ဗိုလ်ချုပ် ဆေထင်ကို တပတ်အတွင်း ထောင် ၃ ခု ပြောင်း

E-mail Print
စစ်အစိုးရက ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ထားသော အသက် ၇၄ နှစ်အရွယ်ရှိ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ် ဆေထင်ကို တပတ်အတွင်း အကျဉ်းထောင် ၃ ခုသို့ အဆင့်ဆင့် ပြောင်းရွှေ့ ခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။

say-htinဗိုလ်ချုပ် ဆေထင်ကို စစ်အစိုးရ အာဏာပိုင်များက စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်မှ မန္တလေးတိုင်းရှိ အိုးဘို ထောင်သို့ လွန်ခဲ့သည့် ဇူလိုင် လကုန်ပိုင်း၌ ပြောင်းရွှေ့ခဲ့ပြီး တပတ်ခန့် အကြာတွင် အင်းစိန်ထောင် ပို့ဆောင်ကာ ထိုမှတဆင့် မိုင်ပေါင်းများစွာ ဝေးသော ရခိုင်ပြည်နယ် စစ်တွေ ထောင်သို့ ထပ်မံ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သော ဗိုလ်ချုပ် ဆေထင် ခန္တီးမြို့မှ မန္တလေးမြို့အထိ မိုင် ၃၀၀၊ မန္တလေးမြို့မှ ရန်ကုန်မြို့ အထိ ၃၈၅ မိုင်၊ ရန်ကုန်မှ စစ်တွေမြို့အထိ မိုင် ၅၀၀ ရှိပြီး စုစုပေါင်း ၁၁၈၅ မိုင်ရှည်သည့် ခရီး အကွာ အဝေးကို တပတ် အတွင်း သွားလာခဲ့ရခြင်း ဖြစ်သည်။

သြဂုတ်လ ၇ ရက်နေ့တွင် စစ်တွေထောင်သို့ ပို့လိုက်ကြောင်း အင်းစိန်ထောင်မှ ဒုတိယ ထောင်မှူးက လက်မှတ်ရေးထိုး၍ အတည်ပြုပေးခဲ့သည်ဟု ဗိုလ်ချုပ် ဆေထင်၏ သမီးဖြစ်သူ နန်းခမ်းဖောင်းက ဧရာဝတီသို့ ပြောသည်။

ထောင်ပြောင်း လိုက်သည့် အကြောင်းရင်းကို မိသားစုဝင်များက မသိရသေးဘဲ ထောင်အာဏာပိုင်များကလည်း အကြောင်းကြားခြင်း မရှိဟု သိရသည်။

ဗိုလ်ချုပ် ဆေထင်၏ ကျန်းမာရေး အခြေအနေကို မိသားစုဝင်များက စိုးရိမ်နေကြကြောင်း နန်းခမ်းဖောင်းက ငိုယိုလျက် ပြောသည်။

ဗိုလ်ချုပ် ဆေထင်၏ မျက်စိတွင် တိမ်စွဲနေသောကြောင့်  ခွဲစိတ်ကုသရန် လိုသည့်အပြင် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေရကြောင်း သိရသည်။

စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို ယခုကဲ့သို့ မိသားစုနှင့် ဝေးသည့် ထောင်များကို ပြောင်းရွှေ့လိုက်ခြင်းသည် အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်ခြင်း တမျိုးပင် ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

“ဗိုလ်ချုပ် ဆေထင်က ကျန်းမာရေး အခြေအနေလည်း ကောင်းတာ မဟုတ်ဘူးလေ။ ဒီလိုလူမျိုးတယောက်ကို စစ်တွေထောင်ကို ပို့လိုက်တယ်ဆိုတော့ သူ့ကို သေတွင်းထဲ ပို့လိုက်သလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

အလွန်ဝေးကွာသော အရပ်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံနိုင်ရေးမှာ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များအတွက် အခက်အခဲတခုဖြစ်ကြောင်းလည်း သိရသည်။

ရှမ်းပြည် ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဆေထင် အပါအ၀င် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် နှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရက ဖမ်းဆီးခဲ့သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ၌ စစ်အစိုးရက နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု အပါအ၀င် တခြားသော ဥပဒေ ပုဒ်မများဖြင့် ဦးခွန်ထွန်းဦးကို အလုပ်နှင့် ထောင်ဒဏ် ၉၃ နှစ်၊ ဗိုလ်ချုပ် ဆေထင်ကို အလုပ်နှင့် ထောင်ဒဏ် ၁၀၆ နှစ်၊ ဦးစိုင်းညွန့်လွင်ကို အလုပ်နှင့် ထောင်ဒဏ် ၈၅ နှစ်စီ ချမှတ်ခဲ့သည်။

ဦးခွန်ထွန်းဦး ခေါင်းဆောင်သော SNLD သည် ၁၉၉၀ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်အတွင်း မဲအများဆုံး ရရှိခဲ့သော နိုင်ငံရေးပါတီ ဖြစ်သည်။ ဦးခွန်ထွန်းဦးတို့နှင့်အတူ အကျဉ်းကျခံခဲ့ရသူ ရှမ်းခေါင်းဆောင် ဦးမြင့်သန်း (၅၉) နှစ်သည် ၂၀၀၆ ခုနှစ် မေလတွင် ရခိုင်ပြည်နယ် သံတွဲထောင်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၇၁ ဦး ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး AAPP မှ ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံရေး အကျဉ်းသားများထဲတွင် တိုင်းရင်းသား အကျဉ်းသား ၂၀၇ ဦး ရှိကြောင်း ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်