ဂီရိ မုန်တိုင်းကြောင့် သေဆုံးသူ ၈၄ ဦးရှိလာ

E-mail Print
ရခိုင်ပြည်နယ်၌ အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိ (GIRI) ဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးသူ ၈၄ ဦး ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

မြေပုံမြို့နယ်တွင် သေဆုံးခဲ့သူ ဦးရေမှာ ၇၄ ဦးနှင့် ပေါက်တော မြို့နယ်တွင် ၁၀ ဦးထိ ရှိပြီဟု စာရင်းများ ရရှိထားကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP )၏ တာဝန်ရှိသူ တဦးက ပြောသည်။

cyclone-giri-burmaထိုသေဆုံးမှု စာရင်းသည် မြေပုံ မြို့နယ်နှင့်ပေါက်တော မြို့နယ်တို့မှ လက်ရှိရထားသော သေဆုံးသူဦးရေ ဖြစ်ပြီး ပျောက်ဆုံး နေသော လူအများအပြား ရှိသေးကြောင်းလည်း သိရသည်။

“မနေ့က ညနေ ၅ နာရီအထိ ရထားတဲ့သေဆုံးသူ စာရင်းပါ၊ နောက်ထပ်တိုးလာနိုင်မယ့် အနေအထားရှိပါသေးတယ်”ဟု မြေပုံမြို့နယ်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် RNDP ကိုယ်စားလှယ်လောင်း တဦးက ဧရာဝတီကို ပြော သည်။

မုန်တိုင်းနှင့်ပတ်သက်၍ လူအသေအပျောက်နှင့် အပျက်အစီး စာရင်းကို ယမန်နေ့က အထိ ဖော်ပြခြင်းမရှိခဲ့သော စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစာတွင် မြေပုံမြို့၌ သေဆုံးသူဦးရေ ၂၂ ဦး၊ ပျောက်ဆုံးနေသူ  ၁၅ ဦး ဟု ရေးသားထားသည်။

ထို့အပြင် အိမ်ခြေ ၂၀၈ လုံး၊ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၄ လုံး၊ စာသင်ကျောင်း ၈ ကျောင်း နှင့် စက်လှေ အစင်း ၈၀ နစ်မြှုပ်သွားသည်ဟု လည်းဖော်ပြထားသည်။

စစ်အစိုးရ၏ အမျိုးသား သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီက မုန်တိုင်းဖြတ်သန်းမည့်ဦးတည် ရာ လမ်းကြောင်းများရှိ ပြည်သူများအား ဘေးလွတ်ရာသို့ ကြိုတင်လုပ်ပေးထားခဲ့၍ သေကြေပျက်စီးမှု နည်းပါးရခြင်း ဖြစ်သည် ဟုလည်း စစ်အစိုးရ ကြေးမုံ သတင်းစာ က ရေးသားထားသည်။

မြေပုံ ဒေသခံ တဦးကမူ“အစိုးရ မီဒီယာတွေက မနက်ပိုင်းပြောတော့လည်း တနာရီ မိုင် ၅၀၊ ညနေသတိပေးတော့လည်း တနာရီ မိုင် ၅၀ ပဲ ပြောနေတာ၊ တကယ် လေတိုက်တော့ မိုင် တရာကျော်တယ်”ဟု ပြောသည်။

ရန်ကုန်အခြေစိုက် NG0 များကလည်း ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ ကျွန်းငယ်များ၏ အသေအပျောက် စာရင်းများကို သိရှိရန် ခက်ခဲနေသေးကြောင်း၊ နောက်ထပ် တိုးလာနိုင်ဖွယ် ရှိကြောင်း ပြောဆိုကြသည်။

ရန်ကုန်သတင်းရပ်ကွက်၏ ပြောဆိုမှုများအရ လေဘေးသင့် ဒေသများသို့ နိုင်ငံတကာ NG0 အဖွဲ့များကို သွားခွင့်မပြု သေးကြောင်းသိရပြီး တချို့ကို စစ်တွေ ဒေသသို့သာ သွားလာခွင့်ပြုကြောင်းသိရသည်။

ဂီရိမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းတလျှောက်ရှိ မြေပုံ၊ ကျောက်ဖြူ၊ အမ်း၊ ပေါက်တော၊ မင်းပြား၊ စစ်တွေ၊ မာန်အောင်၊ ရမ်းဗြဲ၊ ပုဏ္ဍားကျွန်း စသည့် မြို့နယ်များကို တနာရီလျှင်  မိုင် ၁၂၀ ၀န်းကျင် လေတိုက်နှုန်း ဖြင့်ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း မိုးလေ ၀သ နှင့် ဇလဗေဒ ဦးစီးဌာန၏ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင် ဦးဆောင်သည့် မိုးလေ၀သ လေ့လာရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုမြို့နယ်များအနက် မြေပုံ မြို့နယ်သည် ပျက်စီးထိခိုက်မှု အများဆုံးဟု ရခိုင်ဒေသခံများ ကပြောသည်။

လေဘေးသင့် ဒေသများတွင် ယခုအခါ သောက်သုံးရေမလုံလောက်ခြင်း၊ ဆန်ပြတ်လပ်ခြင်း၊ နေထိုင်စရာ မရှိခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသေးကြောင်း၊ သောက်သုံးရေ မသန့်ရှင်း၍ နောက်ဆက်တွဲ ရောဂါဖြစ်ပွားလာမည်ကို ဒုက္ခ သည်များ က စိုးရိမ်နေကြကြောင်းလည်း ဒေသခံများက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်