သားဂျာနယ်ကျော် ကွယ်လွန်

E-mail Print
ကဗျာဆရာ၊ စာရေးဆရာ မိုးဟိန်း (သားဂျာနယ်ကျော်) ၆၈ နှစ်သည် ယနေ့နံနက် ၉ နာရီခန့်က ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် ကွယ်လွန် သွားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် မေလကတည်းက ဦးမိုးဟိန်းသည် လည်ချောင်း ကင်ဆာ ရောဂါဝေဒနာ ခံစားနေရပြီး ယင်းရောဂါနှင့်ပင် ကွယ်လွန်သွားကြောင်း တူဖြစ်သူ ကိုသိန်းစိုးက ပြောသည်။ 

umoehein“ကဗျာ စာအုပ်တွေရော၊ ကင်ဆာနဲ့ ပတ်သက်တဲ့ စာအုပ်တွေရော မဆုံးခင် ရေးသွားသေးတယ်။ စာအုပ်တွေတော့ မထုတ် ရသေးဘူး။ ရေးလက်စ ကျန်တဲ့ စာအုပ်တော့ မရှိဘူး”ဟု ကိုသိန်းစိုးက ဆိုသည်။

၂၀၀၉ ဒီဇင်ဘာလထုတ် ကလျာ မဂ္ဂဇင်း၌ လည်ချောင်း ကင်ဆာ ဖြစ်နေပြီဟု သိလိုက်ရချိန်တွင် ခံစားချက်ကို ရေးသား ထားသည့် “အကယ်၍များ ... ကျနော်နှင့် ကင်ဆာ” ဆောင်းပါးတွင် ဓာတ်ရောင်ခြည်ကင်ရန် အားရှိစေရေး အတွက် အာဟာရ လိုသော်လည်း သက်သတ် လွတ်စားသည့် အဓိဋ္ဌာန်ကို မဖျက်ခဲ့ကြောင်း ရေးသားထားသည်။

ဆောင်းပါးထဲတွင် “ပြောရလျှင် ကျနော် သက်သတ်လွတ် နေ့စဉ် စားလာသည်မှာ အနှစ် ၂၀ ပြည့်ပါတော့မည်။ ၁၉၈၉ ခု၊ နိုဝင်ဘာလမှာ စ အဓိဋ္ဌာန်ယူစဉ်က ကျန်းမာနေသမျှ စားပါမည်ဟု အကန့်အသတ် မထားပေမယ့်၊ နှစ် (၂၀) ထဲ ၀င်နေသည်မို့ မထွက်ချင်” ဟု ဦးမိုးဟိန်းက ရေးထားသည်။

ဦးမိုးဟိန်းသည် ဘာသာရေးစာပေ နှင့် ဘာသာပြန် ဆောင်းပါးများ၊ ကဗျာများ ရေးသားခဲ့ပြီး သူသိမီလိုက်သော ဂျာနယ်ကျော် မိသားစုအကြောင်း၊ ငယ်ဘ၀မှ အမှတ်ရစရာများ၊ ခရီးသွား အတွေ့အကြုံများနှင့် စာပေရေးရာများ အစရှိသည်ဖြင့် ရေးသားခဲ့ သည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပစ္ဆိမာရုံ ဘုန်းကြီးကျောင်း ပညာဒါန သင်တန်းကျောင်းတွင်လည်း အင်္ဂလိပ်စာ သင်ကြားပေးခဲ့ သည်။

ဦးမိုးဟိန်းသည် ၂၀၀၆ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၂၁ ရက်နေ့အထိ သုံးလကြာ အမေရိကန်နိုင်ငံ အိုင်အိုဝါ တက္ကသိုလ်တွင် ပြုလုပ်သည့် ၃၉ ကြိမ်မြောက် The International Writing Program သို့ တက်ရောက်ခဲ့သည်။ 

ထိုတက္ကသိုလ်တွင် ဖတ်ကြားသော စာတမ်းများနှင့် အတွေ့အကြုံများကို “ပြင်ပ အိပ်မက်တခု” အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သေးသည်။

ဦးမိုးဟိန်းသည် ဂျာနယ်ကျော် ဦးချစ်မောင်နှင့် ဂျာနယ်ကျော် မမလေးတို့၏ အငယ်ဆုံးသားဖြစ်သည်။ ဦးချစ်မောင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ဗဟိုဦးစီးအဖွဲ့တွင် ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဂျာနယ်ကျော်စာစောင်ကို စတင်ထုတ်ဝေသည်။ ဦးချစ်မောင် ကွယ်လွန်ပြီး နောက် ထုတ်ဝေသော “ဂျာနယ်ကျော် ဦးချစ်မောင်၏ နေ့စဉ်မှတ်တမ်း”၊ “သူ” စာအုပ်များမှာ ထင်ရှားသည်။

ဂျာနယ်ကျော် မမလေးသည်လည်း မြန်မာနိုင်ငံ အမျိုးသမီး ကလောင်ရှင်အသင်း ဒု ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာပေကလပ် အတွင်းရေးမှူးချုပ် စသဖြင့် ဆောင်ရွက်ခဲ့ပြီး ဂျာနယ်ကျော် စာစောင်တွင် ဦးစီးလုပ်ကိုင်ခဲ့သည်။ ဂျာနယ်ကျော် မမလေး ၏“သွေး”၊ “သူလိုလူ” စသည့် ဝတ္ထုများမှာ ထင်ရှားသည်။

စာရေးဆရာ၊ ကဗျာဆရာ မိုးဟိန်း၏ ရုပ်ကလာပ်ကို စနေနေ့ နံနက် ၁၁ နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဟု သိရပြီး ကွယ်လွန်ချိန်တွင် ဇနီး၊ သားတဦးနှင့် သမီးတဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်