နေရေးထက် သေရေးခက်

E-mail Print
နေပြည်တော် ရေဆင်းအနီး စိမ်းစားပင်ကျေးရွာက တဲအိမ်ငယ်တခုအတွင်းမှာ အသက် ၂၅ နှစ်အရွယ် မနှင်းစန္ဒာဟာ အဆုတ်တီဘီ ရောဂါကြောင့် အရိုးပေါ်အရေတင် ဖြစ်ပြီး ဝေဒနာအပြင်းအထန် ခံစားနေရတယ်။

သူ့ဘေးမှာ မေတ္တာပို့တရားတော်တွေကို နှုတ်က တတွတ်တွတ် ရွတ်ဖတ်ပေးနေတဲ့ အဒေါ်ဖြစ်သူ ဒေါ်ဝင်းမာကတော့ တူမ ဖြစ်သူ ဆုံးပါးသွားရင် ကုန်ကျရမယ့် အသုဘ နာရေးစရိတ်ကို စဉ်းစားရင်း တူမလေးအတွက် ခံစားနေရတဲ့ ပူဆွေးသောက ထက်ကြီးမားတဲ့ အပူသောကမီးကြီးကို တအုံနွေးနွေး ခံစားနေရပါတယ်။

သာမာန်အားဖြင့် နေပြည်တော်နားက ကျေးလက်တောရွာတခုမှာ ရွာသူရွာသားတဦး ကွယ်လွန်ခဲ့တယ်ဆိုရင် ရွာပြင်က သုသာန်ကို ပို့လို့ မြေမြှုပ်သင်္ဂြိုဟ်ရုံနဲ့ ကုန်ကျစရိတ် အနည်းငယ်နဲ့ နာရေးကိစ္စ ပြီးမြောက်နိုင်ခဲ့တာပါ။

ဒါပေမယ့် နေပြည်တော်ကို စစ်အစိုးရ ပြောင်းရွှေ့အခြေစိုက်တဲ့ ၂၀၀၅ ခုနှစ်ကစလို့ ပတ်ဝန်းကျင်က ကျေးရွာတွေမှာရှိတဲ့ သုသာန်တွေမှာ မြေမြှုပ် သင်္ဂြိုဟ်တာတွေ မလုပ်ရ တော့ဘဲ ၁၂  မိုင်ကျော်ဝေးတဲ့ ပျဉ်းမနားမြို့က မြို့မသုသာန်ကို ပို့ဆောင် သင်္ဂြိုဟ် ရမယ်လို့ အမိန့်ထုတ်ခဲ့တာကြောင့် မော်တော်ကားတွေအသုံးပြု အသုဘ ချရတဲ့အတွက် နာရေးတခုကို ကုန်ကျ စရိတ်  ငွေ ကျပ် ၇၀၀၀၀ ကျော်အထိမြင့်တက်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ စစ်အစိုးရက ပျဉ်းမနားမြို့နဲ့ ၂၅ မိုင်လောက်ဝေးတဲ့ ဖိုးဆောင် တောင်ခြေမှာ နေပြည်တော်သုသာန်သစ် ဖွင့်လှစ်ပြီး အဲဒီမှာပဲ သင်္ဂြိုဟ်မှုတွေ ပြုရမယ်လို့ ထပ်ပြီး အမိန့်ထုတ်ခဲ့တာကြောင့် ပျဉ်းမနားမြို့နယ် အတွင်းက ကျေးလက် တောရွာတွေမှာ နာရေးကိစ္စဖြစ်လာရင် အတော်ကို ဒုက္ခရောက်နေရတယ်လို့ ဒေသခံ ရွာသားတွေဆီက သိရပါတယ်။

ပျဉ်းမနားမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ ဂုံမင်းကွင်းကျေးရွာပတ်ဝန်းကျင်၊ ဖိုးဆောင် တောင်ခြေရင်းမှာရှိတဲ့ နေပြည်တော်သုသာန်သစ်ကို ပို့ဆောင်သင်္ဂြိုဟ်မယ်ဆိုရင် သေဆုံးသူ တဦးအတွက် အသုဘစရိတ်ငွေ ကျပ် ၁ သိန်း ၂ သောင်း ကျော်လောက်ထိ ကုန်ကျတယ်လို့ သိရပါတယ်။

“အလောင်းသယ်ဖို့ နိဗ္ဗာန်ယာဉ်တစီးကို ၂၅၀၀၀။ ခန်းမငှားခက အနည်းဆုံး ၈၀၀၀ အသုဘပို့မယ့်သူတွေလိုက်ဖို့ ကားတစီး ကို အနည်းဆုံး ငှားခ ၂၅၀၀၀ ပေးရတယ်။ ရေခဲ တိုက်မှာ အလောင်းထားမယ်ဆိုရင် တရက် ကို ၁၅၀၀ ကုန်တယ်။ တခြား ကုန်ကျစရိတ်တွေ ပါ တွက်ရင် အလောင်းတခုမြေကျဖို့က အနည်းဆုံး ငွေတသိန်း နှစ်သောင်းလောက် ကုန်တယ်။ အသုဘ ရက်လည်ဆွမ်းသွပ် ကျွေးမွေးတာမပါသေးဘူး” ဟု နေပြည်တော်၊ ပျဉ်းမနားမြို့ခံတဦးက ပြောပါတယ်။

အသုဘရှုရက်လည် ဆွမ်းသွပ်လုပ်ရာမှာလည်း အနည်းဆုံး ငွေ ၃ သောင်း ကုန်ကျတဲ့အတွက် စုစုပေါင်း နာရေးတခုမှာ ရက်လည်အပြီးထိ ငွေ တသိန်းခွဲလောက် ကုန်ကျပါမယ်။

နေပြည်တော် ၊ပျဉ်းမနားမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံ အများစုဟာ ဈေးသည်တွေ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတွေနဲ့ အခြေခံ လက်လုပ်လက်စား တွေဖြစ်တာကြောင့် နာရေးကိစ္စကြုံလာတဲ့အခါ ငွေကို အတိုးနဲ့ချေးငှား လုပ်ဆောင်နေရ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“နာရေးဆိုတော့လည်း မရှိရင် ချေးငှား လုပ်ရတာပဲ။ တရာကို နှစ်ဆယ်တိုးနဲ့ ယူရတာ။ ငွေတသိန်းယူရင် တလ အတိုး နှစ်သောင်းကျတယ်” လို့ ပျဉ်းမနား၊ အေလာကျေးရွာနေ ဒေသခံတဦးက ရှင်းပြပါတယ်။

နေပြည်တော်မှာတင် ဒီလိုအခက်အခဲတွေ ကြုံတွေ့ရတာ မဟုတ်ပါဘူး။ ရန်ကုန်မြို့ မှာလည်း နာရေး အသုဘအတွက် ကုန်ကျစရိတ်တွေ ကြီးမြင့်လာတဲ့အတွက် မြို့နေပြည်သူ လူထုတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် ရန်ကုန်မှာကတော့ နာရေးကူညီမှုအသင်း အပါအ၀င် အသုဘကိစ္စကို အလောင်း မြေကျတဲ့အထိ လိုက်ပါကူညီပြီး အခမဲ့ဆောင်ရွက် ပေးနေတဲ့ လူမှုရေးအဖွဲ့အစည်းတွေ အများကြီး ရှိနေတာကြောင့် နေပြည်တော် ဒေသခံတွေလောက် တော့ အခက်အခဲမရှိပါဘူး။

“ကျမတို့ နာရေးကူညီမှုအသင်းက တနေ့ကို နာရေးကိစ္စ ၄၀ နဲ့ ၅၀ ကြားမှာ အခမဲ့သင်္ဂြိုဟ်ပေး နေရပါတယ်။ ကွယ်လွန်သူ တဦးအတွက် အသုဘ ကိစ္စဆောင်ရွက်ပေးရာမှာ နိဗ္ဗာန်ယာဉ်၊ အလူမီနီယံအခေါင်း၊ ရေခဲတိုက်ထားခနဲ့ မီးသင်္ဂြိုဟ်စက် ရောက်တဲ့အထိ တာဝန်ယူ ပေးပါတယ်” ဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်းချုပ်က
တာဝန်ရှိသူတဦးက ပြောပါတယ်။

နာရေးကူညီမှုအသင်းက အခမဲ့ကူညီတဲ့အထဲမှာ အသုဘ လိုက်ပါပို့ဆောင်မယ့်သူတွေ လိုက်ပါစီးနင်းဖို့ ကားငှားရမ်းခ၊ သုသာန်မှာ ခန်းမငှားရမ်းခ၊ ရက်လည် ဆွမ်းသွပ်ဖို့ ကုန်ကျစရိတ်တွေနဲ့ တခြားစရိတ်စကတွေ မပါဝင်ဘူးလို့ နာရေးကူညီမှု အသင်းက ၀န်ထမ်းတဦးက ရှင်းပြတယ်။

“ကွယ်လွန်သူရဲ့ ရုပ်ကလာပ် မီးသင်္ဂြိုဟ်စက်ထဲ ရောက်တဲ့အထိ နာရေးကိစ္စတခုကို ၎င်းအသင်းက ငွေကျပ် တသောင်းခွဲ သုံးစွဲပါတယ်။ တခြားစရိတ်တွေကတော့ အသုဘရှင်က ကုန်ကျရမှာပါ။ အသင်းကတော့ အလောင်းမြေကျဖို့ပဲ တာဝန်ယူ တာပါ” လို့ အဲဒီဝန်ထမ်းက ဆိုတယ်။

ရန်ကုန်မြို့တော်မှာ နာရေးကူညီမှုအသင်းရဲ့ အကူအညီယူရတဲ့ အသုဘ ဆိုရင်တောင် အပြီးအစီး အနည်းဆုံးငွေကျပ် တသိန်းကျော် ကျသင့်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ခန်းမငှားခ တနာရီကို ကျပ် ၄၅၀၀ ကနေ ၁၅၀၀၀ ခန်းမအကျယ်အ၀န်းကို လိုက်ပြီးအမျိုးမျိုးရှိပါတယ်။ အခေါင်းကတော့ အနည်းဆုံး ကျပ် ၁၈၀၀၀ ရှိတယ်။ မီးသင်္ဂြိုဟ်ခက ကျပ် ၁၀၀၀။ ရေခဲတိုက်မှာ ထားခက တရက်ကို ကျပ် ၁၅၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

“တကယ်လို့ ဂူသွင်းမယ်ဆိုရင် မြေ၀ယ်ခ ကျပ် ၃ သိန်း ကနေ ၄ သိန်း ထိရှိတယ်” လို့ ရေဝေးသုသာန်မှာ တာဝန်ကျတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၀န်ထမ်းတဦးက ရှင်းပြတယ်။

“အဘွားတို့ တောမှာဆိုရင် နာရေးဆိုတာနဲ့ အရပ်က ၀ိုင်းဝန်း ကူညီကြတော့ ကုန်ကျစရိတ်ရယ်လို့ မရှိဘူး။ အဘွားကတော့ ကိုယ့်ဘိုးဘွား အဖေအမေတွေ ခေါင်းချခဲ့တဲ့ လှိုင်းတာ ကိုပဲ ပြန်ခေါင်းချမယ်။ မြို့မှာ ခေါင်းချရင် ကိုယ့်အတွက်နဲ့ သားသမီး တွေ သူများဆီမှာ ငွေချေးငှားရ၊ ဒုက္ခရောက်ကြမှာကို မလိုချင်ဘူးကွယ်” လို့ လှိုင်သာယာမြို့နယ်မှာ နေတဲ့ အသက် ၇၅ နှစ်အရွယ် အမယ်အိုတဦးကပြောပါတယ်။ သူပြောတဲ့ လှိုင်းတာဆိုတာ ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်းက ကျေးရွာပါ။

အသုဘနာရေးအတွက် ကုန်ကျစရိတ်တွေကြီးမြင့်တာကြောင့် ရန်ကုန်မြို့တော်ဆင်ခြေဖုံး ဒေသတွေ ဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်က အခြေခံ လက်လုပ်လက်စား လူတန်းစားတွေဟာ နာရေးကိစ္စကြုံတွေ့လာတဲ့အခါ အသုဘ ကန်ထရိုက်တွေကို ရှာဖွေပြီး  နာရေးကိစ္စ အပ်နှံ ဆောင်ရွက်ရတယ်လို့ သိရပါတယ်။

“အသုဘကန်ထရိုက်ဆိုတာက ဆင်းရဲတဲ့ အသုဘရှင်တွေကို ငွေကြေးကူညီပြီး ဖဲဝိုင်း ထောင်ကြတဲ့ လောင်းကစားသမား တွေပါ။ အသုဘရှင်က နာရေး စရိတ်အတွက် တဖက်တလမ်းက ငွေရတော့ သူတို့ကို အားကိုးကြတယ်” လို့ ရွှေပြည်သာ မြို့နယ်က ဒေသခံတဦးကပြောပြပါတယ်။

တနေ့တခြား ကြီးမြင့်လာတဲ့ အသုဘ ကုန်ကျစရိတ် တွေကြောင့် ပြည်သူလူထုအနေနဲ့ နေရေးထက် သေရေး ခက်လာ တယ်လို့ ဆိုကြရမလိုပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်