦးဇော်ဇော် (မက်စ်မြန်မာကုမ္ပဏီ)၊ ဦးကျော်ဝင်း (ရွှေသံလွင် ထရေးဒင်း)၊ ဦးဌေးမြင့် (ယုဇန ကုမ္ပဏီ)၊ အဏ္ဏ၀ါလွှမ်း ကုမ္ပဏီ၊ နီလာရိုးမ ကုမ္ပဏီ၊ Fisheries & Marine Product 2000 Limited၊ ဦးနေအောင်၊ ဦးအောင်သက်မန်း (ဧရာရွှေဝါ)၊ ဂရင်းအေးရှား၊ ဦးခင်မောင်အေး (ကေတုမတီ)၊ ဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ ဦးဝင်းအောင် (ဒဂုံ အင်တာနေရှင်နယ်)၊ ကောင်းဇော်ဟိန်း ကုမ္ပဏီ၊ မြန်မာ နိုင်ဂရု(ပ်)၊ ဦးချစ်ခိုင် (ဧဒင်)၊ မြတ်မေတ္တာမွန် စသည်တို့ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်