အိန္ဒိယ-မြန်မာနယ်စပ် ဖြတ်ခ စတင်ကောက်ယူ

E-mail Print
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၊ တမူးမြို့နှင့် နမ့်ဖာလုံတို့မှ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့သို့ ကူးသန်းသွားလာသည့် မြန်မာ နိုင်ငံသားများ ယနေ့မှ စ၍ နယ်စပ်ဖြတ်ကျော်ခ ပေးဆောင်ရန် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ညွန်ကြားလိုက်သည်။

မိုးရေးမြို့သို့ ကုန်သွယ်မှုနှင့် ခရီးသွားလည်ပတ်မှုအတွက် လာရောက်သော မြန်မာနိုင်ငံသားများအနေဖြင့် နယ်စပ်ဂိတ် အမှတ် (၁) နှင့် (၂)ရှိ အမှတ် ၃၁ အာသံရိုင်ဖယ်တပ် ၀န်ထမ်းများထံတွင် မှတ်ပုံတင်များပြသရမည်ဖြစ်ပြီး နယ်စပ် ဖြတ်ကျော်ခွင့် အတွက် ရူပီး ၁၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတဦးက သတင်းထောက် များ ကို ယမန်နေ့က ပြောကြားသည်။

အဆိုပါ နယ်စပ်ဖြတ်ကျော်ခွင့်မှာ မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ တနေ့တာအတွက်သာဖြစ်ပြီး နယ်စပ်မျဉ်းမှ ၁၆ ကီလိုမီတာ အတွင်းသာ သွားလာခွင့်ရှိသည်ဟု ဆိုသည်။

မိုးရေးမြို့ခံ တဦးက“မြန်မာဘက်ကလာရင် ရူပီး ၁၀ ပေးရတယ်။ ဒီနေ့စတယ်လေ။ နေ့ချင်းပြန်ပဲတဲ့။ ပေးတဲ့သူလည်းပေး၊ အများစုကတော့ ဒီလိုပဲ သွားတဲ့သူလည်း သွားလိုက်ကြတာပဲ”ဟု ပြောပြသည်။

နယ်စပ်ဖြတ်ကျော်ခွင့် သတ်မှတ်လိုက်ခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေးအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်ဟု အိန္ဒိယ-မြန်မာ နယ်စပ်အရေး လေ့လာသူများက ဆိုသည်။

“နှစ်ဘက်ကုန်သည် အချင်းချင်းမှာ ငွေလိမ်တာတွေ၊ ကုန်မှန်မှန် မပေးတာမျိုးတွေလို ပြဿနာ လေးတွေကနေ တခြား ကိစ္စတွေလည်းရှိတော့ ဒီလိုလုပ်ပေးလိုက်တာက နယ်စပ်ကုန်သွယ်မှု တိုးတက်ရေးအတွက် အလားလာကောင်းရဖို့ ခြေ တလှမ်းတက်တယ်လို့ ပြောလို့ရတာပေါ့”ဟု နယ်စပ်အရေး လေ့လာသူ တဦးက ပြောသည်။

ယခင်က နယ်စပ်မြန်မာကုန်သည်များအနေဖြင့် အခကြေးငွေ ပေးဆောင်ရခြင်းမရှိဘဲ မိုးရေးမြို့သို့ ၀င်ထွက်သွားလာနိုင် ကြပြီး ထိုမှ ပြည်နယ်မြို့တော် အင်ဖား အထိ ကုန်သွယ်ရေးကိစ္စများအတွက် သွားလာခြင်းမျိုးလည်းရှိသည်။

အိန္ဒိယနိုင်ငံသားများအနေဖြင့်မူ နမ့်ဖာလုံရှိ မြန်မာ လူဝင်မှုကြီးကြပ်ရေးဌာနတွင် နိုင်ငံသား အထောက်အထားစာရွက်များ ထားခဲ့ရပြီး တမူးမြို့အထိ တနေ့တာ သွားလာခွင့်ရှိကာ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ရူပီး ၁၀ ပေးရသည်။ အထောက် အထား စာရွက်များ ပြန်ယူရန်မေ့ခဲ့ပါက ရူပီး ၁၀၀ ဒဏ်ငွေဆောင်ရသည်ဟု သိရသည်။

မိုးရေး-တမူး နယ်စပ်လမ်းမှ အိန္ဒိယနှင့် မြန်မာထွက်ကုန်များဖြစ်သည့် ဆန်၊ အ၀တ်အထည်၊ ချည်ထုပ်၊ အစားအသောက် နှင့် လူသုံးကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်ကြသည်။

မဏိပူရ်ပြည်နယ် မိုးရေး-တမူး နယ်စပ်ဂိတ်သည် မြန်မာ-အိန္ဒိယနယ်စပ် ဆက်သွယ်ထားသော နယ်စပ်ကုန်သွယ် ဂိတ် ပေါက် များတွင် မြန်မာနိုင်ငံသားများကို နယ်စပ်ဖြတ်ကျော်ခွင့် ကောက်ခံမည့် ပထမဆုံး နယ်စပ်ဂိတ်ဖြစ်လာမည်ဟု နယ်စပ် အရေး လေ့လာသူ က ဆိုသည်။

အိန္ဒိယသို့ ကုန်သွယ်ရေးနှင့် အလုပ်လုပ်ရန်လာသော မြန်မာနိုင်ငံသား အများစု အသုံးပြုသည့် နယ်စပ်ဖြတ်ကျော်လမ်းမှာ မဏိပူရ်ပြည်နယ် မိုးရေး-တမူး လမ်း၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်း-ကလေး လမ်းတို့ဖြစ်ကြသည်။

ထို့အပြင် နယ်စပ်ဒေသ လုံခြုံရေးနှင့် အိန္ဒိယ ခွဲထွက်ရေးသူပုန်များ၏ ၀င်ထွက်သွားလာမှုကို ထိန်းချုပ်နိုင်ရေးအတွက် ထိုကဲ့သို့ စီမံခြင်းလည်းဖြစ်သည်ဟု နယ်စပ် အရေး လေ့လာသူက ပြောဆိုသည်။

“ခွဲထွက်ရေးသူပုန်တွေက မြန်မာနိုင်ငံထဲမှာ နေနေတယ်ဆိုတာရယ်၊ သူတို့တွေက လုပ်ငန်းကိစ္စတချို့အတွက် မြန်မာနိုင်ငံ သားတချို့ကို ခိုင်းတာတွေ ရှိတယ်ဆိုတာကို အိန္ဒိယ အာဏာပိုင်တွေက သိလာကြတော့ နယ်စပ်ခြံစည်းရိုးခတ်ဖို့၊ အခုလို စစ်ဆေးတာတွေလုပ်ဖို့ စီမံလာကြတာလည်း ပါတယ်”ဟု ၎င်းကပြောသည်။

“၉၄ လောက်တုန်းကတည်းက ဒီလိုပဲ နားလည်မှုနဲ့ သွားလာနေကြတာ။ ဖမ်းတာဆီးတာ သိပ်မရှိခဲ့ဘူး။ အခုနှစ်ထဲမှာတော့ တလကို ၁၅ ရက်လောက်က တအားစစ် တအားဖမ်းတာတွေ လုပ်လာတော့ အာသံရိုင်ဖယ်တပ်ရှိတဲ့ တန်နိုပယ်လ်မှာဆို အင်ဖား ဘက်ကို ဆင်းလာတဲ့သူတွေ မိတာတွေ ခဏခဏ ကြားလာရတယ်”ဟု ၎င်းကဆက်လက်ပြောဆိုသည်။

မီဇိုရမ်ပြည်နယ်အတွင်း ပန်းထိမ်၊ ယက်ကန်း စသည့် အလုပ်များ လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သား များကို ဖမ်းဆီး၍ နေရပ်ပြန်ပို့ခြင်းများလည်း သြဂုတ်လ အတွင်းက ဖြစ်ပွားခဲ့သည်။

အိန္ဒိယခွဲထွက်ရေး သူပုန်များဖြစ်သည့် အာသံပြည်နယ် ခွဲထွက်ရေး သူပုန်များသည် မြန်မာနိုင်ငံတွင်း ခိုအောင်းနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ တိုက်ထုတ်ရန် သဘောတူညီချက်နှင့် နယ်စပ် တလျှောက် ခြံစည်းရိုးခတ်၍ နှစ်နိုင်ငံနယ်စပ်ကူးသန်းမှုများကို ထိန်းချုပ်မှုများပြုရန် စီစဉ်ခဲ့ကြသည်။

မဏိပူရ်ပြည်နယ် အာသံရိုင်ဖယ်တပ်(တောင်ပိုင်း)မှ ဗိုလ်ချုပ် C.A. Krishanan ကလည်း နှစ်နိုင်ငံ နယ်စပ် ခြံစည်းရိုး  ခတ်ခြင်းမှာ ၈ ကီလိုမီတာပြီးစီးနေပြီဖြစ်၍ သတ်မှတ်ထားသည့်အချိန်အတိုင်း ပြီးစီးအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု စက်တင်ဘာ ၆ ရက်နေ့က သတင်းထောက်များကို ပြောဆိုထားသည်။

နယ်စပ်ကုန်သွယ်မှုပြုနေသည့် မိုးရေးမြို့တွင်မူ နယ်စပ်ခြံစည်းရိုးခတ်ခြင်းများကို ယနေ့ အထိ မတွေ့ရသေးကြောင်း မြို့ခံ များက ဆိုသည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်မှာ ၁၆၄၃ ကီလိုမီတာ ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်