ရှမ်း နိုင်ငံရေးခေါင်းဆောင် ဦးရွှေအုံး ကွယ်လွန်

E-mail Print
ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ နာယက တဦးဖြစ်သူ ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင် ဦးရွှေအုံး (၈၉ နှစ်) သည် ယမန်နေ့ ညနေ ၆ နာရီခွဲတွင် အသည်းရောဂါဖြင့် နေအိမ်၌ပင် ကွယ်လွန် သွားကြောင်း သိရှိရသည်။

u-shwe-ohn“ဆရာဝန် ဆီကနေ ခြောက်လပဲ အသက်ရှင်တော့ မယ်လို့ ဆေးစစ်ချက် ထွက်လာပြီး နောက်ပိုင်းမှာ၊ ပါတီအတွက် တောင်ကြီး စည်းရုံးရေး ခရီးစဉ်ကို ထွက်ဖြစ်အောင် ထွက်ခဲ့တယ်၊ မသေခင်အထိ အလုပ်တွေ လုပ်သွားပါတယ်၊ သူ့ရဲ့ အတ္ထုပ္ပတ္တိကို အပြီးသတ် ပြုစုသွား နိုင်ခဲ့တယ်”ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးဌေးက ဧရာဝတီသို့ ပြောသည်။

ဦးရွှေအုံးသည် ၁၉၃၆ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ပထမ ကျောင်းသားသပိတ် ဖြစ်ပွားချိန်တွင် ပါဝင်ခဲ့သည်။ ထိုစဉ်က ဦးရွှေအုံးသည် အသက် ၁၃ နှစ်သာ ရှိသေးသည်။ ၁၉၃၈ ခုနှစ် ရှစ်တန်း ကျောင်းသားအရွယ် တောင်ကြီးမြို့တွင် ကျောင်းသားများ ညီညွတ်ရေးအသင်းကို တည်ထောင်ခဲ့သည်။

၁၉၃၉- ၄၀ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့သည်။ ပထမနှစ် တက္ကသိုလ် ကျောင်းသား ဘဝတွင် ရှမ်းပြည်ကျောင်းသားများအသင်း၏ တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ဒုတိယနှစ်တွင် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

ဂျပန်ခေတ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အာရှလူငယ် ခရိုင်စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ သူ၏ ဆောင်ရွက်မှု များကြောင့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ချီးမြှင့်ခြင်းခံရသည်။

၁၉၄၆ ခု ပထမ ပင်လုံညီလာခံတွင် အရပ်သားတဦးအနေဖြင့် တက်ရောက်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာတိုက်၌ ညပိုင်း အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပြီး ဒုတိယ ပင်လုံညီလာခံကို မြန်မာ့အလင်းသတင်းစာ၏ ကိုယ်စားလှယ်အနေဖြင့် တက်ရောက်ခဲ့ရသည်။

ပင်လုံညီလာခံအပြီးတွင် ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ချုပ်၏ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံရေးလောကအတွင်း သို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။

ရှမ်းပြည်လွှတ်တော်တွင်လည်း လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပြီး နောက် အတိုက်အခံ ဒုတိယ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။

၁၉၄၈ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်း ဟိုပုန်း ဘုရားပွဲတွင် ပဒေသရာဇ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ ပဒေသရာဇ်များ ဘက်မှ လက်ပစ်ဗုံး ဒဏ်ကြောင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် သုံးလခန့် ဆေးကုသမှု ခံယူ ခဲ့ရသည်။ 

၁၉၄၉ ခုနှစ် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် ခေါင်းဆောင်များ တောခိုမှုတွင် ပါဝင်သည်ဟူသော စွပ်စွဲချက် ပုဒ်မ (၅) ဖြင့် သရက်ထောင်တွင် ဖမ်းဆီးထောင်ချခံခဲ့ရသည်။

၁၉၅၉ ခုနှစ်တွင် ရန်ကုန်မြို့ ရှမ်းပြည်နယ်အသင်း၌ အမှုဆောင်လူကြီးအဖြစ် နှစ်နှစ်ခန့် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၈၃ ရန်ကုန်မြို့တွင် တောင်ကြီးအသင်း တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် သုံးနှစ်ဆက်တိုက် ဆောင်ရွက်ခဲ့သည်။ ယင်း အသင်း၌ပင် နာယကအဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင်လည်း ဆန္ဒပြပွဲများ၊ တရားပွဲများတွင် ကိုယ်တိုင်ဦးဆောင်၍ ပါဝင်ခဲ့သည်။ ၁၉၈၉ တွင် ရှမ်းပြည် တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီ အဖွဲ့ချုပ် (ရ.တ.ဒ.ဖ) တွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

၁၉၉၃ အမျိုးသား ညီလာခံတွင် “တတိယ ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ ဘယ်တော့၊ ဘာကြောင့်၊ ဘယ်လို” စသည် ဖြင့် အကြံပေးစာတမ်း တင်သွင်းခဲ့သောကြောင့် ထောင်ဒဏ် ၁ နှစ် ကျခံခဲ့ရသည်။

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တောင်ကြီး မြို့တွင် ခြေချုပ်ဖြင့် ၁ နှစ် နေထိုင်ခဲ့ရသည်။

ထို့နောက် ပြည်ထောင်စု ဒီမိုကရေစီပါတွင် နာယက တဦးအဖြစ်လည်းကောင်း၊ ဝါရင့်နိုင်ငံရေးသမား အုပ်စုတွင် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဦးဌေး က“ကျနော်တို့ အလေးထားရတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတဦး ဖြစ်တဲ့ အန်ကယ် ဦးရွှေအုံး ကွယ်လွန်သွား ပေမယ့် သူချမှတ်ခဲ့တဲ့မူတွေနဲ့အတူ၊ သူလိုချင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ပန်းတိုင်ကို ကျနော်တို့ ပါတီက ဆက်လက် ချီတက်နေတယ်ဆိုတာကို ပြည်သူတွေနဲ့ တိုင်းရင်းသားတွေကို ကျနော်တို့ ကတိပေးပါတယ်”ဟု ပြောဆိုသည်။

ရွေးကောက်ပွဲအတွက် တိုင်းရင်းသားလူမျိုးစုများကို စည်းရုံးသည့်အပေါ်တွင်လည်း ဦးရွှေအုံးကဲ့သို့ တိုင်းရင်းသား ခေါင်းဆောင် မရှိတော့သည့်နောက်ပိုင်းတွင် အခက်အခဲများဖြစ်လာမည်ကိုလည်း စိုးရိမ်ကြောင်း၊ ဦးရွှေအုံး ကွယ်လွန် သွားသည့်အတွက်လည်း အားငယ်မှု၊ စိတ်ပျက်မှုများ ဖြစ်ပေါ်ရကြောင်း ဦးဌေးက ပြောဆိုသည်။

ဦးရွှေအုံးသည် ကွယ်လွန်ချိန်၌ မကျန်းမာ၍ အိပ်ရာထဲတွင် လဲနေသော ဇနီးဖြစ်သူ ဒေါ်တင်နီနှင့် သားနှစ်ဦး အပါအဝင် မြေး ငါးဦး ကျန်ရစ်ခဲ့သည်။

ဦးရွှေအုံး၏ ဈာပနကို မနက်ဖြန် (၂၂. သြဂုတ်လ. ၂၀၁၀) တွင် ရေဝေးသုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်မည် ဖြစ်ကြောင်း လည်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်