အလုပ်သမားများ ဆန္ဒပြလျှင် နာမည်ပျက်စာရင်း သွင်းမည်

E-mail Print
ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန် အလုပ်သမားများ ဆန္ဒပြပွဲများတွင် ပါဝင်ပါက အလုပ်မှ ထုတ်ပစ်မည့် အပြင် တခြား စက်မှုဇုန်များတွင် အလုပ်မရ နိုင်စေရန်လည်း နာမည်ပျက် စာရင်းသွင်းမည်ဟု သတင်းရ ရှိသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်ရုံးမှ အရာရှိတဦးက “အလုပ်ရှင်တွေက  အလုပ်သမားတွေ လစာတိုးတောင်းတာ မဖြစ်အောင် နာမည်ပျက်စာရင်းထုတ်ပြီး ဘယ်စက်ရုံမှာမှ ၀င်လုပ်လို့ မရအောင် ကြေညာချက်ထုတ်တာမျိုးလုပ်မယ်၊ ခွင့်ပြုပါဆိုပြီး စစ်ဒေသကို တောင်းဆိုတယ်။ အာဏာပိုင်တွေအနေနဲ့ကလည်း  ဆူပူဆန္ဒပြတာတွေ မဖြစ်အောင် နဂိုကတည်းက ထိန်းချုပ်ချင်တော့ ခွင့်ပြုလိုက်တဲ့ သဘောပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ယခု စည်းကမ်းချက်ကို သြဂုတ်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်း စက်မှုဇုန်များ အဆင့်မြှင့်တင်ရေး အစည်းအဝေးတွင် အာဏာပိုင်များက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အစည်းအဝေးကို ဒုတိယ ဗိုလ်ချူပ်ကြီး မြင့်ဆွေ၊  ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချူပ် ၀င်းမြင့်၊ စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မတီရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း ရွှေပြည်သာ စက်မှုဇုန်၊ တောင်ဒဂုံ စက်မှုဇုန်၊ လှိုင်သာယာ စက်မှုဇုန် တို့တွင် အများပြည်သူ ရုံးပိတ်ရက်များကို အနားယူခွင့်ပေးရေး၊ အချိန်ပိုကြေး တိုးပေးရေး၊ လစာတိုးပေးရေး စသည့်အချက်များကို တောင်းဆိုဆန္ဒပြပွဲများ ပြုလုပ်ခဲ့ သည်။

“အာဏာပိုင်တွေဘက်က ဆန္ဒပြလို့ ထောင်ချမယ်ပြောရင် သူတို့ကို ဝေဖန်မယ့် သူတွေ များမယ်။ ဒီတော့ အနုနည်းနဲ့ တဖက်က အလုပ်သမားတွေရဲ့ စားဝတ်နေရေးနဲ့ ကိုင်ပြီး ဆန္ဒပြတဲ့အထဲပါရင် နာမည်ပျက်စာရင်းထုတ်မယ်။ ဒီတော့ ဘယ်စက်ရုံမှာမှ အလုပ်ဝင်ဖို့ မစဉ်းစားနဲ့တော့။ အလုပ်လက်မဲ့ မဖြစ်ချင်ရင် မပါနဲ့ဆိုတဲ့ သဘောမျိုးပဲ”ဟု ရန်ကုန်တိုင်း စက်မှုဇုန်များ စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

အာဏာပိုင်များအနေနှင့် မိမိနိုင်ငံသားများ လုပ်ငန်းခွင်အတွင်း ညီမျှသည့် လုပ်ခလစာနှင့် အကျိုးခံစားခွင့်များရရှိရန် လုပ်ဆောင်ပေးမှု နည်းပါးနေသေးကြောင်း ဗဟိုဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မတီရုံးမှ တာဝန်ရှိသူ တဦးက ဆိုသည်။

“အထည်ချုပ် စက်ရုံမှာလုပ်တဲ့  အလုပ်သမားအများစုက လစာရတာ နည်းသလို ဘာအခွင့်အရေးမှလည်း မရဘူး။ အလုပ်ရှင်အများစုက တရုတ်၊ ကိုရီးယား လူမျိုးတွေဆိုတော့ မြန်မာအလုပ်သမားတွေကို ဈေးပေါပေါနဲ့ ခိုင်းရဖို့ပဲ။ အစိုးရကိုယ်တိုင်ကလည်း နိုင်ငံသားတွေဘက်ကနေ ဥပဒေထုတ်ပေးထားတာမျိုး မရှိဘူး”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

၎င်းက ဆက်လက်၍ “အလုပ်သမားတွေ အခွင့်အရေးရဖို့ ညှိနှိုင်းပေးတာမျိုး လုံးဝမရှိဘဲ  စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကိုပဲ ကြည့်ပေးတာမျိုး မဖြစ်သင့်ဘူး။ ဒီလို စည်းကမ်းထုတ်လိုက်တာ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့တွေ ပိုတိုးလာစေသလို နဂို ကတည်းက ငွေကြေးအဆင်မပြေတဲ့ စက်ရုံအလုပ်သမားတွေ ဘ၀ ပိုနိမ့်ကျလာနိုင်တယ်။ နှစ်ဖက်စလုံးကို ကြည့်ပြီး မျှမျှတတဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုး ချစေချင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စက်ရုံအလုပ်သမား တဦးလျှင် အခြေခံလစာငွေ ကျပ် ၂ သောင်းမှ အမြင့်ဆုံး ၄ သောင်းအထိသာ ရရှိရာ စားဝတ်နေရေး ခက်ခဲသောကြောင့် အချိန်ပို ဆင်းကြရကြောင်း အလုပ်သမားများထံမှ သိရှိရသည်။

ယခုနှစ် ဇန်န၀ါရီလတွင် လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ရပိုင်ခွင့် များကို ဆန္ဒပြ တောင်းဆိုခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလ အတွင်း၌ လှိုင်သာယာ စက်မှုဇုန် ၃ ရှိ မြ ဖက်ရှင် အထည်ချုပ် စက်ရုံ အပါအဝင် စက်ရုံ ၄ ရုံ၊ အင်းစိန် မြို့နယ် အတွင်းရှိ SKY အထည်ချုပ် စက်ရုံ၊ ရွှေပြည်သာမြို့နယ် ကနောင် မင်းသားကြီး လမ်းရှိ စက်မှုဇုန် ၁ ၊ ရက်စ်တူး အထည်ချုပ် စက်ရုံတို့မှ အလုပ်သမားများသည် ၎င်းတို့၏ အခြေခံ ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၁) ရှိ Super Garment အထည်ချုပ် စက်ရုံမှ အလုပ်သမားများသည်လည်း ယခုနှစ် မတ်လ ၃ ရက်နေ့တွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ စက်ရုံလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် အခြေခံ လူတန်းစားများ ဖြစ်ကြပြီး အများစုမှာ နေ့စားအလုပ်သမားများဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်