လူငယ်ဒါရိုက်တာ ပြိုင်ပွဲဝင်ဇာတ်လမ်းများ ဆင်ဆာတင်ရန်လို

E-mail Print
ဂျပန်နိုင်ငံတွင် ကျင်းပမည့် Ameteur Film Directors Competition 2010 ပွဲအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ ဆယ်ကျော်သက် အပျော်တမ်း လူငယ်ရုပ်ရှင် ဒါရိုက်တာများ၏ ဇာတ်လမ်းများ ဆင်ဆာခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

kyaw-san-mm “Family (မိသားစု)” ခေါင်းစဉ်ဖြင့် ၃ မိနစ်စာ ဇာတ်လမ်းတိုဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရမည့် ယခုနှစ် ပြိုင်ပွဲသည် ဒုတိယ အကြိမ်မြောက် အင်္ဂလိပ် စာတန်းထိုး၊ အင်္ဂလိပ် နောက်ခံ စကားပြော ဖြစ်ရမည့် အပြင် ရုပ်ရှင် အစည်းအရုံး၏ သတ်မှတ်ချက်အရ ဗီဒီယိုဆင်ဆာ အဖွဲ့၏ ခွင့်ပြုချက် ပါရှိရမည် ဖြစ်သည်။

“ဂျပန်သံရုံးကနေ  မဲခေါင်-မြန်မာ ချစ်ကြည်ရေး အနေနဲ့ ဖိတ်ခေါ်တာကို ကျနော်တို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လက်ခံပြီး လုပ်ပေးတယ်။ အရင်နှစ်က ပြိုင်ပွဲဝင် ၅၀ လောက်ရှိပေမယ့် ဒီနှစ်အတွက်ကတော့ မှန်းလို့မရသေးဘူး။ ဒီနှစ် လျှောက်လွှာမလိုဘဲ အခွေနဲ့ တခါတည်း လာတင်ရမယ်ဆိုပြီး ပုံစံပြောင်းလိုက်တော့ ရက်နီးမှ ၀င်ပြိုင်တဲ့ဦးရေ ခန့်မှန်းလို့ ရမယ်”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဒါရိုက်တာ မလိခ စိုးထိုက်အောင်က ဧရာဝတီသို့ ပြောသည်။

အသက် ၁၂ နှစ်မှ ၁၈ နှစ် အတွင်း အခြေခံပညာနှင့် တက္ကသိုလ် ကျောင်းသူကျောင်းသား လူငယ်များပါဝင် ယှဉ်ပြိုင်နိုင် ကြောင်း၊ သြဂုတ်လကုန်မှ စတင်ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ အောက်တိုဘာ ၆ ရက်နေ့တွင် နောက်ဆုံး ပေးပို့ရမည် ဖြစ်ပြီး ဂျပန်သံရုံးသို့ အောက်တိုဘာ ၁၅ ရက်မတိုင်မီ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်သူများထဲမှ အကောင်းဆုံး ၈ ဦး သို့မဟုတ် ၁၀ ဦးကို ရွေးချယ်ပြီး ဂျပန်နိုင်ငံသို့ စေလွှတ်မည်ဟု မလိခ စိုးထိုက်အောင်က ဆိုသည်။

၎င်းက ဆက်လက်၍ “ ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲမှာ ဂျပန်သံရုံးက ၀င်ပြိုင်မယ့် သူတွေကို သူတို့ဘာသာရှာတယ်။ မရတော့ ကျနော်တို့ဆီ ရောက်လာတယ်။ အဲဒီမှာ  အသက် ၁၈ နှစ်အောက် မဟုတ်တော့ဘဲ အသက် ၂၅ နှစ်အောက်ဆိုပြီး ပြင်ခေါ် လိုက်တယ်။ တခြားနိုင်ငံတွေက အသက်ကန့်သတ်ချက် မီတယ်။ မြန်မာပြည်က ဒီစည်းကမ်းနဲ့ မကိုက်တော့ ဆုမရဘူး” ဟု မလိခစိုးထိုက်အောင်က ပြောသည်။

၂၀၀၉ ခုနှစ် ဂျပန်ခရီးစဉ်တွင် လိုက်ပါသွားသူ လူငယ်တဦးက “၂၀၀၉ ခုနှစ်တုန်းက ပြိုင်ပွဲဝင် ၅၀ ရှိတဲ့အထဲမှာ ရုပ်ရှင်အစည်းအရုံးက ၃၀ ကို ရွေးတယ်။ သံရုံးက အဲဒီ ၃၀ ထဲကနေ ၁၈ ယောက် ထပ်ရွေးတာ။ သူတို့ သတ်မှတ်ထားတဲ့ အသက် ၁၈ နှစ်အောက်ဖြစ်ရမယ့် စည်းကမ်းချက်နဲ့ မညီလို့ တယောက်မှ အရွေးမခံရပေမယ့် လေ့လာရေးအနေနဲ့ ဂျပန်ကို သွားခွင့်ရခဲ့တယ်” ဟု ပြောပြသည်။

ဒါရိုက်တာလုပ်ချင်သည့် လူငယ်များအတွက် ယခုပြိုင်ပွဲသည် ကြိုးစားရန် အခွင့်အလမ်းတခု ဖြစ်ကြောင်း အဆိုပါ လူငယ်က ပြောသည်။

“တခြားနိုင်ငံက လူငယ်တွေရဲ့ ဇာတ်လမ်း ရိုက်ချက်တွေကို လေ့လာခွင့်ရခဲ့တယ်။ ကိုယ်တွေက ဒီဘက်မှာ အပျော်တမ်း ဆိုတော့ ကင်မရာကအစ ကောင်းကောင်း မသုံးနိုင်ဘူး။ အပျော်တမ်းလည်းဖြစ် လူငယ်လည်းဖြစ်ဆိုတော့ ၀င်ငွေအရ ကင်မရာကောင်းကောင်း မ၀ယ်နိုင်သေးဘူး။ ဒီလို အားနည်းချက်တွေတော့ ရှိနိုင်တယ်။ သူတို့ဆီမှာ လူငယ်တွေက ဒီလို အချက်တွေမှာ သာနိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ဒါရိုက်တာ သင်တန်းတက်ရောက်နေသူ လူငယ်တဦးက “ရုပ်ရှင် အစည်းအရုံးက ဖွင့်တဲ့ ဒါရိုက်တာသင်တန်းကို တက်နေတော့ ဒီပြိုင်ပွဲက ကိုယ့်အတွက် စမ်းသပ်လုပ်ခွင့်ရမယ့် ပွဲတခု လို့မြင်တယ်။ ၀င်ပြိုင်ဖို့လည်း စိတ်ကူးထားတယ်။ ပြိုင်ပွဲမှာ ဆုရသွားရင်လည်း ကိုယ့်အတွက် လမ်းတွေ ပိုပွင့်သွားမယ်လို့ ထင်တယ်။ လိုအပ်တဲ့ ဗီဒီယိုကင်မရာတွေကို ရုပ်ရှင်အစည်းအရုံးက ပံ့ပိုးပေးမယ်လို့တော့ ပြောတယ်” ဟု ဆိုသည်။

ယင်းပြိုင်ပွဲနှင့်ပတ်သက်၍ နည်မည်ကြီး ဒါရိုက်တာ တဦးက “ပြည်တွင်းမှာ မလုပ်ပေးနိုင်တဲ့ ပွဲတွေကို ပြည်ပက လာဖိတ်ခေါ် တာ ဆိုတော့  လူငယ်တွေအတွက်တော့ တော်တော်ကောင်းပါတယ်။ ကလေးတွေ သတ္တိလည်း ရှိလာစေတာပေါ့။ ဂျပန် က လည်း လူငယ်တွေနဲ့ ပတ်သက်ရင် တော်တော်အားပေးတယ်” ဟု ပြောသည်။

“အခု အခြေအနေက ပြည်ပကလာမယ့် အခွင့်အလမ်းတွေကိုပဲ မျှော်ရမယ့် ပုံစံမျိုးဖြစ်နေတယ်။ သူများနိုင်ငံမှာ လုပ်တဲ့  ရုပ်ရှင် ပွဲတော်လေးတွေမှာ သွားပြနိုင်ဖို့ ကြိုးစားလာကြတယ်။ ပြည်ပနိုင်ငံက ၀ယ်ယူတဲ့ မြန်မာဇာတ်ကား မရှိသေးဘူး။ အာဏာပိုင်တွေဘက်က ဘာမှန်းမသိဘဲ တခါတလေ ကန့်သတ်ချက်တွေ သိပ်များတာက ဖန်တီးခွင့်တွေမှာ အနှောင့်အယှက် ဖြစ်စေတယ်”ဟု ၎င်းက ပြောသည်။

ပြိုင်ပွဲဝင် တဦးလျှင် ဇာတ်ကားတကားနှုန်း တင်ပြခွင့်ရပြီး မည့်သည့် ရုပ်ရှင်ပွဲတော်တွင်မှ မပြရသေးသည့် ကားသစ်ဖြစ်ရမည် ဟု စည်းကမ်းသတ်မှတ်ထားကြောင်း၊ ရွေးချယ်ခံရလျှင် ဂျပန်မှ ဆုလက်မှတ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသို့ မြန်မာအပါအ၀င် တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်နိုင်ငံများမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်