ကြံ့ဖွံ့က ၂ ကျပ်တိုးဖြင့် ငွေချေးပြီး ပါတီဝင်စုဆောင်း

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် မကွေးတိုင်း အတွင်းရှိ မြို့နယ်များ၌ တောင်သူ လယ်သမားများနှင့် အိမ်ထောင်စုများကို ငွေထုတ်ချေးကာ ပါတီဝင်အဖြစ် စုဆောင်းနေကြောင်း သတင်းရရှိသည်။

မကွေးတိုင်း အတွင်းရှိ တောင်တွင်းကြီး၊ ရေနံချောင်း၊ မကွေး စသည့်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် တောင်သူလယ်သမားများကို လယ်တဧကလျှင် ကျပ် ၂ သောင်းနှုန်းဖြင့် သြဂုတ်လဆန်းပိုင်းမှ စ၍ ထုတ်ချေးပေးနေကြောင်း၊ ၁၀၀ ကျပ်လျှင် အတိုးနှုန်းမှာ ၂ ကျပ်ဖြစ်ကြောင်း၊ ချေးငွေကို အရစ်ကျစနစ်ဖြင့် ၆ လမှ ၁ နှစ်အတွင်း ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့ သောင်ပြင်ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

မကွေးတိုင်း နတ်မောက်မြို့နယ်တွင် ကြံ့ဖွံ့ပါတီက အိမ်ထောင်တစုလျှင် လူဦးရေပေါ်မူတည်၍ ကျပ် ၃ သောင်းနှင့်အထက် ထုတ်ချေးလျက်ရှိကြောင်း၊ ၁၀၀ ကျပ်လျှင် အတိုး ၂ ကျပ်နှုန်းဖြင့် ဇူလိုင်လကုန်မှ စတင်ချေးပေးကြောင်းသိရသည်။

“ကျနော်တို့ နတ်မောက်မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၈၀ ရှိပြီး၊ ရွာပေါင်း ၃၀၀ ကျော်မှာ ကြံ့ဖွံ့ပါတီ တခုတည်းကပဲ ချေးငွေတွေ ထုတ်ချေးပေးတယ်။ ငွေချေးယူတဲ့လူတွေကို ဘာပြောသလဲဆိုတော့ ဒီငွေတွေက ပါတီဗဟိုကနေ ပါတီဝင်တွေကိုပဲ ချေးဖို့ ထုတ်ပေးတာပါလို့ ပြောပြီးမှ ချေးတာပါ။ ဒီတော့ ငွေချေးယူလိုက်တာနဲ့ ပါတီဝင် ဖြစ်သွားပြီးသားပါ” ဟု ဆက်လက်ရှင်းပြသည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငွေမချေးမီ ကြံ့ဖွံ့ စည်းရုံးရေးမှူးများက သန်းခေါင်စာရင်း ကောက်ခံပြီးမှ စာရင်းပေးသူကိုသာ ငွေထုတ်ပေးကြောင်း၊ ငွေချေးယူသည်နှင့် တပြိုင်နက် ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်း၊ ကြံ့ဖွံ့ပါတီလျှောက်လွှာတွင် လက်မှတ်ထိုးခြင်းတို့ကိုပါ လုပ်ဆောင်ပေးရကြောင်း ကျေးရွာတခုမှ ရွာခံတဦးက ပြောသည်။

ငွေထုတ်ချေးရာတွင် ကျေးရွာအုပ်စုတခုလျှင် ၄ သိန်းကျပ်နှင့် ရပ်ကွက်တခုလျှင် ၅ သိန်းကျပ်အထိ ထုတ်ချေးပေးနေကြောင်း၊ ရွာအရေအတွက်များသည့် ကျေးရွာအုပ်စုများတွင် ချေးငွေရရန် မဲနှိုက်ရကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီသည် ချေးငွေ ထုတ်ပေးသည့်အပြင် အရေးပေါ် ဆေးကုသမှုလည်း ပြုလုပ်ပေးနေသည်ဟု ဒေသခံများက ဆိုသည်။

“ကျနော်တို့ မကွေးဒေသတွေမှာက မြွေတအားပေါတော့ မြွေကိုက်တာ ခဏခဏဖြစ်တယ်။ ဆေးအချိန်မီ မကုနိုင်လို့ သေရတဲ့လူတွေ အများကြီးပါ။ အခုတလော မြွေကိုက်ခံရတဲ့သူတွေကို ကြံ့ဖွံ့ပါတီက ချက်ချင်း မြွေဆိပ်ဖြေဆေး ထုတ်ပေးတယ်။ အရင်က ဒီလိုမျိုးလုပ်ပေးတာ တခါမှ မရှိခဲ့ပါဘူး” ဟု မကွေးမြို့ခံတဦးက ပြောပြသည်။

ကြံ့ဖွံ့ပါတီ၏ တိုင်းစည်းရုံးရေးကော်မတီမှ စည်းရုံးရေးအတွက်မြို့နယ်တခုလျှင် ကျပ် ၈၄ သိန်းချပေးထားသော်လည်း တောင်တွင်းကြီးမြို့နယ်မှ ကျေးရွာ၊ ရပ်ကွက်များ၏ စည်းရုံးရေးမှူး တချို့သည် မိမိကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း၊ ပါတီရံပုံငွေအတွက်ဟုဆိုကာ အခကြေးငွေယူ၍ မှတ်ပုံတင်များ ပြုလုပ်ပေးနေကြောင်း တောင်တွင်းကြီး ဒေသခံများက  ပြောသည်။

မကွေးတိုင်းအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ ရခိုင်ပြည်နယ် စသည့် ဒေသများတွင် ကြံ့ဖွံ့ပါတီက နည်းမျိုးစုံဖြင့် ဒေသခံများကို ကြံ့ဖွံ့ပါတီဝင် ဖြစ်အောင် လုပ်ဆောင်နေကြောင်း စုံစမ်း သိရှိရသည်။

“ရခိုင်ပြည်နယ်ထဲက မြေပုံ၊ မင်းပြား၊ အမ်းစတဲ့မြို့နယ်တွေမှာ မြို့နယ်တခုကို ငွေက ကျပ်သိန်း ၂၀ ရယ်၊ CDMA  ဖုန်း ၅ လုံးစီရယ် ချပေးနေတယ်။ ဖုန်းကတော့ ကြံ့ဖွံ့နဲ့ နီးစပ်တဲ့ လူတွေပဲ ရပါတယ်” ဟု မြေပုံမြို့ခံတဦးက ပြောသည်။ ငွေချပေးထားသော်လည်း ဒေသခံများကို ထုတ်ချေးခြင်း မရှိသေးကြောင်းလည်း ဆက်လက်ပြောပြသည်။

ထိုလုပ်ဆောင်ချက်များနှင့်ပတ်၍ ကြံ့ဖွံ့ပါတီ၏ ရန်ကုန်တိုင်း စည်းရုံးရေးမှူး တဦးထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့ပါတီအနေဖြင့် တခုခုပေး၍ ပါတီဝင်ရန် စည်းရုံးခြင်း၊ မက်လုံးပေး စည်းရုံးခြင်းမျိုး လုံးဝမရှိဟု ငြင်းဆိုသွားပြီး ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေအတိုင်းသာ လုပ်ဆောင်သွားမည်ဟု ဖြေကြားခဲ့သည်။

ဧပြီ ၁၉ ရက်နေ့တွင် လက်ရှိစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးများအပါအဝင် အရာရှိကြီး ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကြံ့ဖွံ့ပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန် ၈ရက်နေ့၌ ပါတီမှတ်ပုံတင်ခွင့်ကျထားသည်။

ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည့်ပါတီ ၁၃ ပါတီရှိပြီး ကြံ့ဖွံ့ပါတီကမူ ယနေ့အချိန်အထိ ပါတီဝင်အင်အား တင်ပြခြင်း မရှိသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်