ရွေးကောက်ပွဲကို ပြည်သူလူထု မယုံကြည်နိုင်ကြောင်း ဦးသုဝေပြော

E-mail Print
စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ပွင့်လင်းမှု၊ လွတ်လပ်မှု၊ တာဝန်ခံမှု မရှိသည့်အတွက် ပြည်သူလူထု၏ ယုံကြည်မှု နည်းပါးနေပြီး ရွေးကောက်ပွဲ တွင်ပါဝင်မည့် နိုင်ငံရေး ပါတီများလည်း အခက်အခဲတွေ့နေရကြောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ဦးသုဝေက ပြောဆိုလိုက်သည်။

ရန်ကုန် ဗိုလ်တထောင်မြို့နယ်ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဌာနချုပ်တွင် ယမန်နေ့က ကျင်းပသော ၎င်းပါတီ သတင်းစာရှင်းလင်းပွဲ၌ ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြည်တွင်း၊ ပြည်ပ သတင်းထောက်များကို ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

DMC၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျ မသိခင်က ဒီမိုကရက်တစ်ပါတီ (မြန်မာ) သည် တနိုင်ငံလုံး အတိုင်း အတာဖြင့် လွှတ်တော်အမတ်လောင်းများ ရွေးကောက်ပွဲဝင်နိုင်မည်ဟု ထင်မြင်ခဲ့ကြောင်း၊ သို့ရာတွင် အမှန်တကယ် ရွေးကောက်ပွဲ နီးကပ် လာချိန်တွင်မူ နိုင်ငံရေး ပါတီများ အခက်အခဲများကြုံတွေ့စေရန် ရည်ရွယ်ချက်ရှိရှိ စနစ်တကျဖန်တီးထားသော ရွေးကောက်ပွဲ ကော်မတီ၏ ဥပဒေစည်းမျဉ်းများကြောင့် ပါတီများသည် မဲဆန္ဒနယ်အားလုံးတွင် ပါဝင်ယှဉ်ပြိုင်ရန် ခက်ခဲ လာကြောင်း ၎င်းက ရှင်းပြသည်။

“လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းဖို့ နှစ်ပတ်ပဲ အချိန်ပေးတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ မပြိုင်နိုင်တော့ဘူး။ ကိုယ်စားလောင်း ၁၀၀ ၀န်းကျင် လောက်ပဲပြိုင်နိုင်တော့မယ်” ဟု ဦးသုဝေက ဧရာဝတီသို့ ပြောသည်။

နိုင်ငံရေး ပါတီများသည် ငွေကြေးအခက်အခဲကို အဓိက ရင်ဆိုင်နေရပြီး လွှတ်တော် အမတ်လောင်း မှတ်ပုံတင်ကြေး ငွေကျပ် ၅ သိန်းမှာ အလွန်များလွန်းကြောင်း၊ ထိုပမာဏသည် ပါဝင်ယှဉ်ပြိုင်လိုသော လွှတ်တော်အမတ်လောင်းများ မတတ်နိုင် ကြသည့် ပမာဏဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ချက်ချင်းကြီး ငွေငါးသိန်းရှာဖို့ မလွယ်ဘူး။ ငါးသိန်းဆိုတာ တကယ်များပြားတဲ့ ပမာဏပဲ။ နိုင်ငံရေးသမား အများစုက ဆင်းရဲကြပါတယ်။ ဒီငွေကို မတတ်နိုင်ကြဘူး” ဟု ဦးသုဝေက ပြောသည်။

ငွေရေးကြေးရေး အခက်အခဲအပြင် အမတ်လောင်း မှတ်ပုံတင်ရာတွင်လည်း လုပ်ထုံးလုပ်နည်း အခက်အခဲနှင့် သက်သေခံ အထောက်အထား တင်ပြရမည်ဆိုသော အခက်အခဲများလည်း ကြုံတွေ့ နေရသည်ဟု သိရသည်။

“ကိုယ်ဝင်ပြိုင်တဲ့ မဲဆန္ဒနယ်မှာ အမှန်နေထိုင်တယ်ဆိုတဲ့ သန်းခေါင်စာရင်း အထောက်အထားပြရမယ်။ လွှတ်တော် အမတ်လောင်းကိုယ်တိုင် မဲရုံမှာ မဲသွားပေးရမယ့် မဲစာရင်းနံပါတ်ကို ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ဆီက တောင်းယူပြီး ထောက်ခံချက် တောင်းရမယ်။ အခုအချိန်အထိ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်တွေမှာ မဲပေးသူစာရင်းဇယား ပြုစု ထားတာ မရှိသေးတော့ ဘယ်လိုလုပ်ပြီး အမတ်လောင်းရဲ့ မဲပေးရမယ့် စာရင်းနံပါတ်ကို ပေးနိုင်ဦးမလဲ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်နေရီဗဆွေက ပြောသည်။

ဒေါ်နေရီဗဆွေသည် ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီးဖြစ်ပြီး စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသူဖြစ်သည်။ သို့ရာတွင် စမ်းချောင်းမြို့နယ်၌ သန်းခေါင်စာရင်း မဝင်ရသေးသည့်အတွက် ယခုကဲ့သို့ အမတ်လောင်း အမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးရက် နီးကပ်လာချိန်အထိ အမည်စာရင်း မတင်သွင်းနိုင်သေးကြောင်း သိရသည်။

“ကျွန်မက မရမ်းကုန်းမှာနေတာ။ စမ်းချောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ပြိုင်ဖို့ဆိုရင် စမ်းချောင်းမှာ သန်းခေါင်းစာရင်း ၀င်ရမယ်ဆိုလို့ လာမယ့် အပတ်ထဲမှာ သန်းခေါင်စာရင်း ပုံစံ ပြောင်းနိုင်အောင် ကြိုးစားသွားမယ်” ဟု ဒေါ်နေရီဗဆွေက ရှင်းပြသည်။

လွှတ်တော်အမတ်လောင်း အမည်စာရင်း တင်သွင်းရမည့်ရက်မှာ သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့ အထိ ဖြစ်သည်။

နိုင်ငံရေးပါတီများ အမတ်လောင်းအမည်စာရင်း တင်သွင်းရန် ခက်ခဲသည့်အတွက် စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများအပြားတွင် ယှဉ်ပြိုင်သူမရှိ အနိုင်ရရှိမည်ဟု ဦးသုဝေက သုံးသပ်သည်။

“ရွေးကောက်ပွဲ တရားမျှတ လွတ်လပ်မှုရှိဖို့ထက် အခုဟာက မဲဆန္ဒနယ်တွေမှာ နိုင်ငံရေး ပါတီတွေ ပြိုင်ကို မပြိုင်နိုင်တာ။ အဲဒီတော့ မဲဆန္ဒနယ် အားလုံးမှာပြိုင်မယ့် ကြံ့ခိုင်ရေးပါတီက တခြားပါတီတွေ ဝင်မပြိုင်နိုင်တဲ့ ဒေသတွေမှာ ယှဉ်ပြိုင်သူမရှိ အနိုင်ရမယ်” ဟု ၎င်းက ပြောသည်။

ကြံ့ဖွံ့ပါတီအနေနှင့် ဒေသအတော်များများတွင် ယှဉ်ပြိုင်သူမရှိ အနိုင်ရမည်ဆိုသော ဦးသုဝေ၏ ပြောကြားချက်ကို နိုင်ငံရေး ပါတီအများစုက လက်ခံကြသည်။

“လွှတ်တော်ထဲမှာ စစ်ဗိုလ် လွှတ်တော်အမတ်နဲ့ ကြံ့ခိုင်ရေးလွှတ်တော်အမတ်တွေ ကြီးစိုးမယ်ဆိုတာ သေချာပေါက်ပြောလို့ ရပြီ” ဟု နိုင်ငံရေးသမားတဦးက ဆိုသည်။

နိုင်ငံရေးပါတီများသည် လွတ်လပ်စွာ စည်းရုံးခွင့်မရဘဲ စည်းရုံးရေး ဆင်းသည့်အခါတိုင်း ရဲသတင်း အထူးတပ်ဖွဲ့က လိုက်ပါ သတင်းယူခြင်း၊ ပါတီဝင်များ၏ အိမ်များကို လိုက်လံ ဓာတ်ပုံရိုက် သတင်းယူခြင်းများကြောင့် ပြည်သူများ နိုင်ငံရေးတွင် စိတ်ဝင်စားမှု လျော့ကျစေသည်ဟုလည်း ဦးသုဝေ ကပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက တရားဝင် ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်