“ရွေးကောက်ပွဲ ရန်ပုံငွေတဲ့၊ တအိမ်ကို ကျပ် တထောင်ဆိုပြီး ကောက်တယ်။ ရွာတွေမှာ ကျတော့ ၅၀၀ ဆိုပြီး ကောက်တယ်။ ရွေးကောက်ပွဲအတွက် ဘာမှ ကောက်စရာမလိုဘူးဆိုပြီး ပြောကြတော့ ကြက်ဆူပင် စိုက်ဖို့ဆိုပြီး ခေါင်းစဉ်ပြောင်း ကောက်တယ်။ တချို့ရွာလေးတွေမှာ မထည့်တဲ့သူကို ခြိမ်းခြောက်တယ်” ဟု ကမ္မ ရွာခံတဦးက ဧရာဝတီသို့ ပြောသည်။
ရွာသားတချို့မှာ ကြောက်ရွံ့၍ ငွေထည့်ကြသော်လည်း တချို့ကမူ ခြိမ်းခြောက်မှုများကို အာခံ၍ မထည့်ဝင်ကြဟု သူကဆိုသည်။
ထို့အတူ ကြံ့ဖွံ့ပါတီဝင်များက ၎င်းတို့ပါတီသို့ဝင်ရန် အဓမ္မ စည်းရုံးမှုများကိုလည်း ပြုလုပ်နေသည်ဟု တခြား ရွာခံတဦးက ဆိုသည်။
“ကြံ့ဖွံ့တယောက်ကို ပါတီဝင်ကတ် ၂၀ ပေးထားတယ်။ အဲဒီ အပေါ်မှာ သူတို့စည်းရုံးတဲ့ အရပ်က အိမ်ထောင်ဦးစီးကနေ အိမ်သားတွေရဲ့ နာမည်၊ မှတ်ပုံတင်၊ နေရပ်တွေ ရေးပြီးသား။ အဲဒါတွေကို အိမ်ပေါက်စေ့ လိုက်ဝေပြီး လက်မှတ် အတင်း ထိုးခိုင်းတယ်” ဟု သူကပြောသည်။
ကျေးရွာလူထုအနေဖြင့် ထိုသို့ ပြုလုပ်နေခြင်းအပေါ် မကျေမနပ်ဖြစ်နေကြပြီး မိမိကိုယ်တိုင် မသိလိုက်ဘဲ ကြံ့ဖွံ့ပါတီဝင်များ ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။
ထို့အတူ ယမန်နေ့ကလည်း ပခုက္ကူခရိုင်အတွင်းရှိ ကျောင်းများမှ မန္တလေးတိုင်း ဇီးပင်ကြီးရှိ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေး မွမ်းမံ သင်တန်းကျောင်းသို့ သွားမည့် ကျောင်းဆရာ၊ ဆရာမများကို ကြိုတင်မဲများ ကောက်ယူခဲ့သည်ဟု ဆရာမတဦးက ဆိုသည်။
“မြို့နယ်ရုံးမှာ သွားထည့်ရတာ။ မဲပေးတော့ ဘာပေးရမှန်းမသိတော့ ပါတီနာမည်တခုကို ထည့်လိုက်တာပေါ့။ အဲဒါကို စာအိတ်ပေါ်မှာ မဲပေးတဲ့သူရဲ့ နာမည်နဲ့ ကျောင်း၊ အဆင့်၊ လိပ်စာတွေ ရေးလိုက်တော့ ကြောက်ပြီး ကြံ့ဖွံ့ကိုပဲ ပြန်ထည့် လိုက်ရတယ်” ဟု အဆိုပါ ဆရာမက ပြောသည်။
ထိုသို့ ပြုလုပ်နေခြင်းများသည် လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှု မရှိမည်ကို ပြသ နေခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။
လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စစ်အစိုးရက ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ ရွေးကောက်ပွဲတွင် စစ်အစိုးရဝန်ကြီးချုပ်ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီ သည်လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
< Prev | Next > |
---|