တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်ဖွဲ့

E-mail Print
တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၄ ဦး စုပေါင်းပြီး တသီးပုဂ္ဂလ ကွန်ရက်ကို ရန်ကုန်တွင် ယနေ့ ထူထောင် လိုက်ကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော် တသီးပုဂ္ဂလ ကိုယ်စားလောင်း ၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦး စုစုပေါင်း ၁၄ ဦး စုပေါင်း၍ တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းများကွန်ရက် ထူထောင်လိုက်ခြင်းဖြစ်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်အားလုံး သဘောတူထားသည့် ကြေညာချက်တရပ်ကိုပါ ပူးတွဲ လက်မှတ်ရေးထိုး ထုတ်ပြန်သည့် အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီတွင် ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပသည်။

ပြည်သူ့လွှတ်တော် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၆ ဦးမှာ ဦးဘတင့်ဆွေ (မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်)၊ ဦးတင်အေး (လယ်ဝေးမြို့နယ် မဲဆန္ဒနယ်)၊ ဒေါက်တာစိုးလွင် (လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်)၊ ဦးကောင်းမြင့်ထွဋ် (တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်)၊ ဦးဇော်ဦး (ဒလမြို့နယ် မဲဆန္ဒနယ်)နှင့် ဦးရန်ကျော် (ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်) တို့ ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်သူ့လွှတ်တော် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦးမှာ ဦးလှရှိန် (မော်လမြိုင် မဲဆန္ဒနယ် အမှတ် ၁)၊ ဦးဇော်မင်းသိန်း (လေးမျက်နှာမြို့နယ် မဲဆန္ဒနယ် အမှတ် ၁)၊ ဒေါက်တာ သန်းမြင့် (အမရပူရမြို့နယ် မဲဆန္ဒနယ် ၁)၊ ဦးကြည်ဦးသိန်း (မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် ၂)၊ ဒေါက်တာ စောနိုင် (တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် ၁)၊ ဦးဝင်းချို (ဒလမြို့နယ် မဲဆန္ဒနယ် ၁)၊ ဦးဝင်းကိုကိုဝင်း (သန်လျင်မြို့နယ် မဲဆန္ဒနယ် ၁) နှင့် ဦးသိန်းဌေး (သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်) တို့ ဖြစ်သည်။

ကွန်ရက်ဖွဲ့စည်းလိုက်သော တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကြေညာချက်တွင် ရွေးကောက်ပွဲနေ့၌  ပြည်သူများ မဲရုံများသို့ သွားရောက်မဲပေးကြပါရန် တိုက်တွန်းထားသည်။

“မဲရုံကို ရဲရဲသွား၊ ရဲရဲတွေး၊ ရဲရဲဆုံးဖြတ်ပြီး မဲပေးပါ။ မဲပေးတဲ့နေရာမှာ ကျားသေကို အသက်သွင်းမယ့်၊ ရာဇ၀င်ဘီး နောက်ပြန်လည်မယ့် ကိုယ်စားလှယ်လောင်းတွေ၊ လက်ညှိုးထောင် ခေါင်းညိတ်သာ လုပ်တတ်တဲ့ ကိုယ်စားလှယ်လောင်းတွေ၊ ငါးသိန်းတန် ၀င်ခွင့်လက်မှတ်လေးတွေ ကိုင်ပြီး ရွေးကောက်ပွဲဝင်မယ့် ခါတော်မီ၊ ဝေလေလေ ကိုယ်စားလှယ်လောင်းတွေကို လုံးဝ (လုံးဝ) မဲမပေးပါနဲ့” ဟု ဦးရန်ကျော်က ပြောသည်။

တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် အမတ်လောင်းအဖြစ် မှတ်ပုံတင်ခဲ့ရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ဦးဘတင့်ဆွေက ပြောသည်။

“အမတ်လောင်းတွေ မှတ်ပုံတင်တဲ့နေရာမှာ အများသိတဲ့နာမည် သုံးခွင့်မရဘူး။ မှတ်ပုံတင် နာမည်တွေနဲ့ပဲ ခွင့်ပြုတယ်။ အများသိတဲ့နာမည် မဟုတ်ရင် ကျနော်တို့ ကိုယ်စားလှယ်တွေ အခက်အခဲဖြစ်မှာပါ။ ကျနော်ဆိုရင် ကျနော့်မြို့နယ်မှာ လူတွေက သိတာက ဘတင့်ဆွေ။ ဒါပေမယ့် ကော်မရှင်က မှတ်ပုံတင်ထဲက နာမည် တင့်ဆွေ အမည်နဲ့ပဲ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံတင်ခွင့်ပေးတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ခရိုင်နဲ့ တိုင်းကော်မရှင်တွေဆီ စာတင်ထားတာလည်း ဘာမှ အကြောင်းမပြန်သေးဘူး” ဟု ဦးဘတင့်ဆွေက ဆိုသည်။

အခမ်းအနားသို့ ပြည်တွင်း ပြည်ပသတင်းထောက်များနှင့် ဖိတ်ကြားထားသူများ၊ ထောက်လှမ်းရေးနှင့် ရဲများ အပါအ၀င် စုစုပေါင်း လူ ၅၀ ကျော်တက်ရောက်ခဲ့သည်။

ယနေ့ အခမ်းအနားကို Myanmar Egress အဖွဲ့က ငွေကြေး ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ အခမ်းအနား ကျင်းပရန် ဆန္ဒရှိသူများလည်း ထည့်ဝင်နိုင်သည်ဟု ဆိုသဖြင့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများထံမှ အလှူငွေကောက်ခံရာတွင်လည်း စုစုပေါင်း ကျပ် ၄ သိန်းကျော် ရရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်