သထုံမြို့နယ်အတွင်း မွန်စာသင်ကြားရေး အခက်ကြုံနေ

E-mail Print
မွန်ပြည်နယ် သထုံ မြို့နယ်ရှိ အစိုးရစာသင်ကျောင်းပေါင်း ၃၀ ကျော်တွင် သင်ကြားနေသည့် မွန်စာပေနှင့် ယဉ်ကျေးမှု သင်ခန်းစာကဏ္ဍကို ရပ်နားလိုက်ကြောင်း မွန်အမျိုးသားပညာရေးဌာနက ပြောသည်။

၎င်းမွန်စာပေနှင့်ယဉ်ကျေးမှု သင်ခန်းစာကဏ္ဍကို ယခင် အစိုးရစာသင်ကျောင်းချိန်အတွင်း သင်ခွင့်ရရှိ ထားသော်လည်း နောက်ပိုင်းတွင် ကျောင်းအာဏာပိုင်များ၏ အစီအစဉ်အပြောင်းအလဲများကြောင့် ကျောင်းသားများ မတက်နိုင်တော့သည့် အတွက် ဇွန်လက ရပ်နားလိုက်ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာန တာဝန်ရှိသူ တဦးက ပြောသည်။

“ကျောင်းသားတွေမတက်နိုင်ရတဲ့အကြောင်းကတော့ သူတို့ကျောင်းစာသင်ချိန်အပြင် အချိန်ပိုတွေကိုပါ တက်နေရတယ်၊ နေ့တိုင်းဆိုတော့ ကျောင်းသားအများစုက မွန်စာပေကို သင်ဖို့စိတ်မဝင်းစားတော့ဘူး၊  အဲဒါကြောင့် သင်ခန်းစာသင်ကြား ရေးကို ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ”ဟု ၎င်းက ပြောသည်။

သက်ဆိုင်ရာအာဏာပိုင်များကို အစိုးရကျောင်းချိန်တွင် ပြန်လည်သင်ကြားခွင့်ရရန် ကြိုးစား တင်ပြသော်လည်း အထက် အမိန့် ဖြစ်ကြောင်း ပြောသည်ဟုလည်း ၎င်းက ဆိုသည်။

ယခုကဲ့သို့ ရပ်နားလိုက်သည့်အတွက် သထုံခရိုင်ရှိ မှုလတန်းနှင့် အလယ်တန်းကျောင်း ပေါင်း ၃၀ တွင် ပညာသင်ကြားနေ သည့် ကျောင်းသားစုစုပေါင်း ၃၀၀၀ ခန့် မွန်စာပေသင်ကြားခွင့် မရတော့ကြောင်းလည်း သိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ကျောင်းဆရာမတဦးဖြစ်သူ မိဟန်သာက “အခုလို မွန်စာပေသင်ကြားခွင့် မရတော့တဲ့ ကျောင်းတွေလို လက်ရှိ အခြားသင်ကြားနေတဲ့ ကျောင်းတွေကပါ အပိတ်ခံရမှာကို စိုးရိမ်နေကြ တယ်” ဟု ပြောသည်။

မွန်အမျိုးသားပညာရေးဌာန၏ စာရင်းပြုစုချက်အရ မွန်ပြည်နယ်တွင် ၎င်းတို့ ဖွင့်လှစ်ထားသော မွန်စာပေ သင်ကြားနေသည့် ကျောင်းပေါင်း ၁၅၂ကျောင်းရှိပြီး မြန်မာအစိုးရနှင့် ပူးပေါင်း ဖွင့်လှစ်ထားသည့် ကျောင်း ပေါင်း ၁၁၄ ကျောင်း ရှိသည်ဟု သိရသည်။

ယင်း မွန်တိုင်းရင်းသားယဉ်ကျေးမှုစာပေ သင်ကြားခွင့်ကို မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် နအဖ စစ်အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေးယူခဲ့ပြီးနောက် နားလည်မှုလက်မှတ် ရေထိုးထားပြီးဖြစ်ကြောင်း လည်း သိရသည်။

မွန်ပြည်သစ်ပါတီသည်အပစ်အခတ်ရပ်စဲခဲ့ပြီး မြန်မာစစ်အစိုးရပြုလုပ်သည့် ပထမပိုင်း အမျိုးသားညီလာခံကို ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် လေ့လာသူ အဖြစ်သာတက် ရောက်ခဲ့ သည်။ ၎င်းနောက်တွင် စစ်အစိုးရ နှင့် နိုင်ငံရေး တင်းမာမှုရှိလာသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်လာခဲ့သည်။

မွန်စည်းလုံးညီညွတ်ရေးအဖွဲ့ ဥက္ကဌ နိုင်ဆန်ထောန်က “သူတို့ မြန်မာ့ရုပ်မြင်သံကြား မှာတော့ တိုင်းရင်းသား ယဉ်ကျေးမှုနဲ့ စာပေတွေကို မြှင့်တင်ပေးပါတယ် ဆိုတာတွေပြနေပေမယ့်လည်း အမှန်မှာတော့ သူတို့ပြောတာ တခြား လုပ်တာတခြားစီ ပါပဲ၊ အမှန်တော့ တိုင်းရင်းသား ယဉ်ကျေးမှုနဲ့ စာပေတိုးတက်ခွင့်ကိုပါ ဖိနှိပ်ထားတာ ပါ” ဟု ပြောသည်။

မွန်စာပေသမိုင်းကြောင်းအရ မွန်စာအက္ခရာသည် အန္ဒိယ ရှေးဟောင်း ဗြဟ္မဏ အက္ခရာမှ ဆင်းသက်လာကာ မြန်မာ အက္ခရာ အပါအဝင် ထိုင်း၊ ခမာ၊ လော စာပေ အက္ခရာများ၏ အခြေခံအက္ခရာ ဖြစ်ပြီး ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံရှိ မွန်စကား ပြောသည့် လူဦးရေ ခန့်မှန်းခြေ ၇သိန်းကျော် ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်