အာဇာနည်နေ့ဆိုင်ရာ စာပေများ ဖော်ပြခွင့်မရ

E-mail Print
ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသော အာဇာနည်နေ့နှင့် စပ်လျဉ်းသည့် စာပေများကို လွတ်လပ်စွာ ဖော်ပြခွင့် မရကြောင်း ပြည်တွင်း စာနယ်ဇင်း သမားများက ပြောသည်။

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ဖြတ်တောက်မှုများနှင့် ပတ်သက်၍ “အာဇာနည်နေ့ အကြောင်း ဆောင်းပါးတွေ ပြုတ်တယ်၊ အချက်အလက်လောက်ပဲ ဖော်ပြခွင့်ပြုတယ်” ဟု  သတင်းဂျာနယ်မှ အယ်ဒီတာတဦးက ပြောသည်။

ယခု ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ပြည်တွင်း ပြည်ပသတင်းထောက် ၅၀ ခန့် တက်ရောက်ခွင့် ရခဲ့သော်လည်း အခြေအနေ အပြည့်အစုံကို ပြန်လည်ဖော်ပြခွင့်ပြု မပြု မသိနိုင်သေးကြောင်း အခမ်းအနားသို့ တက်ရောက် သတင်းယူခဲ့သည့်  သတင်းထောက်တဦးက ပြောသည်။

“မြို့တော်ဝန် အလေးပြုတာနဲ့ အာဇာနည် ခေါင်းဆောင်တွေရဲ့ မိသားစုတွေ ဂါရ၀ပြုတာပဲ သတင်းယူခွင့်ရတယ်။ အဲဒါပြီးတာနဲ့ သတင်းသမားတွေ ထွက်ပေးရတယ်။ ပါတီတွေ အလေးပြုတဲ့အချိန်အထိ မနေရတော့ဘူး။ ဒါပေမယ့် အရှေ့ဘက်မုခ်မှာ ပါတီတွေ ရပ်စောင့်နေရတဲ့ဆီ သွားပြီးသတင်းယူတယ်။ ပါတီတွေကို တစုတစည်းတည်း မြင်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ပါတီတွေ ရပ်စောင့်နေရတာ၊ မြို့ထဲမှာပါ လုံခြုံရေး တိုးချထားတာတွေကိုတော့ သတင်းဖော်ပြခွင့် ပေးမယ် မထင်ဘူး” ဟု အဆိုပါ သတင်းထောက်က ပြောသည်။

ဇူလိုင်လ အာဇာနည်နေ့ အထိမ်းအမှတ် အထူးထုတ်အဖြစ် ထုတ်ဝေရန် စီစဉ်ထားသည့် စာမျက်နှာ ၂၀၀ ခန့်ရှိ စတိုင်သစ် မဂ္ဂဇင်းမူကြမ်းကို စာပေစိစစ်ရေးရုံးသို့ တင်ခဲ့ရာ စာမျက်နှာ ၁၀၀ ကျော် အဖြုတ်ချခံခဲ့ရကြောင်း သိရသည်။

စာနယ်ဇင်းဆရာ တဦးကလည်း “ဗိုလ်ချုပ်တို့ ပုံတွေက ထည့်သုံးခွင့်ပြုတယ်။ ခုနောက်ပိုင်းတော့ ဆိုင်ဆိုင် မဆိုင်ဆိုင် ထည့်သုံးခွင့် ပြုနေတာပါပဲ။ ဒါပေမယ့် ဆောင်းပါးလို၊ သုံးသပ်ချက်တွေ၊ သမိုင်းကြောင်းတွေ သေသေချာချာရေးရင်တော့ ခွင့်မပြုဘူး” ဟု ပြောသည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံးတွင် အစိုးရအဖွဲ့ဝင် လူကြီးများ စည်းဝေးနေစဉ် ဂဠုန်ဦးစောနှင့် နောက်လိုက်များ၏ လက်ချက်ဖြင့် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ ၊ ဒီးဒုတ် ဦးဘချို ၊ မန်းဘခိုင် ၊ ဦးရာဇတ် ၊ ဦးဘ၀င်း ၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း ၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ရသည်။

နိုင်ငံ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့သော်လည်း စစ်အစိုးရ အာဏာသိမ်းပြီးနောက် ၁၉၈၉ ခုနှစ်မှစ၍ အစိုးရအဖွဲ့ အမြင့်ဆုံး အာဏာပိုင်များက အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ခြင်း မရှိတော့ကြောင်း သိရသည်။

“၈၈ အရေးအခင်း နောက်ပိုင်း အမြင့်ဆုံးတက်တာ ပြည်ထဲရေးဝန်ကြီး၊ နောက် ပြန်ကြားရေးဝန်ကြီး၊ ယဉ်ကျေးမှု ၀န်ကြီးနဲ့ အဆင့်ဆင့် လျှော့ချလာလိုက်တာ၊ အခု အမြင့်ဆုံးတက်တာ မြို့တော်ဝန် ဖြစ်သွားပြီ။ အာဇာနည်နေ့ စာပေတွေ ဖော်ပြခွင့် ဆိုတာကလည်း ဂျာနယ်တိုက် တတိုက်နဲ့တတိုက် ဖော်ပြခွင့်ရတာခြင်း မတူဘူး။ လုံးလုံး ဖော်ပြခွင့် မရတာတော့လည်း မဟုတ်ဘူး။ လုံးဝ လွတ်လပ်စွာ ဖော်ပြခွင့်ရတာလည်း မဟုတ်ဘူး” ဟု ပြည်တွင်းဂျာနယ်မှ အယ်ဒီတာတဦးက ပြောသည်။

စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းစာများတွင်လည်း ၁၉၉၆ ခုနှစ်မှစ၍ အာဇာနည်နေ့နှင့် စပ်လျဉ်းသည့် ဆောင်းပါးများ၊ မိန့်ခွန်း ကောက်နုတ်ချက်များကို ဖော်ပြခြင်းမပြုတော့ဘဲ အာဇာနည်နေ့အခမ်းအနားကျင်းပသည့် သတင်းအကျဉ်းမျှသာ အတွင်းဖက် စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ထိုကဲ့သို့ စစ်အစိုးရ သက်တမ်းတလျှောက် လူငယ်များအကြား အာဇာနည်နေ့ကို မှေးမှိန်စေရန် ပြုလုပ်နေခြင်းကို တုံ့ပြန်သည့် အနေဖြင့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက “မျိုးဆက်လှိုင်း” အမည်ရှိ ကဗျာစာစုများကို ပြည်တွင်း၊ ပြည်ပသို့ ယနေ့  ဖြန့်ချိကြောင်း သိရသည်။

“ကျနော်တို့ ဒီနေ့ အီးမေးလ်ကနေ တဆင့်ဖြန့်တယ်။ ဘာဖြစ်လို့ ဒီနည်းလမ်းကို သုံးရလဲဆိုတော့ ပြည်တွင်း အင်တာနက် အသုံးပြုသူ အများစုဟာ လူငယ်တွေဖြစ်တယ်။ လူငယ်တွေအနေနဲ့ အာဇာနည်နေ့ကို မမေ့အောင်ရယ်၊ ဒီနေ့အထိ စစ်အာဏာရှင်ကို တွန်းလှန်ပြီး အကျဉ်းကျခံနေရတဲ့ လူငယ်တွေ ရှိနေတယ်ဆိုတာကို သိအောင် အကျဉ်းကျခံနေရတဲ့ လူငယ်တွေ ကိုယ်တိုင်ရေးထားတဲ့ ကဗျာတွေကိုလည်း ဖော်ပြထားတယ်။ ပြည်တွင်းမှာ စာအုပ်အဖြစ် ဖြန့်သွားနိုင်ဖို့ လုပ်နေပါတယ်” ဟု မျိုးဆက်သစ် လူငယ်များ အစည်းအရုံးမှ ကိုပြည့်စုံဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန်ချိခွင့် ပြုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်