ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဥရောပကော်မရှင်ထံ ဦးတင်ဦး စာပို့

E-mail Print
ပြည်တွင်းမှ ရွေးကောက်ပွဲ ထောက်ခံသူများနှင့် ဥရောပ အခြေစိုက် အဖွဲ့အစည်းတခု၏ ဆက်စပ်မှုနှင့် စပ်လျဉ်း၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဦးတင်ဦးက ဥရောပ ကော်မရှင်ထံ အိတ်ဖွင့်ပေးစာတစောင် မကြာသေးမီက ပေးပို့ခဲ့ ကြောင်း သိရသည်။

u-tin-oo-irrawaddyပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဦးတင်ဦး၏ ဥရောပ ကော်မရှင် မြန်မာပြည် တာဝန်ခံ မစ္စတာ အင်ဒရီယာလစ် (Andreas List) ထံ ပေးစာတွင် “ဥရောပ ကော်မရှင် အနေဖြင့် စစ်အစိုးရ ကိုယ်စား ဝါဒ ဖြန့်နေသူများနှင့် လက်တွဲ လုပ်ဆောင်နေမှုများ မရှိကြောင်း ရှင်းရှင်း လင်းလင်း သိသာနိုင်စေရေး အတွက် လိုအပ်သလို ဆက်လက် ဆောင်ရွက်ပါရန် မိမိတို့က လေးလေး နက်နက် တိုက်တွန်း အပ်ပါသည်” ဟု  ပါရှိသည်။

ဂျာမန် ဆိုရှယ် ဒီမိုကရက် ပါတီနှင့် ဆက်စပ်မှုရှိသော ဂျာမန် NGO အဖွဲ့ Friedrich-Ebert-Stiftung (FES) သည် မြန်မာ့ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့၌ ဘာလင်မြို့တွင် ကျင်းပခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ ရွေးကောက်ပွဲကို ထောက်ခံသည့် မြန်မာပြည်တွင်းမှ ကိုယ်စားလှယ်များ၊ ဂျာမန်ပညာရှင်များနှင့် ပြည်ပရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ အပါအဝင် လူ ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲ မတိုင်မီ ဦးတင်ဦးက မစ္စတာ အင်ဒရီယာလစ်ထံ စာပေးပို့ခဲ့ခြင်း ဖြစ်ပြီး စာထဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ ၅ ခု၏ ပါတီမှတ်ပုံတင်ခွင့်ကို ရုပ်သိမ်းခဲ့ကြောင်း၊ ထိုပါတီများမှာ ကော်မရှင်ခွင့်ပြု ချက်ဖြင့် တည်ထောင်ခဲ့သည့် ပါတီများဖြစ်ကြောင်း၊ ထို့ကြောင့် FES အနေနှင့် မြန်မာပြည် ရွေးကောက်ပွဲမှတဆင့် နိုင်ငံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အခင်းအကျင်းများ ပိုမို ထွက်ပေါ်လာနိုင်သည်ဟု မည်သည့် အထောက်အထားများ ရှိသဖြင့် ပြောပါသနည်း ဟုလည်း ဦးတင်ဦးက မေးခွန်းထုတ်ထားသည်။

ဘာလင်ဆွေးနွေးပွဲသို့ ရွေးကောက်ပွဲထောက်ခံသည့် မြန်မာပြည်တွင်းမှ အဖွဲ့ကို NGO အဖွဲ့တခုဖြစ်သော International Development Enterprise မှ ဒေါက်တာ ခင်ဇော်ဝင်းနှင့် လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃ ဦးတို့ တက်ရောက်ခဲ့သည်။

ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အတွင်းရေးမှူး ဦးအောင်ထူးက “ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမယ့် ပြည်သူ့လွှတ်တော်နဲ့ ပတ်သက်တာတွေကို ကျနော်တို့ ဆွေးနွေးဖြစ်ကြပါတယ်။ ရွေးကောက်ပွဲကတော့ အခုထိ တရားဝင် မဖြစ်သေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

“လက်ရှိနိုင်ငံရေး အခြေအနေအပေါ် အကောင်းဘက်က ရှုမြင်ကြောင်း၊ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိပေမယ့် ရွေးကောက်ပွဲက ဒီမိုကရေစီရေးအတွက် အခွင့်အလမ်းတခုဖြစ်ကြောင်း ဒေါက်တာ ခင်ဇော်ဝင်းက ပြောသွားပါတယ်။ ရွေးကောက်ပွဲကနေ တဆင့် နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ သူက ယူဆတယ်” ဟု ဦးအောင်ထူးက ဆိုသည်။

ဆွေးနွေးပွဲသို့ တက်ရောက်သူများ၏ သမာသမတ်ကျမှုနှင့် ပတ်သက်၍ ပေးစာထဲတွင် ဦးတင်ဦးက ဒေါက်တာ ခင်ဇော်ဝင်းကို  စစ်အစိုးရအပေါ် မည်သို့ ဝေဖန်မှုနှင့် မည်သည့် လူ့အခွင့်အရေးအတွက် ကြိုးပမ်းမှုများအတွက် ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူဟု သတ်မှတ်နိုင်ပါသနည်းဟု မေးခွန်းထုတ်ထားသည်။

တဆက်တည်းတွင် Myanmar Egress မှ ဒေါက်တာ နေဝင်းမောင်သည် တသီးပုဂ္ဂလအနေနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းလော သို့မဟုတ် “စစ်အစိုးရ၏ မိတ်ဆွေရောင်းရင်းတွေနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကြားက ပွဲစားလား” ဟု ဦးတင်ဦးက မေးမြန်းထားသည်။

အမည်မဖော်လိုသူ ဂျာနယ် အယ်ဒီတာတဦးက “Myanmar Egress က NDF နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတာတို့၊ NDF အတွက် ပါတီကိုယ်စားလှယ်တွေ ခန့်ပေးတာတို့ ဆိုတာတွေက ရန်ကုန်မှာ အားလုံးသိနေကြတဲ့ ကိစ္စပဲလေ” ဟု ဧရာဝတီသို့ ပြောသည်။

မစ္စတာ အင်ဒရီယာလစ် အနေဖြင့် ဤဆွေးနွေးပွဲသို့ တက်ရောက်ပါက စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ရန် တရားဝင်နည်းလမ်းတခုအဖြစ် အများက ယူဆထားသော ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် ဥရောပကော်မရှင်က တွန်းအားပေးသကဲ့သို့ ဖြစ်နိုင်သည်ဟု ဦးတင်ဦးက ပေးစာထဲတွင် ထောက်ပြသည်။

FES သည် ရန်ကုန်အခြေစိုက် Myanmar Egress ၊ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် ဥရောပ-မြန်မာရုံး (Euro-Burma Office) တို့နှင့် လုပ်ငန်းများ ပူးတွဲ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ဥရောပ-မြန်မာရုံးကို မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏သား ဦးဟန်ညောင်ဝေက ဦးဆောင်သည်။

FES ၏ မြန်မာနိုင်ငံ စီမံကိန်း ညွှန်ကြားရေးမှူး ပေါလ်ပါ့ရှ် (Paul Pasch) က ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ ရန်ကုန်မြို့၌ ကျင်းပသော နှုတ်ဆက်ပွဲ အခမ်းအနားတွင် FES ၏ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ဖူးသည်။

ပြောကြားချက်တွင် FES အနေဖြင့် မြန်မာပြည်ရှိ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်မှုများ ရှိကြောင်း၊ ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် အစိုးရအရာရှိများအား ဘရပ်ဆဲလ်နှင့် စထရပ်ဘော့ မြို့များသို့ လေ့လာရေးခရီး သွားနိုင်ရန် စစ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာ
လေ့လာရေးဌာန(MISIS) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။

FES သည် စစ်အစိုးရနှင့် ဆက်စပ်သည့် MRTV-4 ၊ မန္တလေး City FM တို့နှင့်လည်း ပတ်သက်ဆက်စပ်မှုများ ရှိခဲ့သည်ဟု သိရသည်။

ဘာလင် ဆွေးနွေးပွဲအတွင်း ဂျာမနီနိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၁၅ ဦးခန့်က ရွေးကောက်ပွဲထောက်ခံသည့် အစုအဖွဲ့အား စစ်အစိုးရ၏ အသုံးချခံများဟုဆိုကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ဘာလင်ဆွေးနွေးပွဲ ကန့်ကွက်ဆန္ဒပြမှုအား စီစဉ်ဆောင်ရွက်ခဲ့သည် ဘာလင်အခြေစိုက် မြန်မာဌာန (Burma Bureau) ၏ ပြောခွင့်ရပုဂ္ဂိုလ် ကိုအောင်သန်းဦးက “မြန်မာနိုင်ငံက လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအတွက် သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို ကျနော်တို့ အားပေးထောက်ခံပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကို ထောက်ခံဖို့ ဂျာမန် အစိုးရကို စည်းရုံးတာကိုတော့ ကျနော်တို့ လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရက ရွေးကောက်ပွဲကို စီမံနေလို့ပဲ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

FES သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကို ရန်ပုံငွေ ထောက်ပံ့သည့်အပြင် စစ်အစိုးရ၏ အမာခံများကို ဥရောပသမဂ္ဂအတွင်း စည်းရုံးရေးခရီးစဉ်အတွက် ဖိတ်ကြားသည်ဟုလည်း မြန်မာဌာနက စွပ်စွဲထားသည်။

သို့ရာတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ FES ရုံးခွဲကမူ ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ တုံ့ပြန်ပြောဆိုရန် ငြင်းဆိုခဲ့ သည်။

ဘာလင်ဆွေးနွေးပွဲနှင့် ပတ်သက်၍ Mingalar Myanmar မှ ဒေါက်တာ ဖုန်းဝင်းနှင့် ဒေါ်ယုဇာမော်ထွန်းအပါအဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၈ ဦးကလည်း စက်တင်ဘာ ၁၅ ရက်နေ့၌ ကြေညာချက်ထုတ်ခဲ့သည်။

ယင်းကြေညာချက်ထဲ၌ ဤကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းကြောင့် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများကြား ပဋိပက္ခကြီးထွားပြီး  စိတ်ဝမ်းကွဲစေကြောင်း၊ ပြည်ပအဖွဲ့အစည်းများက တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ဝင်ရောက်နှောင့်ယှက်ခြင်းမှာ မြန်မာ့နိုင်ငံရေး အနာဂတ်ကို ကြီးကျယ်စွာ အဖျက်အဆီး ဖြစ်စေသည်ဟု ဖော်ပြထားသည်။

Myanmar Egress နှင့် Mingalar Myanmar ကဲ့သို့သော NGO များသည် ရွေးကောက်ပွဲနီးကပ်လာသော ယခုကဲ့သို့ အချိန်မျိုးတွင် နိုင်ငံရေး၌ ပွင့်ပွင့်လင်းလင်း ပါဝင်ဆောင်ရွက်မှုများ ရှိလာကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသူများက ဆိုသည်။

Mingalar Myanmar အဖွဲ့သည်လည်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီး ဒေါက်တာ ဖုန်းဝင်းနှင့် ဒေါ်ယုဇာမော်ထွန်းတို့လည်း တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်ကြမည်ဖြစ်သည်။

Myanmar Egress အဖွဲ့တွင် ဦးဆောင်နေသူများသည် စစ်အစိုးရ ခေါင်းဆောင်ပိုင်းများ၊ ၎င်းတို့၏ ကျောထောက်နောက်ခံ စီးပွားရေးသမားများနှင့် နီးစပ်မှုရှိသည်ဟု သိရသည်။

Myanmar Egress ၏ အမှုဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေသည် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် လှမြင့်ရွှေနှင့် ညီအစ်ကို တော်စပ်သူဖြစ်သည်။

ဦးလှမောင်ရွှေသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ခဲ့ခြင်းအတွက် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်သက်မန်း တို့နှင့်အတူ သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်တွင် ဂုဏ်ပြုခြင်း ခံရသူဖြစ်သည်။

ဝေမိုးနှင့် လဝီဝမ် ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်